အီရန်စစ်ပွဲက သိပ်မကြာခင်မှာ ပြီးဆုံးသွားမယ်လို့ သူယုံကြည်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားပါတယ်။
မတ်လ ၉ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ မီယာမီမှာရှိတဲ့ သူ့ကိုယ်ပိုင် ဂေါက်ကလပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေက အရမ်းပြီးပြည့်စုံနေတယ်လို့ ထရမ့်က ဆိုပါတယ်။ တချို့သော ဆိုးယုတ်မှုတွေကို ဖယ်ရှားဖို့အတွက် စစ်ရေးအရ ကိုင်တွယ်မှု အနည်းအကျဉ်း လုပ်ဆောင်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီ စစ်ဆင်ရေးတွေဟာ ရေတိုအတွက်ပဲ ဖြစ်မယ်ဆိုတာ မကြာခင် အားလုံး တွေ့မြင်လာကြမယ်လို့ သူယုံကြည်ကြောင်း ထရမ့်က ပြောပါတယ်။
စစ်ပွဲမှာ အမေရိကန်ဟာ ရှုထောင့်ပေါင်းစုံကနေ အသာစီး ရထားပြီး ဖြစ်ပေမယ့် လုံလောက်တဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ယူဆကြောင်း၊ အမေရိကန်ရဲ့ ရည်ရွယ်ချက်ဟာ ကာလရှည်ကြာ တည်ရှိခဲ့တဲ့ အန္တရာယ်ကို တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား ဖယ်ရှားနိုင်တဲ့ အဆုံးစွန် အောင်မြင်မှုမျိုးကို ရယူဖို့ဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement
ထရမ့်က လိုအပ်လာမယ်ဆိုရင် အီရန်မှာ နောက်ထပ် အရေးအကြီးဆုံး ပစ်မှတ်တချို့ကိုပါ ထပ်ပြီးတိုက်ခိုက်ဖို့ အမေရိကန်က စဉ်းစားထားကြောင်းလည်း ပြောပါတယ်။ အဲဒီအခါ နိုင်ငံရဲ့ ဓာတ်အားပေး ကွန်ရက်ကို ဖြတ်တောက်ပစ်တာမျိုး နည်းလမ်းတွေကိုပါ ရွေးချယ်လာနိုင်ကြောင်း သူက သတိပေးခဲ့ပါတယ်။
ထရမ့်က အီရန် အနေနဲ့ ဟောမုဇ် ရေလက်ကြားကို လုံးဝပိတ်ထားပြီး နိုင်ငံတကာ ရေနံတင်ပို့မှုတွေကို အနှောင့်အယှက် ပေးမယ်ဆိုရင် အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ကြုံရလိမ့်မယ်လို့လည်း ခြိမ်းခြောက်သွားပါတယ်။ အီရန်က ခေါင်းမာပြီး ဒီကိစ္စမျိုးကို လုပ်နေမယ် ဆိုရင်တော့ လက်ရှိထက် အများကြီး ပိုဆိုးတဲ့ ထိုးနှက်ချက်မျိုးကို ရင်ဆိုင်ရလိမ့်မယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ အမေရိကန် လွှတ်တော်ဆီက ခွင့်ပြုချက် မပါဘဲ အီရန်မှာ စစ်တိုက်ခဲ့တာ ဖြစ်ပါတယ်။ သူက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အလုံးစုံ စစ်ပွဲအဆင့် ဆိုတာမျိုး မသုံးနှုန်းဘဲ ရေတို စစ်ရေးလှုပ်ရှားမှု တစ်ခုလို့သာ ရည်ညွှန်းသွားခဲ့ပါတယ်။
အီရန်မှာ ကွယ်လွန်သူ အဓိပတိဟောင်း အယာတိုလာ အလီခါမေနီရဲ့ သားဖြစ်သူကို ဖခင်ရဲ့ အရိုက်အရာ ဆက်ခံဖို့ ရွေးချယ်ခဲ့တဲ့နောက် အဲဒီခေါင်းဆောင်သစ်ကိုရော အမေရိကန်က သုတ်သင်ဖို့ ရည်ရွယ်ထားသလားဆိုတဲ့ မေးခွန်းတွေကို ထရမ့်က တိုက်ရိုက် မဖြေခဲ့ပါဘူး။ အဲဒီအစား သူက အီရန်မှာ မော့ဂျ်တာဘာ ခါမေနီက အဓိပတိ ဖြစ်လာတာဟာ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ဘူးလို့ပဲ မှတ်ချက်ပေးခဲ့ပါတယ်။ မော့ဂျ်တာဘာရဲ့ ဖခင်ဖြစ်သူ အဓိပတိကြီး ခါမေနီဟာ အစ္စရေးနဲ့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် CBS သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ရာမှာတော့ ထရမ့်က လက်ရှိ စစ်ပွဲရဲ့ အခြေအနေက အရမ်းပြီးပြည့်စုံနေတယ်လို့ ခံစားမိကြောင်း ပြောခဲ့ဖူးပါတယ်။ အီရန်မှာ အခုဆိုရင် ရေတပ်ရော၊ ဆက်သွယ်ရေး စနစ်တွေပါ မရှိတော့ကြောင်း၊ လေတပ်လည်း မရှိတော့ကြောင်း ထရမ့်က ဆိုပါတယ်။
အီရန်ရဲ့ ဒုံးကျည်တွေဟာလည်း အပိုင်းပိုင်းဖြစ်သွားအောင် ပစ်ချခံနေရပြီး ဒရုန်းတွေကလည်း နေရာအနှံ့မှာ ဖောက်ခွဲ ဖျက်ဆီး ခံနေရကြောင်း၊ တကယ်ဆိုရင် အီရန်မှာ ဘာဆိုဘာမှ မကျန်တော့ကြောင်း၊ အီရန်မှာ စစ်ရေးအရ စွမ်းဆောင်နိုင်မှု ဘာမှ မရှိတော့ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – The New York Times


















































