ကွပ်ကဲရေးမှူး
PDF အထူးတိုင်းစစ်ဌာန
နွေဦးတော်လှန်ရေး တပ်တွေအားလုံးပေါင်းစုစည်းပြီး စစ်တပ်ကို ထိုးစစ်ဆင်နိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေရှိပါသလဲ။

Public Service Announcement
ရဲဘော်အောင်စံံရှား– ပထမဦးဆုံးပြောလိုတာကတော့ ဒီလိုတပ်ဖွဲ့ တပ်ပေါင်းစုတခုဖွဲ့နိုင်တာ အပြည့်အ ဝ ကြိုဆိုရမယ်။ ရှေ့မှာလည်း NUG ရဲ့ MOD PDF ဆိုပြီးဖြစ်လာတာသည် တကယ်တမ်း ကျတော့ အကုန်လုံးကို ပြုစုပျိုးထောင်ပြီးတော့မှ ကျတော်တို့ ဖြစ်လာခဲ့ရတာမဟုတ်ဘူး။ တနိုင်ငံလုံး မြောက်ပိုင်းရော၊ တောင်ပိုင်း၊ အလယ်ပိုင်း၊ အားလုံးမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေကို စုပြီးတော့မှ PDF, MOD, NUG ဆိုပြီး ကွပ်ကဲမှုခံယူပြီး ဖြစ်လာတာပေါ့နော်။ ရှေ့မှာ ဒီလုပ်ငန်းတွေက NUG, MOD ဆိုရင်လည်း အစဉ်တစိုက်ကြိုးစားလုပ်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်တယ်။ အဲဒီမှာမှ အကြောင်းအမျိုးမျိုးကြောင့် NUG, MOD ရဲ့ ကွပ်ကဲမှု မဝင်သေးတဲ့ တပ်တွေကို ဒါ အဓိကကျတဲ့ KNDF လိုတပ်တွေကနေဦးဆောင်ပြီးတော့ ဗိုလ်ချုပ် ခွန်ဘီထူးတို့ကနေ ဦးဆောင်ပြီးတော့မှ တပ်ပေါင်းစုဖွဲ့နိုင်တဲ့အတွက် ကြိုဆိုတယ်။ ဒါ ဖြစ်ကို ဖြစ်ရမယ့် အခြေအနေတစ်ခုပေါ့နော်။
ဒီမှာ ကျွန်တော်တို့ တစ်ခုတွေ့ရတာကတော့ ဒီတပ်တွေသည် နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တပ်တွေအဓိကဖြစ်တယ်။ အဲတာကို ကျွန်တော်တို့ တွေ့ရတယ်။ နောက်တစ်ခုက ဒီ SRA ရဲ့ ရှေ့မှာ ထုတ်ပြန်ချက် သူတို့ရဲ့ အင်တာဗျူးတွေမှာ သူတို့ပြောတာရှိတယ်။ ဒီအဖွဲ့တွေသည် ဒီကြားကာလအခြေအနေမှာ NUG ကို ကြားကာလအစိုးရတစ်ခုအနေနဲ့ အသိအမှတ်ပြုတယ်ဆိုတဲ့ အဖွဲ့တွေဖြစ်တယ်။ သေချာတာကတော့ ကျွန်တော်တို့က NUG MOD အောက်မှာ ကွပ်ကဲမှုခံယူ ထားတဲ့ တပ်တွေမဟုတ်သော်လည်းပဲ NUG, MOD နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ တပ်တွေဖြစ်တယ်။ NUG ကိုလည်း ကြားကာလ အစိုးရတစ်ရပ်အနေနဲ့လည်း အသိအမှတ်ပြုတဲ့ တပ်တွေလည်း ဖြစ်တယ်။ ပြီးတော့ မြေပြင်မှာလည်း အတူတူ ပေါင်းပြီးတော့ တိုက်ထားဖူးပြီးသားတပ်တွေ ဖြစ်တယ်။ ဒီလို ပေါင်းစည်းနိုင်ဖို့အတွက် စိန်ခေါ်မှုတွေက ဘာတွေရှိမလည်းဆိုတော့ ဒီတပ်တွေကို တကယ် စုစည်းခဲ့တဲ့ ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက သူတို့ပိုအသိဆုံးဖြစ်မယ်။
ကျွန်တော်မြင်တာက တော့ ကျွန်တော်တို့ထပ်ပြီးတော့ စုစည်းနိုင်ဖို့ပဲလိုတယ်။ သေချာတာက ဒီမှာလာ စုစည်းတဲ့တပ်တွေသည် ကိုယ်ကျိုးစီးပွားမဖက်ပဲနဲ့ တကယ်မြေပြင်မှာတိုက်နေတဲ့ အဖွဲတွေဖြစ်တယ်။ ဒီမှာထပ်ပြီးတော့ အင်အားစုတွေ ပေါင်းစည်းနိုင်ဖို့ဆိုရင် တကယ့် စိန်ခေါ်မှုအခက်အခဲတွေသည် မြေပြင်မှာ ကျွန်တော်တို့ရဲ့ ရင်ဆိုင်ရမှာကတော့ ကိုယ့်မှာရှိနေတဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေ ပြီးရင်ဖိအားတွေ ဒီဟာတွေကို လွန်ဆန်ပြီးတော့မှ ဒီမှာလာပြီးတော့ ပေါင်းနိုင်ဖို့လိုတယ်။ ပေါင်းမယ်ဆိုလို့ရှိရင် NUG MOD အောက်မှ မဟုတ်ဘူး။ SRA အောက်မှာလည်း အဆင်ပြေတယ်။ ERO အောက်တွေမှာလည်း အဆင်ပြေတယ်။ စိန်ခေါ်မှုတွေကတော့ ပြတ်ပြတ်သားသားနဲ့ ပေါင်းစည်းနိုင်ဖို့ပဲလိုတယ်။ အများကြီးတော့ ကျွန်တော်တို့ ဒီမှာ အခြားရပိုင်ခွင့် ရလိုခွင့်ဆိုတဲ့ ဟာမျိုးတွေ မစဉ်းစားဘဲနဲ့ ပေါင်းမယ်ဆိုရင်တော့ စိန်ခေါ်မှု အခက်အခဲတွေကို ဖြတ်ပြီးတော့ ဒီထက်ထပ်ပေါင်းနိုင်မယ်လို့ ကျတော်တို့ယုံကြည်တယ်။ နောက်ထပ်လည်းကျန်နေသေးတဲ့ အင်အားကြီးအဖွဲ့တွေရှိပါတယ်။ ဒီအဖွဲတွေလည်း ဒီမှာထပ်ပြီးတော့ လာပေါင်းနိုင်ဖို့အတွက် ကျတော်တို့ မျှော်လင့်ပါတယ်လို့။
SRA တပ်ပေါင်းစုပေါ်လာချိန်မှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်လဲ။ NUG, EROs တွေနဲ့ ဘယ်လိုပူးပေါင်းမှုတွေ လိုအပ်မလဲ။
ရဲဘော်အောင်စံံရှား– ကျွန်တော်တို့က ဒီ SRA ထဲမှာရှိတဲ့ တပ်တစ်ချို့တွေနဲ့လည်း မြေပြင်မှာ ပူးပေါင်းပြီးတော့ တိုက်ခဲ့ဖူးတာရှိတယ်။ သို့သော်လည်း တောင်ဖက်ခြမ်းမှာကျတော့ လက်ရှိ SRA မှာရှိတဲ့ တပ်တွေမှာ နည်းတာပေါ့နော်။ အဓိကက အလယ်ပိုင်းဒေသတွေမှာရှိတယ်။ မြောက်ပိုင်းဒေသတွေမှာ ပိုများတယ်။ ဆိုတော့ တောင်ပိုင်းမှာ လက်ရှိ ရှိနေတဲ့ ကျန်တဲ့ တပ်တွေကိုလည်း SRA အနေနဲ့ စုစည်းနိုင်ရင် ပိုကောင်းတယ်ပေါ့နော်။ ဒီမှာတစ်ခုရှိတာကတော့ SRA တပ်ဖွဲ့ဝင်တွေအနေနဲ့ မြေပြင်မှာ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်တဲ့အခါမှာ ကျွန်တော်တို့အဖွဲ့တစ်ခုတည်းရဲ့အောက်မှာ ကျတော်တို့ရှိနေဖို့မလိုဘူး။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျတော်တို့ရဲ့ Alliance တစ်ခုတော့ရှိနေဖို့လိုတယ်။ ကျွန်တော်တို့က နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ တပ်တွေမှာ NUG MOD တပ်တစ်ခု ကျတော်တို့ရှိပြီ။ နောက်ထပ်အခု SRA တစ်ခုရှိလာပြီ။ ကျွန်တော်ယုံကြည်တာကတော့ SRA တပ်ဖွဲ့သည် ဒီထက်ပို ခိုင်မာ တောင့်တင်းဖို့လိုတယ်။ ပိုမို စုစည်းနိုင်ဖို့လိုတယ်။ NUG MOD လို အားကောင်းလာလေ ပိုကောင်းလေပဲ။ ကျတော်တို့ စင်ပြိုင် ဖြစ်စရာမလိုဘူး။ တပ်ပြိုင် ဖြစ်စရာ မလိုဘူး။ စင်ပြိုင်ဖြစ်စရာမလိုဘူး။
ကျတော်တို့ NUG MOD လည်း နယ်မြေကိစ္စ၊ အခွန် ဘဏ္ဍာကိစ္စ၊ ကိုယ်ကျိုးစီးပွား စသဖြင့် ဒီဟာတွေကို ဘယ်တပ်တွေနဲ့မှ အငြင်းပွားခဲ့တာမရှိဘူး။ သေချာတာကတော့ SRA သည် အခုထက်ပို ခိုင်မာတောင့်တင်းလာအောင် ကျွန်တော်တို့ လုပ်လို့ရတယ်။ SRA ဆိုတဲ့ Alliance တစ်ခုအောက်မှာ ကျန်တဲ့တပ်တွေ ပေါင်းဖို့လိုတယ်။ အဲဒါတခုရှိဖို့လိုတယ်။ နောက်တခုက NUG MOD ရဲ့ စုစည်းမှုအောက်မှာ တခုရှိဖို့လိုတယ်။ နောက် ERO ရဲ့ စုစည်းမှုအောက်မှာ အမိန့်ကွပ်ကဲမှုအောက်မှာ ရှိဖို့လိုတယ်။ ဒါဆိုရင်တော့ ဒီသုံးခုလောက် ရှိလို့ရှိရင် ကျတော်တို့ တနိုင်ငံလုံးပေါ့ ပေါင်းစည်းနိုင်လို့ရှိရင် ကျွန်တော်တို့ ရဲ့ Command တခုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ထပ်ထပ်ပြီးတော့မှ SRA လိုမျိုးနောက်ထပ်တစ်ခုတွေ နောက်ထပ်တစ်ခုတွေပေါ့နော်။ SRA လိုဖြစ်လာမလား။ NUG MOD လိုဖြစ်လာမလား ဆိုတဲ့ဟာမျိုးကို ထပ်စုဖို့ကတော့ ဒီအချိန်က နောက်ကျပြီ။ ပြီးတော့ မလိုအပ်တော့ဘူးပေါ့နော်။
ဒီ SRA စုစည်းတာသည် တကယ်တမ်းကတော့ တော်လှန်ရေး ရဲ့ အချိန်ကောင်းတစ်ခုဖြစ်တယ်။ လိုအပ်တဲ့အချိန် တစ်ခုဖြစ်တယ်ပေါ့။ ဒီလို အချိန်မှာ ဒီမှာပဲ စုစည်းပြီးတော့မှ ကျွန်တော်တို့ အတူတူပေါင်းပြီးတော့ တိုက်လို့ရှိရင်ရပြီ။ ဒါပေမဲ့ ဒီမှာ တခု ကျတော်တို့မြင်တာကတော့ SRA ဖွဲ့သော်လည်းပဲ အပြည့်အဝတော့ အောင်မြင်မယ် စစ်ရေးတွေဖော်ဆောင်နိုင်လိမ့်မယ်လို့ တပ်အပ် ပြောလို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ အဖွဲ့ကြီးတခု ဖွဲ့လိုက်ပြီဆိုတဲ့ အခြေအနေမှာ ကျတော်တို့ အခုန ပြောတဲ့ ကျတော်တို့မှာရှိတဲ့ အင်အားတွေ၊ အရင်းအမြစ်တွေ ဒီဟာတွေက သူတို့အချင်းချင်း ကြားမှာ ညှိုနှိုင်းတိုင်ပင်ရဦးမယ်။ မျှဝေသုံးစွဲနိုင်ဖို့အတွက် သူတို့ စီစဉ်ရဦးမယ်။ နောက်တခုက အမိန့်ပေး ကွပ်ကဲမှုစနစ်ကို အသေအချာ တည်ဆောက်ရဦးမယ်။ အချင်းချင်းကြားမှာပဲ တည်ဆောက်ရမယ်။ အခု MOD NUG အောက်မှာရှိတဲ့ တပ်တွေ ဆိုလို့ရှိရင်လည်း တပ်တွေ များတယ်။ သို့သော်လည်း ဒီ COC အမိန့်ပေးကွပ်ကဲမှုနဲ့ ပတ်သက်ရင် တော်တော်လေးကိုမှ ဒါစေ့စပ်ညှိုနှိုင်း ပေါင်းစပ်ပြီးတော့ အပြန်အလှန် နားလည်မှု ထိန်းကြောင်းမှုတွေနဲ့ တစ်ဖက်မှာလည်း စက်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ COC တစ်ရပ်ကို ဝင်အောင်သွားကြရတာပေါ့။
နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တပ်တွေဖြစ်တဲ့ အခါကျတော့ တကယ့်နှစ်ရှည် လစာပေးထားတဲ့ တပ်တွေလိုတော့ တစ်ခါတည်း Command တန်းမဝင်ဘူး။ အဲတော့ သေချာတယ် အဲဒီ (၁၉) ဖွဲ့သည်လည်း ကျွန်တော်တို့က အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းမှာရအောင် တည်ဆောက်ရဦးမယ်။ အဲဒါ ပြီးသွားရင် နောက်တဆင့်အနေနဲ့ အခုနက ကျွန်တော်ပြောတဲ့ NUG MOD တပ်ခေါင်းဆောင်တွေနဲ့ ERO တပ်ခေါင်းဆောင်တွေနဲ့ နောက်အခု အခု SRA ခေါင်းဆောင်တွေအနေနဲ့သည် အားလုံးထပ်ပြီးတော့မှ Joint Command တခုမှာ ဝင်အောင်လုပ်နိုင်ဖို့ လိုမယ်လို့ ကျတော်ကမြင်တယ်။ ဥပမာ NUG MOD ဆိုရင်မြောက်ပိုင်းမှာ KIA လိုတပ်တွေနဲ့ MOD တပ်တွေနဲ့ ပေါင်းပြီးတော့ Joint Command တခုကို ခိုင်ခိုင်မာမာ တည်ဆောက် ထားနိုင်တယ်။ အဲဒီမှာ SRA ဝင်နိုင်ဖို့လိုတယ်လို့ ကျတော်ကမြင်တယ်။ ဝင်နိုင်လို့ရှိရင် တဖွဲ့တည်းဖြစ်သွားပြီ။ Joint Command တခုတည်းအောက်မှာ သွားနိုင်ပြီ။
အဲလိုပဲ တောင်ပိုင်းမှာ ဆိုရင်လည်း ကျတော်တို့ KNLA နောက်ပြီးလို့ရှိရင် KNPP စသည်ဖြင့်ပေါ့လေ။ ဒီတပ်တွေနဲ့ Joint Command တခုတည်ဆောက်ထားတာရှိတယ်။ အဲဒီမှာလည်း SRA က ဘယ်လိုပုံစံမျိုးနဲ့ ဝင်ရောက်နိုင်မလဲပေါ့နော်။ ဒီလို ဝင်ရောက်နိုင်ပြီဆိုရင် သေချာတယ် ကျတော်တို့ရဲ့ Joint Command တခု တည်ဆောက်နိုင်ပြီဆိုရင် ဒီသုံးဖွဲ့က လုံးဝအဆင်ပြေပြီ။ တော်တော်များများ တပ်တွေ စုံစုံလင်လင်နဲ့ တိုက်ပွဲတွေကို ဖော်ဆောင်နိုင်ပြီ။ အဲဒီ Joint Command တခုကို တည်ဆောက်နိုင်ပြီဆိုမှ အစောက SRA ထုတ်ပြန်ချက်ထဲမှာပါတာပေါ့နော်။ တကယ့်မဟာဗျူဟာကျတဲ့ စစ်ရေးရည်မှန်းချက်တွေ အဲဒါတွေကို အဆင့်ဆင့် မဟာဗျူဟာ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။ အဲတော့ တနိုင်ငံလုံးလွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင် စစ်ကောင်စီ ပြုတ်ကျဖို့ဆိုတဲ့ဟာကို လက်ကိုင်ထားမယ်ဆိုရင် ကျတော်တို့ NUG MOD တစ်ခုတည်းနဲ့လည်း မပြည့်စုံဘူး။ ERO တခုတည်းနဲ့လည်းမရနိုင်ဘူး။ SRA လည်းလိုဦးမယ်။ အဲတော့ ဒီသုံးဖွဲ့ သည် အသေအချာကို ပေါင်းစည်းပြီးတော့မှ အဖက်ဖက်ကနေ ပေါင်းစည်းပြီးတော့ လုပ်နိုင်ဖို့တော့လိုတယ်။ SRA အနေနဲ့ နောက်တစ်ဆင့် ကျွန်တော် ဆိုလိုချင်တာကတော့ NUG MOD တပ်တွေနဲ့ရော ERO တွေနဲ့ပါ သေချာခိုင်မာတဲ့ စစ်ဘက်ဆိုင်ရာပေါ့နော်။ အမိန့်ပေးကွပ်ကဲမှု Joint Command တစ်ခုကိုလည်း ထပ်ပြီးတော့ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်တယ်။ တည်ဆောက်နိုင်ဖို့လည်း လိုမယ်ပေါ့နော်။
စစ်တပ်ရဲ့ သွေးခွဲဖို့ကြိုစားမှုတွေ အပေါ်ဘယ်လိုမြင်သလဲ။ တပ်ပေါင်းစုပုံစံက စစ်တပ်ကိုတိုက်ဖို့ ဘယ်လောက်ထိ အထောက်အကူဖြစ်စေမလဲ။
ရဲဘော်အောင်စံံရှား– စစ်ကောင်စီကတော့ အမြဲတမ်း သွေးခွဲတဲ့နည်းကတော့ သူတို့သုံးနေကျပေါ့။ ဒါကိုပဲအဓိက သူတို့လုပ်ကြတယ်။ သေချာတာကတော့ ကျွန်တော်တို့ ဒီ နွေဦးတော်လှန်ရေး မှာပေါ်လာတဲ့တပ်တွေရော၊ တနိုင်ငံလုံးမှာရှိတဲ့ ERO တွေရော သွေးကွဲတဲ့ပုံစံမျိုးတော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးပေါ့နော်။ အဲဒီ အရိပ်အယောင်လည်း ဒီနေ့ဒီအချိန်ထိမရှိဘူး။ ဒါ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဒီနောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကနေပြီးတော့ ဒါမြောက်ပိုင်းညီနောင်သုံးဖွဲ့ပေါ့နော်။ အဓိကကတော့ MNDAA တို့ TNLA တို့သည် တရုတ်ရဲ့ ဒါ ကြားဝင် စေ့စပ်ညှိုနှိုင်းမှုနဲ့သော်လည်းကောင်း၊ ဖိအားပေးမှုကြောင့်သော်လည်းကောင်းပေါ့နော် စစ်ကောင်စီနဲ့ တစ်ချို့တစ်စိတ်တစ်ဒေသပေါ့နော် ပြန်ပြီးတော့ သဘောတူညီပြီးတော့ ဒါ အထိုက်အလျောက်ပေါ့နော် တစ်ချို့နေရာတွေမှာပြန်ပြီးတော့ပူးပေါင်းတဲ့ဟာတွေ ရှိတယ်။
ဒါပေမဲ့ ဒီမှာတစ်ခုပြောလိုတာကတော့ “ဝင်စတန်ချာချီ” ရဲ့ စကားနဲ့ပြောရလိုရှိရင် ကျွန်တော်တို့ စာချုပ်တွေနဲ့ သဘောတူထားတဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှ မတည်မြဲဘူးပေါ့နော်။ နယ်မြေပြန်ပေးလိုက်ရတာတို့ဘာတို့ ဒီလိုမျိုးတွေရှိခဲ့ပေမယ့် တကယ့်မခံချိမခံသာ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ပုံစံ မျိုးလည်းရှိမှာပေါ့နော်။ လူမျိုးအရသော်လည်းကောင်း၊ နယ်မြေအရသော်လည်းကောင်း တစ်ဖက် အင်အားကြီးတဲ့ နိုင်ငံတွေရဲ့ ဖိအားကြောင့်သော်လည်းကောင်း ရှိကောင်းရှိလိမ့်မယ်။ သို့သော်လည်း သူတို့သည် စစ်ကောင်စီနဲ့ မဟာမိတ် ဘယ်တော့မှ ဖြစ်မသွားဘူး။ အဲလိုပဲ ကျတော်တို့နဲ့အတူတူ ဘယ်တော့မှ သွေးမကွဲသွားဘူး။ ကျတော် အဲလို ယုံကြည်တယ်။ လက်ရှိတော်လှန်ရေးလုပ်နေတဲ့ ERO တပ်တွေအကုန်လုံး ပြီးလို့ရှိရင် အခုဒီ SRA လိုမျိုးပေါ့နော်။ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ LDF (Local Defence Force) တပ်ဖွဲ့တွေ ပြီးတော့ MOD အောက်မှာရှိတဲ့ တပ်တွေ အကုန်လုံးသည် လုံးဝသွေးမကွဲဘူးပေါ့နော်။ သွေးကွဲစရာ အကြောင်းလည်းမရှိဘူး။
ဘာကြောင့်လဲဆိုတော့ အကုန်လုံး က စစ်ကောင်စီရဲ့ အကြောင်းကို အကုန်လုံးသိနေကြတယ်လေ။ စစ်ကောင်စီရဲ့ အဓိက လက်နက်က သွေးခွဲမှုလက်နက်ပဲ။ သို့သော်လည်း ကျွန်တော်တို့ဘယ်တော့မှ သွေးမကွဲဘူးပေါ့နော်။ ၁၀၂၇ စစ်ဆင်ရေးမှာဆိုရင် ၁၀၂၇ စစ်ဆင်ရေးနောက် ရှမ်းမန်းစစ်ဆင်ရေးပေါ့နော်။ ဒီစစ်ဆင်ရေးတွေမှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ရော MOD PDF တပ်ဖွဲ့တွေရောနောက် LDF (Local Defence Force) တပ်ဖွဲ့တွေရော အားလုံးပေါင်းပြီးလုပ်ကြတယ်။ အားလုံးပေါင်းပြီးလုပ်ကြတဲ့ အခြေအနေမှာ ကျွန်တော်တို့ အကုန်လုံးက သိနေကြပြီ။ တယောက်ရဲ့ အခြေအနေကို တယောက်သိနေကြပြီ။ သို့သော်လည်း အခု TNLA အကြောင်းအမျိုးမျိုးကြောင့် ဒီစစ်ကို အခုနကပြောသလိုပဲ စာချုပ်နဲ့ ကျတော်ထင်တာကတော့ ခေတ္တလို့ယူဆတာပေါ့။ လက်မှတ်ထိုးပြီးတော့မှ လောလောဆယ်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်သွားတဲ့ ပုံစံရှိတယ်။ အရင်တုန်းက TNLA နဲ့ ဒီမြောက်ပိုင်းမှာရှိတဲ့ PDF တပ်ဖွဲ့တွေနဲ့သည် အပြန်အလှန် လူအင်အား လက်နက်ခဲယမ်းအင်အား အရင်းအမြစ်တွေကို ဒါတွေကို မျှဝေပြီးတော့ သုံးစွဲကြတယ်။ အခုလည်း ကျတော်ထင်တယ်။ ဒီဟာတွေက အများကြီးရပ်တန့်သွားမှာ မဟုတ်ဘူးပေါ့နော်။
တယောက်နဲ့တယောက် တဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှုကတော့ ရှိနေပြီးသားပဲ။ အချိန်မရွေး ပြန်ပေါင်းတိုက်မယ်ဆိုရင် ကျတော်တို့မှာ ယုံကြည်မှုအခံရှိထားတဲ့အတွက် အချိန်မရွေး ပေါင်းစည်းဖို့လွယ်တယ်။ အဲတာက ကျွန်တော်တို့ တိတိပပ၊ တိတိကျကျ ပြောလို့ရတယ်။ မြေပြင်မှာ အတူတူတိုက်ခဲ့ဖူးတဲ့ ရဲဘော် တယောက်နဲ့တယောက်သည် နောက်ဆုံးမှာ အဖွဲ့ကွဲသွားလို့ ရန်ဘက်တွေဖြစ်နေရင်တောင်မှ အချိန်မရွေးပြန်ပေါင်းလို့ရတယ်။ ဥပမာဗျာ BGF ကနေပြီးတော့ နော် ဥပမာ DKBA ကနေပြီးတော့ BGF ခွဲထွက်သွားတယ်။ BGF ကနေ နောက်တခု ထပ်ခွဲထွက်သွားတယ်ဆိုရင်တောင် သူတို့သည်မြေပြင်မှာ အတူတိုက်ခဲ့တဲ့ BGF နဲ့ DKBA နဲ့ သို့မဟုတ်လို့ရှိရင်လည်း KNLA ကနေ DKBA ခွဲထွက်သွားတယ်။ KNLA နဲ့ DKBA နဲ့ အတူတူတိုက်ခဲ့ဖူးတဲ့ လူချင်း၊ တပ်ဗိုလ်တပ်မှူးချင်း အဖွဲ့ချင်းကတော့ ဘယ်တော့မှ ရန်မဖြစ်သွားဘူး။ ကရင်ပြည်နယ်မှာရှိတဲ့ လက်ရှိတပ်တွေပေါ့။ ကွဲပြားနေတဲ့ တပ်တွေရှိတယ်။ KNLA ,DKBA, BGF ပေါ့။ ကွဲပြားနေသည့်တပ်တွေသည် အခုအချိန်ထိ ရန်ဘက်ဖြစ်လားဆိုတော့ ရန်ဘက်မဖြစ်သေးဘူး။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုသည်ဘယ်လောက်ထိ ခိုင်မာလဲဆိုတာ အဲတာကိုပြောတာ။ ဒါက ကျွန်တော်ကနယ်မြေတစ်ခုမှာရှိတဲ့ တိုင်းရင်းသားအင်အားစုတစ်ခုတည်းမှာပဲရှိတဲ့ မတူညီတဲ့ တပ်ဖွဲ့တွေကိုပဲ ပြောတာ။
အဲတော့ ကျွန်တော်တို့ တနိုင်ငံလုံးမှာရှိတဲ့ တပ်ဖွဲ့တွေလည်း ဒီအတိုင်းပဲ။ ကျတော်တို့ အတူတူပေါင်းပြီး တိုက်ခဲ့ကြတယ်။ အတူတူပေါင်းပြီး တော်လှန်ခဲ့ကြတယ်။ အခြေအနေတစ်ခုကြောင့်သာ ကျတော်တို့က ရပ်တန့်နေတာရှိမယ်။ ခဏ လက်တွဲဖြုတ်တာရှိမယ်။ သို့သော်လည်း ကျတော်တို့ရဲ့ ယုံကြည်မှုသည် တပ်ပေါင်းစု အချိန်မရွေး ပြန်ဖြစ်လာနိုင်ဖို့အတွက် ကျတော်တို့ မှာ ယုံကြည်မှု ခိုင်မာထားပြီးသား။ အချိန်မရွေး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ တစုတစ်စည်းထဲပေါင်းလို့ရတယ်ဆိုတဲ့ဟာကိုတော့ ကျတော်တို့ အပြည့်အဝယုံတယ်။ အဲလိုပဲ ကျွန်တော်တို့ပေါင်းလာနိုင်တယ်။ MOD PDF တပ်ဆိုရင်လည်း အခုကျွန်တော်တို့ တချို့ PDF ရဲ့ ကွပ်ကဲမှု အောက်မှာပဲရှိတယ်။ MOD ကွပ်ကဲမှုအောက်မှာမရှိတဲ့ LDF (Local Defence Force) တပ်ဖွဲ့တွေလည်း အခု အချိန်ထိ ကျတော်တို့လာပေါင်းနေဆဲပဲ။ အဲလိုပဲ ကျတော်မြင်တာကတော့ SRA မှာလည်း နောက်ထပ် ထပ်ပြီးတော့ ပူးပေါင်းမယ့် အဖွဲ့တွေရှိနေတယ်လို့ ကျတော်တို့သိတယ်။ နောက် ERO တပ်ဖွဲ့တွေလည်းပဲ သူတို့မှာ ရှိထားပြီးသားအဖွဲ့တွေ က ပိုပြီးတော့ ခိုင်မာလာတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ အဖွဲ့တွေလည်း သူတို့ဟာသူတို့ ပေါင်းစည်းနေကြတာပဲ။ သေချာတာကတော့ ကျွန်တော်တို့ ပထမမှာ ကျတော်ပြောခဲ့သလိုပဲ ကိုယ့်ရဲ့ Alliance နဲ့ ကိုယ်ရှိနေမယ်ဆိုရင် အချိန်မရွေးပေါင်းလို့ရတယ်။ အချိန်မရွေး တိုက်လို့ရတယ်။ အဲဒီအတွက် ကျတော်တို့မှာ အတူတိုက်ပွဲဝင်ခဲ့တဲ့ ယုံကြည်မှုတွေရှိတယ်။
စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ ပြည်သူတွေ ဘယ်လိုသတင်းစကားတွေ၊ မြင်ရ၊ ကြားရဖို့ရှိလာမလဲ။
ကျွန်တော်တို့ လက်ရှိအထူးတိုင်းစစ်ဌာနအနေနဲ့ ဒီဘက်တောင်ပိုင်းပေါ့နော်။ အရင်တုန်းက စစ်ဒေသခွဲ (၃) မှာရှိတဲ့ တပ်တွေ အားလုံးနီးပါးကို စုပြီးတော့ တိုင်းစစ်ဌာတစ်ခုနအနေနဲ့ ကျတော်တို့ အသေအချာ ကျစ်ကျစ်လစ်လစ်နဲ့ ပြန်ပြီးဖွဲ့စည်းတယ်။ ဖွဲ့စည်းပြီးတော့လည်း လိုအပ်တဲ့ စုဖွဲ့မှု ဧရိယာတွေ ကျတော်ရှေ့မှာပြောခဲ့တယ်။ စစ်တောင်းမြစ်ဝှမ်းဆိုရင်မွန်ပြည်နယ် ပဲခူးတိုင်းပေါ့နော်။ မွန်ပြည်နယ် ပဲခူးတိုင်းမှာ အဓိကတပ်တွေကို အထိုင်ချတာပေါ့နော်။ အထူးသဖြင့်တော့ မွန်ပြည်နယ်၊ နောက်ကရင်ပြည်နယ်တပ်တွေပေါ့နော်။ နောက်ပဲခူးတပ်တွေ၊ ရန်ကုန်တပ်တွေ။ ဒီတပ်တွေကို စုစည်းလိုက်တဲ့ တိုင်းစစ်ဌာနတစ်ခုအဖြစ် ကျတော်တို့ရဲ့ စုဖွဲ့မှုရဲ့ ရည်ရွယ်ချက်သည် ရှေ့မှာ ကျတော်ပြောခဲ့သလို အဓိကကျတဲ့ COC နှစ်ရပ်ကို ခိုခိုင်မာမာနဲ့ စုတာပဲ။
အခု SRA ဖွဲ့သလိုပဲ PDF လည်းကျွန်တော်တို့ဖွဲ့ရတယ်ဆိုတာ အခုလို ပြန့်ကျဲနေတဲ့ ကွပ်ကဲမှု လွတ်နေတဲ့ တပ်ဖွဲ့တွေကို တစုတစ်စည်းထဲပုံစံနဲ့ စုဖွဲ့ရတယ်။ လက်ရှိကတော့ ကျတော်တို့စုဖွဲ့မှုသည် အင်အားစုဖွဲ့မှုကို ကျတော်တို့အရင်လုပ်ကြတယ်။ အင်အား စုဖွဲ့မှုဆိုတဲ့နေရာမှာ လက်ရှိကျတော်တို့မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မှာမှ နောက်ထပ် တိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မဝင်သေးတဲ့ LDF (Local Defence Force) တပ်ဖွဲ့တွေ၊ အခြားတပ်ဖွဲ့တွေပေါ့နော်။ အဲဒီတပ်ဖွဲ့တွေ ထပ်ဝင်လာဖို့အတွက် ကျတော်တို့ စုစည်းနေတာရှိတယ်။ အခုလည်းကျတော်တို့မှာ တရားဝင် ကွပ်ကဲမှုအောက်မှာ တပ်ရင်းနှစ်ရင်း နောက်ထပ်တိုးတာရှိတယ်။ အဲဒါလည်း ကျတော်တို့သတင်းမထုတ်ပြန်ရသေးဘူး။ နောက်ထပ်ထပ်ပြီးတော့ စုဖွဲ့ထားပြီးတော့မှ တရားဝင်အသိအမှတ်ပြုဖို့ တပ်ရင်းလေးရင်း ကျန်နေသေးတယ်။ သေချာတာကတော့ နံပါတ်တစ် ကျတော်တို့ရဲ့ အင်အားကိုတော့ ကျတော်တို့ ပိုကောင်းအောင်စုဖွဲ့နေတယ်။ တည်ဆောက်နေတယ်။
ကျတော်တို့ရဲ့ ဘဏ္ဍာငွေကြေး အရင်းအမြစ်ပိုင်းပေါ့နော်။ ဒါကိုလည်း ကျတော်တို့ပြင်ဆင်ရတယ်။ အရင်တုန်းကတော့ နွေဦးတော်လှန်ရေးစတဲ့အချိန် ကျတော်တို့က ရှိသမျှအင်အားနဲ့ စခန်းကုန်းတခုရရင်တစ်ခု၊ နှစ်ခုရရင်နှစ်ခု ဒီလိုမျိုးအကောင်အထည်ဖော်ကြတာပေါ့နော်။ ဒီနောက်ပိုင်းကတော့ ကျတော်တို့ အဲလိုမျိုးမရတော့ဘူး။ နောက်ပိုင်းမှာ အရင်တုန်းကလိုမျိုး စခန်းသိမ်းတိုက်ပွဲဆိုတာထက်ကို အကုန်လုံးပါလာမယ့်ထိုးစစ်ပေါ့နော်။ ဒီအတွက် အလားအ လာကောင်းတဲ့ ပြင်ဆင်မှုတွေကို လုပ်ရမယ်။ အဓိကကျမယ့်စစ်ဆင်ရေး ပစ်မှတ်တွေ စစ်ရေးပစ်မှတ်တွေ ပေါ့နော်။ MOD ကနေ လမ်းညွှန်ပေးတဲ့ စစ်ရေးပစ်မှတ်တွေ ဒီဟာတွေအတွက် ပဲ ကျတော်တို့ ပြင်ဆင်နေတယ်။ အဲဒီအတွက်ပဲ အကောင်အထည်ဖော်နေတယ်ပေါ့။
အခုလည်း ကျတော်တို့ စစ်ဆင်ရေး တွေဖော်ဆောင်နေတယ်။ ဒါသည် ရှေ့အတွက်လိုအပ်မယ့် အဓိက စစ်ဆင်ရေးတွေပဲဖြစ်တယ်။
အဆုံးပြောရလို့ရှိရင်တော့ တကယ့် အားလုံးပါဝင်တဲ့ အထွေထွေစစ်တစ်ခုဖြစ်လာတဲ့ အခြေအနေမှာ ကျတော်တို့ တကယ့်စစ်ဆင်ရေးလုပ်မှာသည် စစ်တောင်းမြစ်ဝှမ်းဖြစ်မယ်၊ ပဲခူးရန်ကုန်ဖြစ်မယ်၊ နေပြည်တော်လည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ကျတော်တို့ရဲ့အဓိကရည်မှန်းချက်သည် ကျတော်တို့ မြို့ပေါ် ကျတော်တို့ပြန်တိုက်မယ်။ ကျတော်တို့ ကျေးလက်တိုက်ပွဲတိုက်ခဲ့ပြီ။ ကျေးလက်ဒေသတွေမှာ နယ်မြေစိုးမိုးမှုတွေရပြီ။ ကရင်ပြည်နယ် ရပြီ။ မွန်ပြည်နယ် ရပြီ။ ပြည်နယ်တစ်ခုလုံးသိမ်းနိုင်တဲ့ အနေအထားမဟုတ်ပေမယ့် အဓိကကျတဲ့ စိုးမိုးမှု ကျတော်တို့ရပြီ။ အဲလိုပဲ မြို့ပြတွေကို ပြန်စိုးမိုးဖို့လိုတယ်။ အဲဒီအတွက်ကိုပဲ ကျတော်တို့အင်အား ကျတော်တို့မှာရှိတဲ့ အရင်းအမြစ်တွေကို ကျတော်တို့သုံးနိုင်ဖို့လိုတယ်။ အဲဒါကပဲ စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ဖြစ်မယ်ပေါ့နော်။ အဲဒီအတွက်ပဲ ကျွန်တော်တို့က တစ်နိုင်ငံလုံး မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို လိုက်ပြီးတော့ သိမ်းဖို့မဟုတ်ဘူး။ တိုင်းစစ်ဌာနတွေနဲ့ အဓိကကျတဲ့ ပစ်မှတ်ကြီးတွေကိုပဲ လိုအပ်တဲ့ ညွှန်ကြားတဲ့ ပစ်မှတ်တွေကိုပဲ ဆောင်ရွက်မယ်။ အခြားအဲလိုပဲ MOD လက်အောက်ခံ တိုင်းစစ်ဌာနတွေရော ERO တွေရော သူ့ကဏ္ဍနဲ့သူ ပါတင်ပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ဖို့ရှိမှာပေါ့။ အဓိကကတော့ မြို့သိမ်းတိုက်ပွဲတွေ ထပ်ပြီးတော့ဖော်ဆောင်ရမယ်။ အဲမှာမှ စစ်ကောင်စီရဲ့ အဓိကကျတဲ့ ပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ရမယ်။ အတူတူပေါင်းပြီးတိုက်ရမယ်ပေါ့။ အခု SRA ဖွဲ့စည်းလာတာသည်လည်း ဒီတစ်နိုင်ငံလုံးရဲ့ အထွေထွေ ထိုးစစ်နဲ့ အချိန်ကိုက်လို့ ကျတော်တို့ မြင်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျတော်တို့ NUG MOD ပေါ့ ပြီးတော့ ERO တပ်တွေလည်း ပူးပေါင်းပြီးတော့ ဒီစစ်ဆင်ရေးတွေကို ကျတော်တို့ တွဲပြီးတော့ ဆောင်ရွက်ဖို့ရှိပါမယ်လို့။ အဲတာလေးပါ။
တပ်ပေါင်းစုပုံစံနဲ့ တိုက်ပွဲဝင်နိုင်ဖို့ ဘယ်လောက်ခရီးရောက်နေပါပြီလဲ။
ရဲဘော်အောင်စံံရှား– ကျွန်တော် ဘယ်လောက်အထိ ခရီးရောက်ပြီလည်းဆိုတော့ ကျွန်တော် အမြင်အရဆိုရင် နွေဦးတော်လှန်ရေးစတဲ့ အချိန်ကနေ ဒီအချိန်အထိ လေးနှစ်ကျော် ငါးနှစ်နီးပါးရှိပြီပေါ့နော်။ ဒီလေးနှစ်ကျော် ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အင်အားတွေကို ကျတော်တို့ပြန်ကြည့်ရင် လက်ရှိ ကျတော်တို့ရဲ့ ERO တပ်ဖွဲ့တွေရော နောက်ပြီးတော့ MOD PDF တပ်ဖွဲ့တွေရော နောက် အခု SRA လိုမျိုးတပ်ဖွဲ့တွေပေါ့နော်။ ပြီးရင် ကျွန်တော်တို့အစုအဖွဲ့ထဲမှာ မပါတဲ့ တပ်ဖွဲ့တွေလည်းရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့အားလုံးရဲ့ အင်အားသည် လက်ရှိ စစ်ကောင်စီရဲ့ တစ်နိုင်ငံတိုက်ခိုက်ရေး အင်အားထက် ကျတော်တို့မှာ သာလွန်အင်အားရှိနေပြီ။ နောက်တခုက ကျတော်တို့ရဲ့ လက်နက်ခဲယမ်းအရင်းအမြစ်ပေါ့နော်။ ဒီဟာမှာတော့ ကျတော်တို့ အထိုက်အလျောက်တော့ အကန့်အသတ်ရှိတယ်။ သို့သော်လည်း ကျတော်တို့ရှိတဲ့ လူအင်အားနဲ့ ကျတော်တို့လက်နက်နဲ့ အခြေအနေကောင်းတစ်ခု ရှိနေတယ်ပေါ့နော်။ ခိုင်ခိုင်မာမာ အင်အားတောင့်တင်းမှုတစ်ခု ရှိနေတယ်။ ဒါကတော့ ကျတော်တို့ရဲ့ လက်ရှိ ခရီးရောက်နေတဲ့ အခြေအနေပေါ့နော်။
ဆိုတော့ ပြောရလိုရှိရင် ခရီးရောက်တယ်ဆိုတာထက်ကို ဘယ်အချိန်မှာ အဆုံးသတ်မလဲ၊ ဘယ်အချိန်မှာ ကျတော်တို့တိုက်ပွဲပြီးမလဲပေါ့။ အဲဒါက ကျတော်တို့မှာ လက်ရှိရှိနေတဲ့ အခင်းအကျင်းပေါ့။ လူအင်အား၊ လက်နက်အင်အား။ ပြီးရင်ကျတော်တို့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေ။ လက်ရှိကျတော်တို့ရဲ့ ပေါင်းစည်းထားတဲ့ အခြေအနေအရဆိုရင် ကျတော်တို့ ဘယ်နေ့ပြီးမယ်လို့ နှစ်အကန့်အသတ်မပြောပေမယ့် ခုထက်နောက်တ ဆင့်ထပ်ပြီးပေါင်းစည်းနိုင်ဖို့ပဲ ကျွန်တော်တို့လိုတော့တယ်။ ကျွန်တော်တို့ စစ်ကောင်စီပြုတ်ကျဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နိုင်ဖို့အတွက်ကို အဓိကလိုတာသည် အင်အားလိုမယ်။ အရင်းအမြစ်လိုမယ်။ ဒီနှစ်ခုက အဓိက။ အခုနက ကျတော်ပြောခဲ့သလို ကျွန်တော်တို့မှာ လက်ရှိ စစ်ကောင်စီထက် အင်အားသာလွန်နေသေးတယ်။ အဲတော့ ဘာပဲလိုလဲဆိုတော့ ကျွန်တော်တို့ စုစည်းဖို့ပဲလိုတယ်။ အဲတော့သေချာတာကတော့ ဒီ နွေဦးတော်လှန်ရေးနောက်မှာ ပေါ်လာတဲ့ တပ်ဖွဲ့တွေသည် ကျွန်တော်တို့ လက်ရှိအခြေအနေကတော့ SRA လိုမျိုး စုစည်းရင်းစုစည်းရင်းနဲ့ ကျွန်တော်တို့စုစည်းလာမယ်။ တခြားERO တပ်ဖွဲ့တွေလည်းပဲ ကျတော်တို့ ဒီလိုမျိုးစုစည်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ အင်အား စုစည်းမှုအပေါ် မူတည်ပြီး ကျတော်တို့ကပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ တော်လှန်ရေး အဆုံးသတ် မယ်ပေါ့နော်။
နောက်တစ်ဆင့်က ကျတော်တို့မှာ ရှိတဲ့ အရင်းအမြစ်ပေါ့နော်။ ဘဏ္ဍာငွေကြေးနဲ့ အရင်းအမြစ်။ ကျတော်တို့မှာ တကယ့် စိန်ခေါ်မှု ကြီးကြီးမားမားကတော့ အဲဒီ ကျည်ခဲယမ်းအရင်းအမြစ်ပေါ့နော်။ SRA တစ်ဖွဲ့တည်းမှာလည်း လက်နက်ခဲယမ်း တောင့်တဲ့အဖွဲ့ရှိတယ်။ လုံးဝ အားနည်းတဲ့အဖွဲ့ရှိတယ်။ ဒါပေမယ့် ပေါင်းလိုက်ပြီဆိုရင်တော့ သူတို့က တညီတညွတ်တည်း ဒါကိုသုံးစွဲနိုင်ဖို့လိုတယ်။ အဲတာ ကျွန်တော်တို့တော်လှန်ရေး တပ်ဖွဲ့တွေမှာ အဲဒီပေါင်းစည်းမှု တစ်ခုလည်း လိုတယ်လို့ မြင်တယ်။ ပြောချင်တာက ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေ၊ ကျွန်တော်တို့ရနေတဲ့ အခြေအနေကောင်းတွေပေါ့နော်။ အဲဒါတွေကို မရှိတဲ့အဖွဲ့တွေနဲ့ ရှိတဲ့အဖွဲ့တွေအာလုံး မျှမျှတတဖြစ်အောင် ခွဲဝေသုံးစွဲနိုင်ဖို့လိုတယ်။ ဒီနှစ်ချက်ပြည့်စုံလို့ရှိရင် ကျွန်တော်တို့ပေါင်းပြီလို့ရပြီ။

နောက်ဆုံးတစ်ခုအနေနဲ့ ဆိုရင် တကယ့်အဓိကကျတဲ့ ပစ်မှတ်တွေ ကျွန်တော်တို့တ နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ကျွန်တော်တို့ ပြောတဲ့ တနိုင်ငံလုံးကိုပတ်ပြီး တိုက်နေစရာမလိုဘူး။ စစ်ကောင်စီ မှာ လက်ရှိတိုင်းစစ်ဌာန (၁၄) ခုရှိတယ်။ (၁၄) ခု လုံးကို ပတ်တိုက်ပြီးတော့ သိမ်းနေစရာမလိုဘူး။ ဒါပေမယ့်အဓိကကျတဲ့ တိုင်းစစ်ဌာနတွေက ဘယ်နေရာတွေလဲ သူတို့ရဲ့ စစ်ရေးအမာခံဒေါက်တိုင်တွေ၊ စီးပွားရေးဒေါက်တိုင်တွေ၊ ယန္တယားတွေ၊ နိုင်ငံရေးလည်ပတ်နေတာ ဘယ်နေရာမှာလဲ။ တိုင်းစစ်ဌာန အများကြီးမရှိဘူး။ နှစ်ခု၊ သုံးခုပဲရှိမယ်ဗျ။ ရပတလိုမျိုး တိုင်းတွေရှိမယ်။ အဓိကကတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးပေါ့။ ဒီလိုမျိုးဟာတွေမှာ သေချာပေါင်းစည်းပြီးတော့ အကောင်အထည် ဖော်နိုင်ဖို့လိုတယ်ပေါ့နော်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အောက်ကနေလွတ်မြောက်ဖို့ဆိုရင်တော့ ဒီအညာဒေသတစ်ခုတည်းတော့မဟုတ်ဘူး။ အညာဒေသတစ်ခုတည်း အားကောင်းပြီးတော့ တိုက်ပြီးတော့ နယ်မြေစိုးမိုးနိုင်ရုံ တစ်ခုလောက်နဲ့တော့ ကျတော်တို့ မပြည့်စုံဘူး။ အဓိကကျတဲ့ တကယ့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့ တိုင်းစစ်ဌာနတွေ တကယ့် စစ်ကောင်စီရဲ့ စစ်ရေးဒေါက်တိုင်တွေကို ဖြိုနိုင်ဖို့လိုတယ်။ ကပစလိုမျိုး အကုန်လုံးသိနေတာပဲ။ လေယာဉ်ကွင်းတွေ။ အဲဒီ အဓိကကျတဲ့ ပစ်မှတ်တွေကို ကျတော်တို့ ပေါင်းပြီးတိုက်နိုင်ဖို့လိုတယ်။ အဲဒီအတွက်ကို ERO တွေနဲ့ MOD PDF တပ်ဖွဲ့တွေနဲ့ SRA လိုမျိုးတပ်ဖွဲ့တွေသည် စစ်ရေးပစ်မှတ် အဓိကကျတဲ့ မဟာဗျူဟာပစ်မှတ်တွေကို တခုဆိုတခု၊ နှစ်ခုဆိုနှစ်ခု ပေါင်းပြီးလုပ်နိုင်ဖို့လိုတယ်။ ဒါက ငါ့ပြည်နယ်မိုလို့ ဒီမှာပဲ အရင်လွတ်မြောက်အောင်တိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပစ်မှတ်တွေကို ရွေးချယ်လို့မရဘူး။ Target ထားလို့မရဘူး။ ပြီးလို့ရှိရင် အညာဒေသတပ်ဖွဲ့တွေလည်း ငါတို့အညာဒေသ ဒီမှာငါတို့ စိုးမိုးရမယ်။ ဒီမှာ အခွန်ဘဏ္ဍာရမယ်။ ဒါကိုပဲ ဦးစားပေးတိုက်မယ်ဆိုတဲ့ ပုံစံမျိုးတော့လည်း သတ်မှတ်လို့မရဘူး။
အဲလိုပဲ NUG၊ PDF ၊ SRA တပ်ဖွဲ့တွေဆိုရင်လည်း ပစ်မှတ်တွေ အဓိကကျတဲ့ မဟာဗျူဟာပစ်မှတ်တွေ တကယ့် အကောင်အထည်ဖော်ရမယ့်ဟာတွေကိုရွေးတဲ့အခါမှာ ဒေသ အဖွဲ့အစည်းတွေကို မကြည့်ဘဲနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်ဟာက အဓိကကျလဲ ဆိုတဲ့ဟာကို ငါတို့အဖွဲ့တွေ အကုန်ပေါင်းပြီးတော့ တစ်ညီတစ်ညွတ်တည်း တိုက်နိုင်ဖို့လိုတယ်။ ကျတော်တို့ အခု SRA မှာ ဆိုလို့ရှိရင် ဒုစစ်ဦးစီးချုပ် မာဝီပြောတာရှိတယ်။ နေပြည်တော်ကို တိုက်ရမယ်ဆိုတဲ့ ဟာမျိုး။ ကျတော်က အဲလိုမျိုးမြင်စေချင်တယ်။ ကရင်နီဆို ကရင်နီတစ်ခုတည်းမဟုတ်ဘူး။ အဓိကကျတဲ့နေပြည်တော်ဆို ကျတော်တို့ အကုန်လုံးနေပြည်တော်ကို ဝိုင်းပြီးတိုက်ရမယ်။ ရန်ကုန်ဆိုရင် ရန်ကုန်ကို ဝိုင်းပြီးတိုက်ရမယ်။ အဲလိုမျိုး နောက်ဆုံးအဆင့်အနေနဲ့ အားလုံးတပ်တွေစုစည်းပြီးတော့ ကျတော်တို့ရဲ့ အင်အားအရင်းအမြစ်တွေကိုမျှဝေပြီးတော့ အဓိကကျတဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ၊ယန္တယားတွေ ၊ ဒေသတွေပေါ့နော်။ အဲတာတွေကိုရွေးချယ်ပြီးတော့ တစ်ပေါင်းတစ်စည်းတည်းတိုက်နိုင်ရင်တော့ ကျိန်းသေပေါက် ကျတော်တို့ နိုင်မယ်။ ကျိန်းသေပေါက် ကျတော်တို့အောင်မယ် ။အဲဒီအခြေအနေက တော်လှန်ရေး အဆုံးအဖြတ်ပဲ။ စစ်ကောင်စီ အဆုံးသတ်မယ့် အချိန်ပေါ့နော်။
“တပ်ပေါင်းစုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ” စကားဝိုင်းဆွေးနွေးပွဲမှာ PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။
“အတွေးအခေါ်လမ်း” စကားဝိုင်းဆွေးနွေးပွဲတွေကို People’s Goal နဲ့ People’s Spring တို့က ပူးပေါင်းစီစဥ် တင်ဆက်နေတာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲ အပြည့်အစုံကို Comment Box မှာပေးထားတဲ့ Link ကနေ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။


















































