ဇန်နဝါရီ-၂၅၊၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ စစ်တပ်က မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေကို မီးပတ်ရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ကမ္မရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဂျိုးပျံရပ်ကွက်နဲ့ ညောင်ကုန်းရပ်ကွက်ထဲက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းက ကမ္မအနောက်ဘက် ထနောင်းရွာနဲ့ဂျိုးပျံရွာမှာပါ။ ယခုလက်ရှိ ထနောင်းရွာကို ရှို့နေတယ်”လို့ ဒေသတွင်းရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement
ပြည်သူတွေဟာ ရွာတွေထဲမှာ ရှိမနေတဲ့အတွက် မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက် အတိအကျ မသိရသေးပါဘူး။
ကမ္မမြို့မှာယခုနှစ်ဇန်နဝါရီလဆန်းကတည်းကစစ်ကောင်စီတပ်စစ်ကြောင်းကြောင့် မြို့ပေါ်အပြင် ကျေးရွာတွေပါ တိမ်းရှောင်နေရပြီး ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဌာန ရဲ့ မှတ်တမ်းအရ စစ်ရှောင်ဦးရေ ၅၀၀၀ ကနေ ၇၀၀၀ ကြားရှိနေပါတယ်။
ထောက်ပံ့ကူညီနေတဲ့ အဖွဲ့တွေကိုယ်တိုင်လည်း စားနပ်ရိက္ခာနဲ့ ခရီးစရိတ် ဆီဖိုးကအစ ပြတ်လပ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက ထုတ်ပြန်ထားပါတယ်။


















































