Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခ ကောက်မယ့် အီရန်ရဲ့ အစီအစဉ် တရားမဝင်ဘူးလို့ အမေရိကန်တုံ့ပြန်

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခ ကောက်ခံမယ့် အီရန်ရဲ့ အစီအစဉ်ဟာ လုံးဝ တရားမဝင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခ ကောက်ခံမယ့် အီရန်ရဲ့ အစီအစဉ်ဟာ လုံးဝ တရားမဝင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားကို တရားဝင် ပိတ်ပစ်ကြောင်း အီရန်က ကြေညာပြီး ဖြတ်သန်းခုတ်မောင်းမယ့် သင်္ဘောတွေဆီက ငွေကြေးကောက်ယူမယ့် အကြောင်းကို မတ်လ ၂၇ ရက်နေ့မှာ အီရန်က ကြေညာခဲ့ပါတယ်။ ဒီအခြေအနေဟာ အီရန်စစ်ပွဲကို စတင်ခဲ့တဲ့ အမေရိကန် အစိုးရအတွက် ပိုပြီး ဖိအားများလာစေမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ပူးပေါင်းတိုက်ခိုက်လို့ စစ်ပွဲစတင်လာတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာ့ရေနံ တင်ပို့မှုတွေအတွက် အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားလိုက်ပါတယ်။ ပြီးတော့ ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကိုပါ အီရန်က တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မိတ်ဖက် နိုင်ငံတချို့ရဲ့ သင်္ဘောတွေကို အကန့်အသတ်နဲ့ ဖြတ်သန်းခွင့် ပေးနေခဲ့ရာက မတ်လ ၂၇ ရက်နေ့မှာတော့ ဟောမုဇ်ကို တရားဝင် ပိတ်လိုက်ကြောင်း အီရန်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မှာပဲ ရူဘီရိုဟာ ပြင်သစ်နိုင်ငံမှာ G7 အဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေနဲ့ တွေ့ဆုံခဲ့ပြီး အီရန်စစ်ပွဲဟာ နောက်ထပ် ၂ ပတ်ကနေ ၄ ပတ်လောက်ထိ ကြာနိုင်သေးကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက်လည်း အမေရိကန် အစိုးရဟာ အီရန်နဲ့ နောက်ကွယ်မှာ အလေးအနက် ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ရူဘီရိုက ဆိုပါတယ်။

တစ်ဖက်မှာတော့ အီရန်ဟာ ရေလက်ကြား ဖြတ်သန်းခွင့်အတွက် ငွေကြေး ကောက်ခံမှုတွေ စတင်နေပြီး တချို့သင်္ဘောတွေဟာ အဲဒီရေပြင်မှာ ဘေးကင်းကင်းနဲ့ ခုတ်မောင်းနိုင်ဖို့ အီရန် အစိုးရဆီ သန်းနဲ့ချီတဲ့ ဒေါ်လာငွေတွေ ပေးချေခဲ့တယ်လို့ သတင်းတွေ ပျံ့နှံ့နေပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို နိုင်ငံပိုင်နက်အဖြစ် ထိန်းချုပ်သတ်မှတ်ပြီး ကွပ်ကဲသွားဖို့ စီမံနေပြီလို့ သိရပါတယ်။

ရူဘီရိုက ဟောမုဇ်မှာ ဖြတ်သန်းခ ငွေကြေးကောက်ခံတာဟာ တရားမဝင်ရုံသာ မကဘဲ လက်ခံနိုင်စရာလည်း မရှိကြောင်း၊ ကမ္ဘာကြီးအတွက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ဒီကိစ္စကို တန်ပြန်ဖို့ အစီအမံတစ်ခုခု ရှိသင့်ပြီဖြစ်ပြီး အမေရိကန်ကလည်း အဲဒီအစီအစဉ်မှာ ပါဝင်မယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားလာရင် ဟောမုဇ်ကို ပိတ်ချပစ်မယ်လို့ အီရန်က အကြိမ်ကြိမ် ကြိုတင် ခြိမ်းခြောက်ထားခဲ့ပြီး အမေရိကန် အစိုးရကတော့ ဟောမုဇ်ကို အီရန်က ပစ်မှတ်ထားလာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အခင်းအကျင်းတွေ ကြိုတွေးထားပြီးဖြစ်တယ်လို့ အာမခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်ဖြစ်လာပြီး သီတင်း ၄ ပတ် ကြာတဲ့ထိ အီရန်ဟာ ဟောမုဇ်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ထိန်းထားဆဲ ဖြစ်သလို အကျိုးဆက် အနေနဲ့ တစ်ကမ္ဘာလုံးမှာ လောင်စာအကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။

ကိုးကား: New York Times
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။