ဖေဖော်ဝါရီ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း(၂)၊ စစ်ကြောင်း(၃)နဲ့ စစ်ကြောင်း (၄) တို့ဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေကြောင်း အသိပေးချက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ကလေး-ဖလမ်းလမ်းကြောင်းစိုးမိုးနိုင်ရေးအတွက် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲ့ထားတဲ့ တပ်ရင်း (၉) ရင်း၊ အင်အားထောင်ချီ အသုံးပြုကာ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေတာ လေးလကျော်ခဲ့ပြီလို့ အသိပေးပါတယ်။ ပြီးခဲ့တဲ့ နှစ်လကျော်အတွင်းမှာနေ့စဉ် ရက်ဆက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှင်းလင်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရသလို စစ်သုံ့ပမ်းတွေ ဖမ်းမိတာရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့သည့်နှစ်လကျော်အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်တို့နဲ့ အကြိမ် ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာအသေခံဒရုန်းအပါအဝင်ဒရုန်းများ အဓိက အသုံးပြုခဲ့ရာ ရန်သူ့ ဒရုန်းအချို့ ပစ်ခတ်ဖျက်ဆီးနိုင်တာတွေ ရှိခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။
စစ်ကောင်စီဟာ မြေပြင်၊ဝေဟင် သာလွန်အင်အားနဲ့ ဆက်တိုက် ထိုးစစ်ဆင်နေပေမယ့် ကျဆုံးဒဏ်ရာများပြားလို့ စစ်ကူတွေ စေလွှတ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ အောက်တိုဘာလကုန်မှာ ကလေးကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာသလို ချင်းမြောက်ပိုင်း တီးတိန်မြို့ကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာလို့ ချင်းပြည်ကောင်စီ၊ ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
၂၀၂၆ ဇန်နဝါရီမှာ ကလေးမြို့ကနေ စစ်ယာဉ်တန်းနဲ့ စစ်ကောင်စီ အင်အား ၂၀၀ ကျော်ကို ဖလမ်းတိုက်ပွဲကို စစ်ကူ ပို့ဆောင်ခဲ့ကြောင်း ချင်းညီနောင်က အသိပေးထားပါတယ်။ အဲဒီ စစ်ကူတပ်ကိုလည်း ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ချင်းညီနောင် သတင်းရင်းမြစ်တဦးက ပြောပြထားပါတယ်။
စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဖလမ်း အပါအဝင် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် ချင်းပူးပေါင်းတပ်ရဲ့ ခုခံမှုကြောင့် စစ်အင်အား ပြုန်းတီးမှုတွေ များပြားနေပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိသလို လက်နက်ချတာ၊ ဘက်ပြောင်းခိုလှုံတာ၊ စစ်ကြောင်းက ထွက်ပြေးတာတွေ ရှိနေတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။


















































