Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဖက်က သင့်တော် မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ ရှိနေဆဲလို့ ထရမ့်ပြော

စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့အတွက် အီရန်ဖက်က သင့်တော် မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်လက် ဆွေးနွေးနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့အတွက် အီရန်ဖက်က သင့်တော် မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်လက် ဆွေးနွေးနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မတ်လ ၂၄ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က ဆွေးနွေးမှုတွေအတွက် အီရန်ဖက်မှာ သူဆုံးဖြတ် ရွေးချယ်ထားသူတွေဟာ တကယ်မှန်ကန် သင့်တော်တဲ့သူတွေ ဖြစ်တယ်လို့ ထရမ့်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

သူက အီရန် အစိုးရ ကိုယ်တိုင်လည်း သဘောတူညီမှု တစ်ခုကို အသည်းအသန် လိုချင်နေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အခုအထိတော့ ဆက်ညှိနေကြဆဲပဲလို့လည်း ထရမ့်က ပြောပါတယ်။

ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်း အခိုင်အမာ ပြောထားပေမယ့် ဒီကိစ္စအပေါ် အီရန်ရဲ့ တုံ့ပြန်မှုတွေကတော့ ရှုပ်ထွေးနေဆဲပါ။ အီရန်ရဲ့ နိုင်ငံရေး ဩဇာကြီးမားတဲ့ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘက်ဖ်က အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာဟာ သတင်းတု၊ သတင်းမှားတွေသာ ဖြစ်တယ်လို့ မတ်လ ၂၃ ရက်နေ့မှာ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ စစ်ရပ်စဲရေးအတွက် တောင်းဆိုချက် ၁၅ ခုကို အီရန်ဆီ ပေးပို့ထားကြောင်း New York Times သတင်းစာက မတ်လ ၂၄ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ အစ္စရေးရဲ့ Channel 12ကလည်း ထရမ့်ဟာ အဲဒီ တောင်းဆိုချက်တွေအတွက် အီရန်နဲ့ ဆွေးနွေးဖို့ တစ်လတာ အပစ်အခတ် ရပ်စဲထားဖို့လည်း ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ် ၃ ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရ အဖွဲ့ထဲက အရာရှိ တစ်ဦးက အမေရိကန်ဟာ အီရန်ဆီ အဆိုပြုချက်တွေ ပေးပို့ထားတယ် ဆိုတာကို အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ မဆွေးနွေးခဲ့ပါဘူး။

ထရမ့်က အီရန်ရဲ့ အရေးပါပြီး သင့်တော်မှန်ကန်တဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောနေပေမယ့် ဘယ်သူတွေလဲ ဆိုတာကိုတော့ ထုတ်ဖော် မကြေညာပါဘူး။ အီရန်မှာ အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အများအပြားဟာ အီရန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က သူ့ရဲ့ နိုင်ငံဟာ စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ အကောင်အထည် ဖော်ဖြစ်မယ်ဆိုရင် အိမ်ရှင်အဖြစ် လက်ခံ တာဝန်ယူပေးဖို့ လိုလားကြောင်း မတ်လ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဖက်ဖက်က လက်ခံနိုင်မယ့် ဖြေရှင်းမှုတစ်ခု ရှာဖွေနိုင်ရေးအတွက် အဓိပ္ပါယ် ပြည့်ဝပြီး မျှတတဲ့ ဆွေးနွေးပွဲတွေ အထမြောက်အောင် ပါကစ္စတန်က ကူညီချင်တယ်လို့ သူက လူမှုကွန်ရက်မီဒီယာ Xကနေ ကြေညာခဲ့ပါတယ်။

ပါကစ္စတန် အစိုးရ သတင်းရင်းမြစ် တစ်ဦးကတော့ ဆွေးနွေးပွဲတွေ အထမြောက်နိုင်ခြေအတွက် ညှိနှိုင်းမှုတွေက တိုးတက်နေကြောင်းနဲ့ တကယ်လို့ အဆင်ပြေပြေ ရှေ့ဆက်နိုင်မယ်ဆိုရင် တစ်ပတ်အတွင်း မျက်နှာစုံညီ တွေ့ဆုံတာတွေ စတင်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook