ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ People’s Spring
ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီ (WCC)က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။
WCCရဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ကြေညာချက်ထဲမှာတော့ လောလောလတ်လတ် အနေနဲ့ မြန်မာနိုင်ငံ အနောက်ပိုင်း၊ ချင်းပြည်နယ်ထဲက ထန်တလန် မြို့နယ်မှာရှိတဲ့ တလန်ခွာရွာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြောင်းကို ထည့်သွင်း ဖော်ပြထားပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ မန်နိုနိုက် ခရစ်ယာန် အသိုင်းအဝန်းကို ပစ်မှတ်ထားခဲ့တယ်လို့ WCCက ဆိုပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ မျိုးနွယ်ကွဲပြားမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေအပေါ် မူတည်ပြီး တိုက်ခိုက်မှုတွေ ကျူးလွန်နေကြောင်း WCCက ဆိုပါတယ်။

Public Service Announcement
Myanmar Peace Monitorက ကောက်ယူထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ကိုးကားပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၁၅ လအတွင်း အရပ်သားပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း WCCက ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း သေဆုံးတဲ့ အရပ်သား အရေအတွက်ဟာ ၇,၈၀၇ ဦးထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။
အခုလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေ၊ လူသားဂုဏ်သိက္ခာတွေနဲ့ ယုံကြည်ကိုးကွယ်ပိုင်ခွင့်တွေအပေါ် အကြီးအကျယ် ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ WCCရဲ့ အတွင်းရေးမှူးချုပ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဂျယ်ရီ ပီလေက ပြောပါတယ်။ WCCဟာ မန်နိုနိုက် ဘုရားကျောင်းအပြင် မြန်မာနိုင်ငံမှာရှိတဲ့ ထိခိုက်နစ်နာမှုတွေ ကြုံနေတဲ့ လူ့အဖွဲ့အစည်း အားလုံးနဲ့ထပ်တူ တစ်သားတည်း ရပ်တည်မယ်လို့လည်း ကြေညာခဲ့ပါတယ်။
စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေ၊ ခရစ်ယာန်နဲ့ မွတ်ဆလင် အသိုက်အဝန်းတွေအပေါ် ခွဲခြားဖိနှိပ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ကာလရှည်ကြာ စွပ်စွဲမှုတွေ ရှိနေတယ်လို့လည်း WCCက ဖော်ပြသွားပါတယ်။
ကိုးကား: Persecution


















































