စက်တင်ဘာ ၂၁၊ ၂၀၂၆။ ဗေဒါ/People’s Spring
မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။
စစ်တပ်ထောက်ခံပြီး မန္တလေးမြို့မှာ ပျူစောထီးအဖွဲတွေ အများအပြား မွေးထုတ်ထားတဲ့ ပေါက်ကိုယ်တော်ဟာ မန္တလေးမြို့ပေါ်မှာ လူမိုက်စတိုင်နဲ့ ထင်ရာစိုင်း အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို သူ့ရဲ့ Tiktok အကောင့်အသစ်ကနေ “ပေါက်ကိုယ်တော် တပည့်လို့ မပြောနဲ့။ အောက်တန်းကျလွန်းလို့”ဆိုပြီး ရေးသားကာ ရုပ်သံနဲ့တကွ ပြောဆိုခဲ့ပါတယ်။
သူဟာစစ်တပ် ဝါဒဖြန့်ဘုန်းကြီးဖြစ်ပြီး စစ်တပ်အတွက် ပျူစောထီးတွေရှာဖွေပေးတာ အပါအဝင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ သံဃန်းဝတ်တစ်ဦးဖြစ်ပါတယ်။

Public Service Announcement
“ပေါက်ကိုယ်တော်တို့တပည့်၊ ပေါက် ကိုယ်တော် တို့နာမည်သုံးတာ သိက္ခာကျသေးတယ်။ အောက်တန်းကျတဲ့အလုပ် လုပ်ကြတာလေ။ တို့အမည် နာမည်တော့ မသုံးပါနဲ့ကွာ။ နော်။ ဒီလိုစိတ်ဓါတ်မျိုးလည်း တပည့်မတော်ချင်ဘူး။ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး။ လူပါးဝတဲ့ စိတ်ဓာတ်မျိုးတွေ။ အထူးသဖြင့် ပေါက်ကိုယ်တော်တပည့်၊ ပေါက်ကိုယ်တော်တပည့် မလုပ်ကြနဲ့။ သိတဲ့အချိန်ကတော့ မလွယ်ဘူးသာမှတ်”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဘယ်ကိစ္စကို ရည်ရွယ်ပြောဆိုတယ်ဆိုတာ မသိရပေမဲ့ ပေါက်ကိုယ်တော်ဟာ KTV နဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုထားတာ တွေ့ရပါတယ်။
“မင်းတို့ကို ပြောချင်တာက ဆိုင်တိုင်းဆိုင်တိုင်းမှာ အပတ်အသက်တွေ ရှိတယ်။ ပတ်သက်ရာ ပတ်သက်ကြောင်း။ ကိုယ့်ကို လူမိုက်ကြီးတွေဆိုပြီး ထင်ရာမစိုင်းနဲ့။ ခေတ်ကာလက ကောင်းတာမဟုတ်ဘူး။ ထောင်ထဲဂျေးနေရမယ်။ ထောင်ထဲသွားနေရမယ်”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်မှာ ပျူစောထီးခေါင်းဆောင် မျိုးထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခေါ်ဆောင်ပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်ခဲ့ပါသေးတယ်။
အဲဒီအဖွဲ့ဟာ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့က လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ၎င်းလူငယ်ရဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၃၅၀ နဲ့ လာရွေးဖို့၊ မရွေးရင် ခလရ (၉၅) တပ်ရင်းကို ပို့ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ခြိမ်းခြောက်ခံရတဲ့မိသားစုဟာ အခြား ပျူစောထီးအဖွဲ့တစ်ခုထံသို့ ဆက်သွယ်အကူအညီတောင်းကာ ငွေလာပေးမယ်ဆိုပြီး ချိန်းဆိုပြီးနောက် ငွေလာယူချိန်မှာ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ပေါက်ကိုယ်တော်ဟာ မန္တလေးမှာ လက်နက်ကိုင် ပျူစောထီးတွေ သောင်းကျန်းနေကြောင်း ယခုလဆန်းကတည်းက ဝန်ခံထားပါတယ်။
“G2 (စစ်တပ်ဗိုလ်မှူး)ရဲ့ မွေးစားသားပေါ့နော်။ ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်” ပေါက်ကိုယ်တော်က ပြောပါတယ်။
မြို့ထဲမှာဆိုရင်လည်း ပြည်သူ့စစ်တွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ယာဥ်တန်းနဲ့တကွ လက်နက်ကိုင်ကာ လှည့်လည်လေ့ရှိကြောင်း၊ ပျူစောထီးတွေရဲ့ အဲဒီအပြုအမူတွေကြောင့် ပြည်သူ့စစ်တွေကို အားပေးစကားပြောတာကို နားလိုက်ပြီလို့ ပေါက်ကိုယ်တော်က ပြောခဲ့ပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်ကောင်စီတပ်လိုပဲ ဒုစရိုက်သမားတွေဆီကနေ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့ပါသေးတယ်။
စစ်တပ်နဲ့ ပျူတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။



















































