လုပ်ကြံမှုနဲ့ အာဏာသိမ်းနိုင်ခြေ အလားအလာတွေကြောင့် ရုရှားအစိုးရဟာ သမ္မတ ဗလာဒီမာ ပူတင်အတွက် သတ်မှတ်ထားတဲ့ လုံခြုံရေး အစီအမံတွေကို အထူးတိုးမြှင့် ကြပ်မတ်နေကြောင်း ဥရောပ ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
CNN သတင်းဌာနဟာ အဲဒီ လျှို့ဝှက်အစီရင်ခံစာကို လေ့လာခွင့် ရခဲ့ပြီး ရုရှားအစိုးရရဲ့ လုံခြုံရေး အေဂျင်စီတွေက ပူတင်အတွက် အကာအကွယ် အစီအမံတွေ ဘယ်လို တင်းကျပ်နေသလဲ ဆိုတာကို ပြန်လည် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မော်စကို မြို့တော်အပါအဝင် ရုရှားရဲ့ ဒေသတချို့မှာ ယူကရိန်း လက်ချက်လို့ ယူဆရတဲ့ လုပ်ကြံမှုတွေကြောင့် ရုရှားစစ်ဘက် ထိပ်တန်း အရာရှိတွေ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေက ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကို အများကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အခုအခါ သမ္မတနဲ့ အနီးကပ် ရှိနေနိုင်တဲ့ စားဖိုမှူးတွေ၊ ကိုယ်ရံတော်တွေ၊ ဓာတ်ပုံဆရာတွေကို အများပြည်သူ အသုံးပြုတဲ့ ပို့ဆောင်ရေး စနစ်တွေ၊ ဥပမာ ဘတ်စ်ကားနဲ့ ရထားတွေ အသုံးပြု သွားလာခြင်းကို ကရင်မလင် နန်းတော်က တားမြစ်ထားပါတယ်။ ဒါ့အပြင် ပူတင်ကို တွေ့ဖို့ နန်းတော်ဆီ ရောက်လာတဲ့ ဘယ်သူမဆို scanဖတ် စစ်ဆေးမှုတွေကို နှစ်ကြိမ်တိုင် ဖြတ်သန်းရပါတယ်။ ပူတင်နဲ့ အနီးကပ် အလုပ်လုပ်ရသူတွေဟာ တာဝန်ချိန်မှာ အင်တာနက် ချိတ်လို့မရတဲ့ မိုဘိုင်းဖုန်းတွေကိုပဲ အသုံးပြုကြရပါတယ်။

Public Service Announcement
ဒီဇင်ဘာလတုန်းက ထိပ်တန်း ရုရှားဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အဲဒီလို လုံခြုံရေး အစီအမံတွေက ပိုပြီး တင်းကျပ်လာခဲ့တယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။ ပူတင်ကိုယ်တိုင်လည်း အနေအစား ပိုကျုံ့လာဟန်ရှိပြီး သူပုံမှန် လည်ပတ်သွားလာတတ်တဲ့ နေရာတွေ စာရင်းကိုလည်း လုံခြုံရေ အေးဂျင့်တွေက သိသိသာသာ လျှော့ချပစ်ခဲ့ပါတယ်။ မော်စကို တဝိုက်နဲ့ ဗယ်လ်ဒိုင်မြို့တို့မှာ ရှိတဲ့ မကြာခဏ လည်ပတ်သွားလာခဲ့တဲ့ နေရာတွေကို ပူတင်နဲ့ မိသားစုဝင်တွေ သွားရောက်တာမျိုး မရှိတော့ဘူးလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ကရင်မလင် နန်းတော်က စိုးရိမ်တဲ့ နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကတော့ အာဏာသိမ်းမယ့် ဖြစ်နိုင်ခြေလို့ သိရပါတယ်။ နောက်ပြီး အစိုးရနဲ့ ပတ်သက်တဲ့ ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ သတင်းအချက်အလက် ပေါက်ကြားမှုတွေ အတွက်လည်း အတွင်းပိုင်း တင်းမာမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။
အဲဒီ အစီရင်ခံစာမှာ အံ့ဩစရာ အကောင်းဆုံး သုံးသပ်ချက် တစ်ခုက ပူတင်ဆီက အာဏာသိမ်းဖို့ ကြံစည်မယ့် ဖြစ်နိုင်ခြေ အရှိဆုံးသူအဖြစ် ကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဂျီရွှိုင်ဂူကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ ပူတင်ရဲ့ အနီးကပ်ဆုံး မဟာမိတ် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ရွှိုင်ဂူဟာ ကာကွယ်ရေး ဝန်ကြီးရာထူးကနေ ပထုတ်ခံထားရတဲ့နောက် အခုအခါ ပူတင်ရဲ့ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးအဖြစ် ခန့်အပ် ခံထားရသူ ဖြစ်ပါတယ်။ သူဟာ ရုရှားစစ်တပ်ရဲ့ အမြင့်ဆုံး အမိန့်ပေးမှု ကွန်ရက်အပေါ်မှာ ဩဇာညောင်းသူ တစ်ဦးဖြစ်ပြီး ဒါကြောင့်လည်း ပူတင်က ရွှိုင်ဂူနဲ့ စစ်တပ်ကြားက ဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့ ကြံစည်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ရွှိုင်ဂူရဲ့ လက်ရုံးလို့ ဆိုနိုင်တဲ့ ရူစ်လန် ဆာလီကော့ဗ်ဟာ မတ်လ ၅ ရက်နေ့က အဖမ်းခံခဲ့ရပြီး ဒါဟာ ရုရှားနိုင်ငံရဲ့ ရေပေါ်ဆီ အသိုက်အဝန်းကြားက အပြန်အလှန် ထားရှိတဲ့ နားလည်မှုကို ပူတင်ဖက်က ချိုးဖောက်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အစီရင်ခံစာထဲမှာ သုံးသပ်ထားပါတယ်။ ဆာလီကော့ဗ်ကို အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခြင်းဟာ ရွှိုင်ဂူကို အားနည်းသွားအောင် ထိုးနှက်တဲ့ ခြေလှမ်းတစ်ခုလို့ ယုံကြည်ရပြီး သိပ်မကြာခင်မှာ ရွှိုင်ဂူကိုယ်တိုင်ပါ စုံစမ်းစစ်ဆေးမှု စက်ကွင်းထဲ ကျရောက်လာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပူတင်အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက ရုရှားကြေးစားတပ်ဖွဲ့ Wagnerရဲ့ မအောင်မြင်တဲ့ ပုန်ကန်မှုအတွက်လည်း ချောက်ချားနေဆဲလို့ ယုံကြည်ရပါတယ်။ အဲဒီနှစ် ဇွန်လတုန်းက ယူကရိန်း စစ်မြေပြင်မှာ ကွပ်ကဲနေတဲ့ ရုရှားစစ်ဦးစီးတွေရဲ့ ဗျူဟာကို မကျေနပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Wagner တပ်တွေဟာ မြို့တော် မော်စကိုဆီ ချီတက်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘဲ တစ်ရက် အကြာမှာပဲ Wagner တပ်တွေဟာ အစီအစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။ Wagnerရဲ့ ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂေါ့ရှင်ဟာလည်း ပဟေဠိဆန်တဲ့ လေယာဉ် ပျက်ကျမှု တစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။
ကိုးကား: CNN


















































