Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲအတွက် စစ်စရိတ် ဒေါ်လာ ၂၀၀ ဘီလီယံလောက် ထပ်ရနိုင်ဖို့ အမေရိကန် အစိုးရ ကြိုးစားနေ

အီရန်စစ်ပွဲမှာ အသုံးပြုဖို့ နောက်ထပ် စစ်သုံးစရိတ် ဒေါ်လာ ၂၀၀ ဘီလီယံလောက် ရရှိနိုင်ရေး အမေရိကန် အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အီရန်စစ်ပွဲမှာ အသုံးပြုဖို့ နောက်ထပ် စစ်သုံးစရိတ် ဒေါ်လာ ၂၀၀ ဘီလီယံလောက် ရရှိနိုင်ရေး အမေရိကန် အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

အမေရိကန် အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ စစ်ပွဲအတွက် အဲဒီလို များပြားတဲ့ ငွေပမာဏကို ထပ်မံ သုံးစွဲနိုင်ရေး ကြိုးစားနေတာဖြစ်ပြီး လွှတ်တော်ဆီက ဝေဖန် မေးခွန်းထုတ်မှုတွေကိုတော့ ကျိန်းသေ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

လောလောဆယ်မှာတော့ စစ်သုံးစရိတ် ထပ်တိုးပေးဖို့ တရားဝင် ခွင့်ပြုချက် တောင်းခံခြင်းကို ပင်တဂွန်က အိမ်ဖြူတော်ဆီ ပေးပို့ထားပြီးဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ပင်တဂွန် အရာရှိ တစ်ဦးက APကို ပြောပါတယ်။

စစ်စရိတ် ထပ်တောင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က မငြင်းပေမယ့် ငွေပမာဏကိုတော့ အတည်မပြုခဲ့ပါဘူး။ သူက ငွေကြေး ကိန်းဂဏန်းတွေက အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လူဆိုးတွေကို သတ်ဖို့ဆိုရင်တော့ ငွေသုံးရမှာပဲလို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို စစ်စရိတ် အလုံးအရင်း တောင်းဆိုမှုဟာ လွှတ်တော်ရဲ့ ထောက်ခံ အတည်ပြုချက်ကို လိုအပ်ပါတယ်။ ထရမ့်လက်ထက်မှာ အမေရိကန် အစိုးရရဲ့ ကြွေးမြီဟာ စံချိန်တင် ဒေါ်လာ ၃၉ ထရီလီယံထိ မြင့်တက်နေပြီးသား ဖြစ်တာကြောင့် အခုလို စစ်စရိတ်တွေ အများအပြား ထပ်သုံးဖို့ ပြင်ဆင်လာတာကို လွှတ်တော်က ထောက်ခံမလားဆိုတာ မသေချာသေးဘဲ ရှိနေပါတယ်။

ထရမ့်ဟာ လွှတ်တော်ဆီက ထောက်ခံချက်ကို မယူဘဲ အီရန်ကို စစ်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိ အီရန်စစ်ပွဲမှာ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေ၊ နည်းဗျူဟာ အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ထရမ့်ကတော့ လက်ရှိ ကမ္ဘာကြီးဟာ အရမ်း ထိလွယ်ရှလွယ် နေရာတစ်ခု ဖြစ်လာနေကြောင်း၊ အမေရိကန်ရဲ့ စစ်အင်အားကို ကမ္ဘာ့ထိပ်ဆုံးအဆင့်မှာ ဆက်ထိန်းထားဖို့ဆိုရင် ဒီလို အရေးပေါ် ငွေကြေးဖြည့်တင်း ထောက်ပံ့ပေးမှုမျိုးက ပမာဏ သေးသေးလေးလို့တောင် ပြောနိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

အောက်လွှတ်တော်ထဲရဲ့ ကာကွယ်ရေးအသုံးစရိတ် စောင့်ကြည့်ရေး ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ အမတ် ကန်ကဲလ်ဗတ်ကတော့ ပင်တဂွန်အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ ဖြည့်တင်း ဝယ်ယူနိုင်ရေး အဲဒီ အပိုဆောင်း စစ်သုံးစရိတ်ကို ဖြည့်တင်းနိုင်အောင် လွှတ်တော်ထဲမှာ စည်းရုံးရေး စဆင်းနေပြီလို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ကော်မတီထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်တဲ့ ဘက်တီ မက်ကော်လမ်က ထရမ့်ဟာ လွှတ်တော်ဆီ ခွင့်မတောင်းဘဲ စစ်ပွဲကို စတင်ခဲ့တာကို ထောက်ပြခဲ့ပြီး စစ်သုံးစရိတ် ဖြည့်တင်းရေး တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပိုပြီး အသေးစိတ် ရှင်းပြမှုတွေ လိုအပ်လိမ့်မယ်လို့ ဝေဖန်သွားပါတယ်။ အမေရိကန် လွှတ်တော်ဟာ သမ္မတက တောင်းဆိုသမျှ ခွင့်ပြုပြီး တံဆိပ်တုံး ထုပေးနေတဲ့ အစုအဖွဲ့ ဖြစ်လာလို့ မရဘူးလို့ သူက ဆိုပါတယ်။

အမေရိကန်ဟာ အီရန်စစ်ပွဲရဲ့ ပထမဆုံး နာရီပေါင်း ၁၀၀ အတွင်း ဒေါ်လာ ၃.၇ ဘီလီယံလောက် သုံးစွဲခဲ့သလို ပျမ်းမျှ တစ်နေ့ကို စစ်စရိတ် ဒေါ်လာ ၁ ဘီလီယံကျော်လောက် သုံးစွဲနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။