အမေရိကန်နိုင်ငံ၊ မစ်ချီဂန် ပြည်နယ်က ဂျူးဘုရားကျောင်း တစ်ခုကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အမျိုးသား သေဆုံးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အုက္ကလန်းခရိုင် ရဲတပ်ဖွဲ့ အရာရှိ မိုက်ခ်ဘူချတ်ဒ်က ဝက်စ်ဘလွန်းဖီးလ် ဧရိယာမှာရှိတဲ့ တမ်ပဲလ်အစ္စရေး ဂျူးဘုရားကျောင်းကို မတ်လ ၁၂ ရက်နေ့မှာ ကားတစ်စီးက ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီကားဟာ ဘုရားကျောင်းရဲ့ တံခါးပေါက်ကနေ ဖြတ်ဝင်လာခဲ့ပြီး ခန်းမလယ် လျှောက်လမ်းတစ်နေရာမှာ မီးစွဲလောင်သွားခဲ့တယ်လို့ သိရပါတယ်။

ကားက မသင်္ကာစရာ အခြေအနေမျိုးနဲ့ ဘုရားကျောင်းဆီ ချဉ်းကပ်လာချိန် ကတည်းက လုံခြုံရေး အစောင့်တွေက စတင်ပစ်ခတ်ခဲ့သလို အဆောက်အအုံ ရောက်သွားချိန်ထိ တားဆီးဖို့ အပူတပြင်း ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ကားနဲ့ ဝင်တိုက်တာ ခံခဲ့ရသူ တစ်ဦးလည်း ဒဏ်ရာရခဲ့ပေမယ့် မကြာခင် သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန်ရဲ့ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)က အခုကိစ္စဟာ ဂျူးလူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားတဲ့ ရန်လိုတိုက်ခိုက်မှုအဖြစ် သတ်မှတ် စုံစမ်းနေတယ်လို့ ပြောပါတယ်။

Public Service Announcement
ဂျူးဘုရားကျောင်းမှာ မူကြိုကျောင်း တစ်ခုကိုလည်း တွဲဖွင့်ထားပြီး ကားနဲ့ဝင်တိုက်မှု ဖြစ်ပွားချိန်က ကျောင်းသူကျောင်းသား ကလေးငယ် ၁၄၀ လောက်လည်း မူကြိုထဲမှာ ရှိနေခဲ့ပါတယ်။ ကလေးတွေနဲ့ သင်ကြားရေး ဝန်ထမ်းတွေကို တာဝန်ရှိသူတွေက အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပြီး အားလုံး ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက သံသယတရားခံဟာ အသက် ၄၁ နှစ်အရွယ် အေမာ မိုဟာမက် ဂါဇာလီလို့ ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ လက်ဘနွန် နိုင်ငံသားဖြစ်ပြီး ၂၀၁၁ မှာ အမေရိကန်ကို ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း အမေရိကန် နိုင်ငံသား ခံယူခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
ကားသမား သေဆုံးသွားခဲ့တယ်လို့ ပြောပေမယ့် ဘာကြောင့် သေဆုံးခဲ့တာလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ပြောမထားသေးပါဘူး။ ကားမီးလောင်ရာက အဆောက်အအုံထဲမှာ မီးခိုးလုံးတွေ ပြည့်နှက်သွားတာကြောင့် ရဲအရာရှိ ၃၀ လောက် မွန်းကျပ်ကုန်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဘူချတ်ဒ်က ကားက ဘာကြောင့် မီးထလောင်ခဲ့သလဲဆိုတဲ့ ဖြစ်စဉ်ကိုလည်း စုံစမ်းနေတယ်လို့ ပြောပါတယ်။ ကားက မီးလောင်သွားတာကြောင့် ယာဉ်မောင်း သေဆုံးမှု အကြောင်းရင်းကို ချက်ချင်း အဖြေထုတ်လို့ မရသေးကြောင်းလည်း သူက ဆိုပါတယ်။

အခင်းဖြစ်ပွားရာ တမ်ပဲလ်အစ္စရေးဟာ အမေရိကန်မှာ အကြီးမားဆုံး ဂျူးဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။ FBI အထူးအေးဂျင့် တစ်ဦးဖြစ်တဲ့ ဂျနီဖာ ရွန်ယန်က အခုလို လုပ်ရပ်မျိုးဟာ ဝမ်းနည်းစရာ ကောင်းသလို စက်ဆုပ်စရာလည်း ဖြစ်နေကြောင်း၊ အမုန်းတရားကို အခြေခံတဲ့ ဆိုးရွားတဲ့ ကိစ္စမျိုး ဖြစ်နေကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကိုတော့ သူက အတိအကျ မှတ်ချက်ပေးမသွားပါဘူး။
ကမ္ဘာကြီးမှာ ဆိုးယုတ်တဲ့ အရာတွေ ရှိနေတယ်ဆိုတာ အားလုံး သိထားကြပြီး ဖြစ်ကြောင်း၊ အဲဒီအရာတွေ လက်တွေ့ ဖြစ်ပေါ်လာတဲ့ အခါမှာ ကြိုတင် ပြင်ဆင်မှု၊ လေ့ကျင့်မှုတွေကို ထိထိရောက်ရောက် အသုံးချပြီး တုံ့ပြန်ဖို့ အရေးကြီးကြောင်း သူက ပြောပါတယ်။
ကားထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတာမျိုး ဖြစ်နိုင်ခြေလည်း ရှိတာကြောင့် တာဝန်ရှိသူတွေဟာ ရှင်းလင်းရေး လုပ်ငန်းတွေကို အရမ်း သတိကြီးကြီး လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters, Getty, AP, WDIV


















































