Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို လက်လွှတ်မှာ မဟုတ်ကြောင်း အီရန်ပြော

ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ပိုင်ခွင့်တွေကို အပြီးတိုင် လက်လွှတ်ဖို့ စိတ်ကူးမထားကြောင်း အီရန်အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - Reuters

ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ပိုင်ခွင့်တွေကို အပြီးတိုင် လက်လွှတ်ဖို့ စိတ်ကူးမထားကြောင်း အီရန်အစိုးရက ပြောပါတယ်။

အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အမေရိကန်နဲ့ အီရန် အစိုးရ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိုမန်နိုင်ငံ၊ မတ်စ်ကတ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့ပြီး တိကျတဲ့ သဘောတူညီမှု တစ်ခုခုတော့ မရသေးပါဘူး။ အီရန် နိုင်ငံ ပတ်ဝန်းကျင်မှာ အမေရိကန်က ရေတပ်နဲ့ လေတပ်တွေ အလုံးအရင်း ဖြန့်ကျက်ထားပြီး ဆွေးနွေးမှုတွေ အဆင်မပြေရင် တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ သဘောမျိုး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အီရန် နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ခွင့်ကို မထိခိုက်ဖို့ လိုကြောင်း ပြောကြားသွားပါတယ်။

ယူရေနီယမ် သန့်စင်ခွင့် သုညမှတ်အထိ ပိတ်ပင်တဲ့ ကိစ္စမျိုးကို အီရန်က လုံးဝ လက်ခံမှာ မဟုတ်ကြောင်း၊ ဒါကြောင့် ဆွေးနွေးမှုတွေဟာ အီရန်နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်မှုတွေ ဆက်ရှိနေတာကို လက်ခံပေးဖို့၊ တစ်ပြိုင်တည်းမှာပဲ အီရန်ဟာ နျူကလီးယားကို စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်းပဲ အသုံးပြုမယ် ဆိုတဲ့အပေါ် ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း အာရက်ချီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ အမေရိကန်တို့ဟာ မနှစ်တုန်းကလည်း နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေ ၅ ကြိမ်ထိ ပြုလုပ်ခဲ့ပေမယ့် အီရန်ပိုင်နက်ထဲမှာ ယူရေနီယမ် သန့်စင်မှုတွေ လုံးဝ ဆက်မလုပ်ရဘူးဆိုတဲ့ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် သဘောတူညီမှု တစ်ခုခု မရရှိခဲ့ဘဲ ဆွေးနွေးမှုတွေလည်း တိုးတက်မလာခဲ့ပါတယ်။ နောက်တော့ ဇွန်လမှာ အီရန်နဲ့ အစ္စရေးတို့ ၁၂ ရက်ကြာ စစ်ဖြစ်ပြီး အမေရိကန်ကပါ အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဗုံးဝင်ကြဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပြည်တွင်းမှာ ယူရေနီယမ် သန့်စင်မှုတွေကို ရပ်နားထားရကြောင်း အီရန်က ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ် အစ္စရေးက အီရန်ဟာ နျူကလီးယားဗုံးတွေ ထုတ်လုပ်ဖို့ ယူရေနီယမ် သန့်စင်နေတယ်လို့ စွပ်စွဲပြီး အီရန်ကတော့ ငြင်းဆိုထားပါတယ်။ နိုင်ငံရဲ့ ယူရေနီယမ် သန့်စင်မှုတွေဟာ နျူကလီးယားကနေ စွမ်းအင်ထုတ်လုပ် သုံးစွဲဖို့ ရည်ရွယ်ချက်နဲ့သာ ဖြစ်တယ်လို့ အီရန်က အကြောင်းပြပါတယ်။

ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို တစိုက်မတ်မတ် တောင်းဆိုနေတယ် ဆိုတာဟာ အီရန်ရဲ့ နည်းပညာ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ရှုထောင့်တွေကတင် မကဘဲ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် ထိန်းသိမ်းထားရမယ့် ရပိုင်ခွင့်လည်း ဖြစ်တယ်လို့ အာရက်ချီက ဆိုပါတယ်။

သူက အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ နိုင်ငံရဲ့ ဒုံးကျည် စီမံကိန်းတွေကတော့ ဘယ်တုန်းကမှ ထည့်သွင်းသတ်မှတ်ထားတဲ့ ခေါင်းစဉ်တစ်ခု မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အီရန်နဲ့ ဆွေးနွေးရာမှာ ဒုံးကျည်တွေ အရေးကိုပါ ထည့်သွင်း စကားပြောဖို့ အမေရိကန်ဖက်က ဆန္ဒရှိခဲ့ပေမယ့် အာရက်ချီကတော့ လုံးဝ ဆွေးနွေးမှာ မဟုတ်ကြောင်း အတည်ပြုသွားတာပါ။

အိုမန်မှာ အမေရိကန်နဲ့ ဆွေးနွေးခဲ့မှုတွေဟာ ခြေတစ်လှမ်းစာ တိုးတက်မှုမျိုး ဖြစ်ခဲ့တယ်လို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ပြောပါတယ်။ တစ်ဖက်မှာလည်း အီရန်ဟာ နျူကလီးယား လက်နက် တားမြစ်ရေး စာချုပ်ပါ သတ်မှတ် ရပိုင်ခွင့်တွေကို အပြည့်အဝ ဆက်လိုချင်တယ်လို့ သမ္မတက ဆိုပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား နောက်ထပ် ဆွေးနွေးပွဲအတွက် နေရာနဲ့ နေ့ရက် သတ်မှတ်ချက်တွေကိုတော့ အိုမန် အစိုးရနဲ့ ညှိနှိုင်းပြီးမှ ရွေးချယ်ဖြစ်မယ်လို့ အာရက်ချီက ပြောပါတယ်။ နောက်တစ်ကြိမ်ကတော့ မတ်စ်ကတ်မှာ မဖြစ်နိုင်လောက်ဘူးလို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။