ရှေ့နေချုပ် ပမ်ဘွန်ဒီကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
ဘွန်ဒီဟာ ထရမ့်ရဲ့ ကာလရှည်ကြာ နိုင်ငံရေး မဟာမိတ် တစ်ဦး၊ အမာခံ သစ္စာစောင့်သိသူ တစ်ဦးလို့ လူသိများသူပါ။ ပြီးတော့ ထရမ့်ရဲ့ အစိုးရအဖွဲ့ လုပ်နေသမျှ ဝေဖန်စရာ ကိစ္စမှန်သမျှကို အပြင်းအထန် ခုခံ ကာကွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဧပြီ ၂ ရက်နေ့မှာတော့ ထရမ့်က ဘွန်ဒီကို ရှေ့နေချုပ် ရာထူးက ထုတ်ပယ်ကြောင်း ကြေညာချိန်မှာ အဲဒီ အမျိုးသမီးဟာ ပုဂ္ဂလိက ကဏ္ဍတစ်ခုဆီ ကူးပြောင်း တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ အမေရိကန် အစိုးရ အဖွဲ့မှာတော့ ရှေ့နေချုပ်ဟာ တရားရေး ဝန်ကြီးဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
ဘွန်ဒီဦးဆောင်တဲ့ တရားရေး ဝန်ကြီးဌာနဟာ ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု၊ လူမှောင်ခိုမှု တရားခံ ဂျက်ဖရီ အပ်စတိန်းအကြောင်း စစ်ဆေးတဲ့ အကြောင်းအရာတွေကို ဖုံးကွယ်ဖို့ အားထုတ်ကြောင်း စွပ်စွဲမှုတွေ ကြုံခဲ့ရဖူးပါတယ်။ အပ်စတိန်းဟာ ထရမ့်ရဲ့ မိတ်ဆွေဟောင်း တစ်ဦးဖြစ်ခဲ့ခြင်းကြောင့်လည်း သူ့ရဲ့ အရှုပ်တော်ပုံမှာ ထရမ့်ရော ပတ်သက် ဆက်နွှယ်ခဲ့သလား ဆိုတာကို ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement
ထရမ့်ဟာ သူ့ရဲ့ အစိုးရ အဖွဲ့ထဲက အမျိုးသမီး ဝန်ကြီးနှစ်ဦးကို ဆက်တိုက် ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်ကို ထရမ့်က ဖယ်ရှားခဲ့ပါတယ်။
အပ်စတိန်းဖိုင်တွေ ကိစ္စမှာ ဘွန်ဒီရဲ့ ကိုင်တွယ်ပုံတွေကို သဘောမကျလို့ သူ့ကို ထရမ့်က ထုတ်ပယ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဘွန်ဒီရဲ့ လက်ထောက်ဟောင်းဖြစ်သူ တော့ဒ် ဘလန်ချီက ငြင်းဆိုသွားပါတယ်။ သမ္မတ ထရမ့်ကိုယ်တိုင်ကလည်း သူ့ရဲ့ ရှေ့နေချုပ်ဟာ နိုင်ငံကို လုံခြုံအောင် အများကြီး ကူညီခဲ့တယ်ဆိုတာ အတိအလင်း အသိအမှတ်ပြု ချီးကျူးထားကြောင်း၊ ဘွန်ဒီဟာ အမေရိကန် အစိုးရ ပထမသက်တမ်း တစ်နှစ်တာအတွင်း ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြောင်း ဘလန်ချီက ပြောပါတယ်။ ဘလန်ချီဟာ ဘွန်ဒီရဲ့ ရှေ့နေချုပ် ရာထူးကို လက်လွှဲယူမှာပါ။
ဘွန်ဒီက သူ့အနေနဲ့ ဘလန်ချီဆီ ရာထူးလွှဲပြောင်းရေး ကိစ္စကို အားတက်သရော လုပ်ဆောင်နေကြောင်း၊ ရှေ့နေချုပ်အဖြစ် တာဝန်ယူခွင့် ရခဲ့တာဟာ တစ်သက်စာ ဂုဏ်ယူရမယ့် အမှတ်တရ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ကတော့ ဘွန်ဒီဟာ မျိုးချစ်တစ်ဦး၊ သစ္စာရှိ မိတ်ဆွေတစ်ဦးဖြစ်ပြီး ရှေ့နေချုပ် ရာထူးတာဝန်မှာ ပြီးခဲ့တဲ့ တစ်နှစ်တာလုံး ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ချီးကျူး ရေးသားထားခဲ့ပါတယ်။ အားလုံးကလည်း ဘွန်ဒီကို ချစ်ကြကြောင်း၊ အခုတော့ ဘွန်ဒီအတွက် ပိုပြီး လိုအပ်တဲ့ ပုဂ္ဂလိက လုပ်ငန်းနေရာ တစ်ခုဆီ လွှဲပြောင်း နေရာချပေးမှာဖြစ်ကြောင်း၊ အသေးစိတ်ကို မကြာခင် ကြေညာနိုင်ဖွယ်ရှိကြောင်းလည်း ထရမ့်က ဆိုပါတယ်။
ဘွန်ဒီဟာ ရှေ့နေချုပ်အဖြစ် ၁၄ လကြာ တာဝန်ယူပြီးတဲ့နောက် ရာထူးက ဖယ်ရှား ခံခဲ့ရတာပါ။ သူဟာ ရှေ့နေချုပ် နေရာအတွက် ထရမ့်ရဲ့ ဒုတိယ ဦးစားပေး ရွေးချယ်မှုလည်း ဖြစ်ခဲ့ပါတယ်။ မူလက ထရမ့်ဟာ ဖလော်ရီဒါ လွှတ်တော်အမတ်ဟောင်း မတ်ဂေ့တ်ဇ်ကို ရှေ့နေချုပ်အဖြစ် လျာထားခဲ့ပေမယ့် အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ လိင်ကိစ္စ ရှုပ်ထွေးမှု အပါအဝင် ကျင့်ဝတ်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့အတွက် ဘွန်ဒီကိုပဲ ရှေ့နေချုပ် တာဝန် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – The New York Times


















































