မတ် – ၆ ၊၂၀၂၆
အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ နောက်ထပ် အဆင့်တစ်ခုဆီ ကူးပြောင်း ဝင်ရောက်လာနေပြီလို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ရာက စတင်လာတဲ့ စစ်ပွဲဟာ အခုဆိုရင် တစ်ပတ်နီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။
မတ်လ ၆ ရက်နေ့မှာတော့ အစ္စရေးဟာ အီရန်ရဲ့ မြို့တော် တဟီရန်မှာရှိတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို အပြင်းအထန် ပစ်မှတ်ထား တိုက်ခိုက်နေပြီး လက်ဘနွန်နိုင်ငံရဲ့ ဘေရွတ်မှာလည်း ဗုံးတွေကြဲချခဲ့ပါတယ်။

Public Service Announcement
လက်ဘနွန်ဟာ အီရန်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ အဓိက အခြေစိုက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အီယဲလ် ဇာမားက အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းဆင်နွှဲနေတဲ့ စစ်ဆင်ရေးဟာ နောက်ထပ် အဆင့်တစ်ခု၊ ကဏ္ဍသစ် တစ်ခုထဲ စတင်ချဉ်းနင်း ဝင်ရောက်လာနေပြီလို့ ပြောပါတယ်။
ပြီးတော့ အစ္စရေးဟာ အီရန် အစိုးရနဲ့ အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေကို ဖြိုခွင်းဖို့ ပိုပြီး အားထည့် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။
လောလောဆယ်မှာ သူ့အနေနဲ့ ထုတ်မပြောချင်သေးတဲ့ အံ့ဩစရာ ကိစ္စတွေကို မကြာခင်မှာ ထပ်ပြီး တွေ့လာရလိမ့်ဦးမယ်လို့လည်း ဇာမားက မှတ်ချက်ပေးသွားပါတယ်။
လက်ရှိ အခြေအနေမှာတော့ အီရန်က အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲက အမေရိကန် စစ်စခန်းတွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်နေတာကြောင့် အီရန်စစ်ပွဲဟာ ဒေသတစ်ခုလုံးနဲ့ဆိုင်တဲ့ ပဋိပက္ခကြီး တစ်ခုအဖြစ် ကျယ်ပြန့်လာနေပါတယ်။
အီရန် မီဒီယာတွေက မတ်လ ၆ ရက်နေ့ မနက်အစောပိုင်း ကတည်းက တဟီရန် မြို့တော်ထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
စစ်ဆင်ရေးတွေက နောက်ထပ် အဆင့်တစ်ခုဆီ ကူးပြောင်းနေပြီလို့ အစ္စရေးက ပြောကြားခဲ့ချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကလည်း အီရန်နိုင်ငံနဲ့ တဟီရန်မြို့တော်မှာ အသုံးပြုနေတဲ့ အမေရိကန်ရဲ့ ပစ်အားက တစ်ရက်ပြီးတစ်ရက် ပိုတိုးမြင့်လာနေကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပြီး မရှေးမနှောင်းမှာပဲ အစ္စရေးပိုင် တဲလ်အဗစ်ဗ်မြို့ဆီ ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ကြေညာပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်က ဘယ်လို အခင်းအကျင်းတွေ ရှေ့ဆက် စီစဉ်ထားသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ကို ခြေလျင် တိုက်ခိုက်ရေးတပ်တွေ စေလွှတ်ဖို့ ဆိုတာဟာ လက်ရှိ အခြေအနေမှာတော့ အချိန်ဖြုန်းတာ သက်သက်ဖြစ်လိမ့်မယ်လို့ NBC သတင်းဌာနဆီ မှတ်ချက်ပေးခဲ့သလို အဲဒီကိစ္စကို လောလောဆယ်မှာ သူက လုံးဝ စဉ်းစားမထားဘူးလို့ ပြောပါတယ်။
အီရန်ဟာ ရေတပ်တစ်ခုလုံးနီးပါး အပါအဝင် အားလုံးကို ဆုံးရှုံးထားကြောင်း၊ ဆုံးရှုံးလို့ ရနိုင်သမျှ အရာအားလုံး အီရန်က ဆုံးရှုံးထားပြီး ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ သူက အမေရိကန်ဟာ လက်ရှိ အီရန်အစိုးရရဲ့ အုပ်ချုပ်မှု စနစ်တစ်ခုလုံးကို ဖယ်ရှားရှင်းလင်းပစ်ဖို့ လိုလားကြောင်းလည်း အတည်ပြုသွားပါတယ်။
အီရန်မှာ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက် ပေါ်ထွန်းလာစေလိုကြောင်း၊ အဲဒီအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပုဂ္ဂိုလ်တချို့ကိုလည်း သူ့အနေနဲ့ စဉ်းစားထားကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား – BBC






















































