မတ်-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။
မတ်လ ၁၃ ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုရင်း အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ (၃၈) နှစ်မြောက်နေ့ဖြစ်ပြီး CRPHနဲ့ NUG တို့က သီးခြားစီ သဝဏ်လွှာ ပေးပို့ခဲ့ကြတာပါ။
၁၉၈၈ မတ်လ ၁၃ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ စွန့်လွှတ်စွန့်စားမှုဟာ ကျောင်းသားပြည်သူတရပ်လုံးရဲ့ နိုင်ငံရေးစိတ်ဓာတ်များကို နိုးကြားစေကာ မြန်မာ့ ဒီမိုကရေစီသမိုင်းရဲ့အထင်ကရမှတ်တိုင်ဖြစ်သော ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက် လာစေဖို့ အစပျိုးပေးခဲ့တဲ့ တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ယင်းနေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစု တွေက အစဉ်တစိုက် အောက်မေ့ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြတယ်လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

Public Service Announcement
လွန်ခဲ့သော ၃၈နှစ်က ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျှော်မှန်းခဲ့တဲ့ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေဟာ အခုထိ ပြည့်ဝစွာ အကောင်အထည် မဖော်နိုင်သေးဘဲ အကြမ်းဖက်စစ်အုပ်ဟာ တိုင်းပြည် အချုပ်အခြာအာဏာကို လက်နက်အားကိုး ဖြင့် ဗိုလ်ကျပြီး ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုဟာ ကြံ့ကြံ့ခံနိုင်စွမ်းရှိစွာဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်လျက် ရှိဟု NUGက အသိပေးပါတယ်။
” အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ အပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြ သော ကျောင်းသားအာဇာနည်များ၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားရဲဘော်များ နှင့် နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးကို လေးနက်စွာ ဂုဏ်ပြုဦးညွတ်အပ်ပါသည်” လို့ NUG သဝဏ်လွှာမှာ ဖော်ပြပါတယ်။
CRPH ရဲ့ သဝဏ်လွှာမှာလည်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကဲ့သို့ ခေတ်အဆက် ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဦးညွှတ်အလေးပြုကြောင်း ဖော်ပြပါတယ်။
” ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ အဖိုးတန်လှသော ကျောင်းသားလူငယ်များစွာ၏ ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်မှာ ခိုင်မာ သောညီညွတ်မှုအပေါ် များစွာမူတည်နေပါသည်။ တော်လှန်ရေးအင်အားစုများအားလုံး အကြား တွင် မတူညီသော အတွေးအမြင်များရှိနိုင်သော်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဘုံရည်မှန်း ချက်ပန်းတိုင်မှာ တူညီကြသည့်အတွက်ကြောင့် မိမိတို့တော်လှန်ရေးအင်အားစုများအားလုံးအနေ ဖြင့် တူညီသော ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ ခိုင်မာသောညီညွတ်မှုဖြင့် လက်တွဲညီညီ ချီတက် သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်” လို့ CRPHရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့အရေးကြီးသော ယနေ့အချိန်အခါမှ ညီညွတ်မှုကိုအခြေမခံနိုင်ဘဲ တစ်ကွဲတစ်ပြားဖြစ်နေမယ်ဆိုရင် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကဲ့သို့ ဖြစ်ရပ်များ များစွာရှိနေဦးမယ်လို့ CRPHက သတိပေးပြီး နောင်မျိုးဆက်များရဲ့ အသက်၊ ဘဝပေါင်းများစွာသည်လည်း စစ်အာဏာရှင်စနစ်ရဲ့ ဝါးမြိုခြင်းခံကြရဦးမယ်လို့ ရေးသားထားပါတယ်။
ဒါကြေငာ့် ဘုံရန်သူအကြမ်းဖက်စစ်အာဏာရှင်များကို လက်တွဲညီညီဖြင့်တိုက်ထုတ်ကာ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို နောင်လာနောက်သား မျိုးဆက်သစ်များဆီသို့ သမိုင်းအမွေအနှစ်အဖြစ် ချန်ရစ်ခဲ့နိုင်ရေး ကြိုးပမ်းသွားကြဖို့ CRPHက တိုက်တွန်းထားပါတယ်။


















































