Connect with us

Hi, what are you looking for?

ဆောင်းပါး

လူနာကုတင်ပေါ်က ငို​ကြွေးသံ

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

ကဖေး/People’s Spring

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

“ကလေးငယ်ကနို့တိုက်ဖို့လိုနေတယ်။အရမ်းငိုနေတယ်”လူနာကုတင်ပေါ်မှာ ဒဏ်ရာတွေနဲ့ ငိုယိုနေတဲ့နှစ်လသားအရွယ်ကလေးငယ်​လေးရဲ့ အဖြစ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်မှူးကြီးနော်ဘူက ‌တိမ်ဝင်နေတဲ့ အသံနဲ့ ပြောပြပါတယ်။

အဲ့ဒီကလေးငယ်ရဲ့ဘေးက တခြားကုတင်တွေမှာလည်း ဒဏ်ရာတွေနဲ့ အရေးပေါ်ဆေးကုသနေရသူတွေရှိနေတယ်။ ဆေးရုံတစ်ခုလုံးဟာ ငိုသံတွေ၊ ရေးကြီးသုတ်ပြာ သွားလာသူတွေနဲ့ ဆူညံနေပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီထဲမှာနှစ်လသားအရွယ် မိန်းကလေးငယ်ရဲ့ငိုသံစူးစူးက တစ်ချက်တစ်ချက် လျှံထွက်လာပါတယ်။

“ကျတော်ကိုယ်တိုင် သွားကြည့်ခဲ့တာ။ ကလေးက အရမ်းသနားစရာကောင်းတယ်။ သူ့ အဖေနဲ့ အမေလည်း ရှာလို့မရဘူးလေ”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ကလေးငယ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀မိနစ်ခန့်က အာဏာသိမ်းခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်နဲ့ ဗုံးကြဲခဲ့တဲ့စစ်ရာဇဝတ်မှုရဲ့ သားကောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ကောင်ဂျာကျေးရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့ နာ​ရေးအိမ်မှာလုပ်နေတဲ့ဆုတောင်းပွဲကို စစ်တပ်ကဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲမှု​ကြောင့် ၂၄နာရီအတွင်း သေဆုံးသူ ၂၁ ဦးနဲ့၄၀ကျော်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေကို အပျက်အစီးတွေကြားထဲကနေဆွဲထုတ်ခဲ့စဉ် ဒဏ်ရာတွေနဲ့ သတိလစ်နေတဲ့ နှစ်လသားအရွယ်ကလေးငယ်ကို တွေ့ရှိခဲ့တာပါ။ အဲ့ဒီကလေးငယ်အပြင်တခြား ထိခိုက်သေဆုံးတဲ့ ကလေးငယ်တချို့လည်းရှိနေပါတယ်။

“နောက်ထပ်အသက်နည်းနည်းကြီးတဲ့ကလေးတစ်ယောက်ဆိုရင်မျက်နှာမှာထိထားတာ။အရမ်းပြင်းထန်တယ်။ ရက်စက်လွန်းတယ်”လို့ ဆေးကုသပေးနေသူတစ်ဦးကပြောပါတယ်။

အဖေနဲ့ အမေက ‌ပျောက်ဆုံးနေတဲ့ ကလေးငယ်ကတော့ မိန်းကလေးဖြစ်ပါတယ်။မနေ့ညနေက ဘာတွေဖြစ်ခဲ့လဲ၊ ဒီနေ့ ဘာတွေဖြစ်နေလဲနဲ့ သူရောက်နေတဲ့နေရာကဆေးရုံဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။သူ့ရဲ့အဖေနဲ့ အမေကတော့ သူဘယ်လိုအော်ငိုငိုရောက်မလာနိုင်​တော့ပါဘူး။က​လေးငယ်​လေးဟာ လူ့ဘဝထဲ​ရောက်လာပြီး နှစ်လသားအရွယ်​လေးမှာပဲ စစ်အုပ်စုလက်ချက်နဲ့အမိ ၊အဖမဲ့ ဖြစ်ခဲ့ရပါပြီ ။

စစ်ကောင်စီဗုံးကြဲတဲ့နေရာဟာစစ်ရေးပစ်မှတ်လုံးဝမဟုတ်ဘဲ စစ်ဘေးရှောင်အများစုနေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ဗန်းမော်မြို့ထဲကနေ ဘေးလွတ်ရာကို အဆင်ပြေသလို ရွှေ‌ပြောင်းနေထိုင်ကြရသူတွေမို့ ဘယ်သူဘယ်ဝါဆိုတာတစ်ဦးနဲ့တစ်ဦး မသိရသူတွေလည်း ရှိနေပါတယ်။ ရွာမှာ သူကြီးရွယ်အိုတစ်ဦးရဲ့နာရေးရှိလို့ဒေသရိုးရာအရ ဆု‌တောင်းပွဲလုပ်ပေးနေတာကို စစ်တပ်ကကရည်ရွယ်ချက်ရှိရှိဗုံးကြဲသွားတာလို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

ထိခိုက်သေဆုံးတဲ့အထဲမှာ စစ်ဘေးရှောင်တွေအများဆုံးပါဝင်ပြီး ဒေသခံပြည်သူတွေရှိမှန်း သိလျက်နဲ့ ဗုံးကြဲတာလို့ ဆိုပါတယ်။KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာလဆန်းကတည်းက​နေ ဒီက​နေ့အထိထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါ​ပေမယ့် ဇန်နဝါရီ ၂၂ ရက်ကစစ်ကောင်စီဗုံးကြဲတဲ့နေရာဟာ တိုက်ပွဲနဲ့ ၅မိုင်ထက်မနည်းဝေးကွာသလို တိုက်ပွဲ နယ်မြေလည်းမဟုတ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ဗန်းမော်မြို့မှာ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၂ ခုရှိပါတယ်။စစ်တပ်က ဇန်နဝါရီ ၂၅ ရက်မှာလုပ်မယ့် ​ရွေး​ကောက်ပွဲအပိုင်း (၃) ဗန်း​မော်မြို့ကိုထည့်ထား​ပေမယ့်KIA နဲ့ မဟာပိတ်တပ်​တွေထိုးစစ်​ကြောင့် ရပ်ကွက်​ကျေးရွာအများစု​ရွေး​ကောက်ပွဲကျင်းပနိုင်ဖွယ်မရှိပါဘူး။

ဒါအပြင်စစ်တပ်​ကရွေး​ကောက်ပွဲလုပ်မယ်ဆိုပြီး ​ရွေး​ကောက်ပွဲလုပ်ဖို့ သုံးရက်အလိုမှာ ပြည်သူအများအပြား​ အစုလိုက်အပြုံလိုက်သေဆုံး​စေခဲ့တဲ့ ဗုံးကြဲသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာပါ။

“အဲ့ဒီနေရာမှာKIA၊KPDF လုံးဝမရှိပါဘူး။ဖြတ်သွားဖြတ်လာတောင် မရှိပါဘူး။ဒါဟာစစ်ရာဇဝတ်မှုလို့ နှစ်ခါပြန်စဉ်းစားစရာမလိုဘူး”လူမမယ်ကလေးငယ်ရဲ့ငိုကြွေးသံကြားကနေ ဗိုလ်မှူးကြီး နော်ဘူကပြောပြတာဖြစ်ပါတယ်။

စစ်တပ်ကနိုင်ငံတော်အာဏာကိုမတရားလုယူပြီးတဲ့နောက် ၅နှစ်အတွင်း ကလေးငယ်ရာချီသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြားမှာ ကိုလည်းအင်္ဂါဆုံးရှုံးခဲ့တဲ့ကလေးငယ်တွေ၊ သေဆုံးခဲ့တဲ့ကလေးငယ်တွေနဲ့ မိဘမဲ့သွားတဲ့ကလေးငယ်တွေအများအပြားရှိနေပါတယ်။ အတိအကျ​ပြောရရင်အာဏာသိမ်း စစ်အုပ်စုကနိုင်ငံတစ်ဝန်း လူမျိုး ၊ဘာသာ ၊​ဒေသမ​ရွေးက​လေးငယ်​တွေအပါအဝင် အနည်းဆုံး ၁၂,၀၀၀​ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။အဲဒီထဲမှာ ဇန်နဝါရီ ၂၂ ရက်အထိ့က​လေးငယ်​ပေါင်း တစ်​ထောင်ခန့် (၉၉၆ဦ) ရှိ​နေပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ကထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ၂၉ရက်နေ့ညကရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့က ကျင်းကန်ကြီးရွာကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာလည်း ၂ နှစ် ၈လအရွယ် မိန်းကလေးငယ်တစ်ဦးကို အပျက်အစီးတွေကြားထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ လူကိုးဦးအထိသေဆုံးခဲ့တဲ့အဲဒီဖြစ်စဉ်မှာ ကံကောင်းထောက်မပြီးမသေခဲ့လို့ မေကံကောင်းလို့ဒေသခံတွေကအမည်ပေးခဲ့ပါတယ်။ဒါ​ပေမယ့် သူမရဲ့မိသားစု​ဝင်တွေအားလုံးက​တော့ ​သေဆုံးခဲ့ပါတယ် ။

လိုင်ဇာဆေးရုံက လူနာကုတင်ပေါ်မှာ ငိုကြွေး‌နေတဲ့ နှစ်လသားအရွယ်ကလေးငယ်ကလည်း ကျင်းကန်ကြီးရွာက က​လေးလို ကြံကြမ္မတူ ကြုံခဲ့ရတာဖြစ်ပါတယ်။ လောလောဆယ်တော့KIAနဲ့ ဒေသခံတွေက စောင့်ရှောက်ပေးနေကြပါတယ်။ သူ့အနာဂတ်ဟာ ဘယ်လိုဆက်ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဗိုလ်မှူးကြီးနော်ဘူကတော့ အလွန်ထိခိုက်ကြေကွဲရတယ်လို့ ရင်ဖွင့်ပြောဆိုပါတယ်။

“ကျတော်ရင်ထဲတော်တော်ထိတယ်။ဒီကလေး စိတ်ဒဏ်ရာ အကြီးအကျယ်ရသွားမှာ” ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။