Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အကျပ်အတည်းတိုးတက်မှု မရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်

မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား စိတ်ပျက်မှုမြင့်တက်လာတယ်လို့ ဖိလစ်ပိုင်သမ္မတမာကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာ။ ဓာတ်ပုံ - PNA ၊ ASEAN

မေ-၈၊ ၂၀၂၆။ People’s Spring

မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား စိတ်ပျက်မှုမြင့်တက်လာတယ်လို့ ဖိလစ်ပိုင်သမ္မတမာကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလွဲလို့ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးတက်ရောက်ကြတဲ့ အာဆီယံထိပ်သီးညီလာခံကို ဒီနေ့ မေလ ၈ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ် လာပူလာပူမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ ဖိလစ်ပိုင်သမ္မတက အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေက မြန်မာ့အကျပ်အတည်းကို ခက်ခဲတဲ့ပြဿနာအအဖြစ် ရှုမြင်ခဲ့ကြပြီး လက်ရှိအချိန်အထိ ရှင်းလင်းပြတ်သားတဲ့အဖြေတွေလည်း ရှိမနေဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဒီနေ့ တံခါးပိတ်အစည်းအဝေးကျင်းပကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်တိုးဖို့အတွက် အခုထက် ပိုမိုအားထုတ်ကြိုးပမ်းရမယ်ဆိုတာတွေကို ခေါင်းဆောင်တွေ အကြား သဘောတူညီခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။

“ကျွန်တော်တို့အားလုံး တသဘောထားတည်းရှိတာက အခုထက်ပိုမိုတိုးတက်မှုတွေ မြင်တွေ့ချင်တာပါပဲ။ လက်ရှိမှာ ဘာမှ တိုးတက်မှု မရှိနေတာကို ပြောင်းလဲဖို့ နည်းလမ်းတွေ အပူတပြင်းရှာဖွေရမယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး သဘောတူကြပါတယ်။ (အခုက)ဘာတိုးတက်မှုမှ မရှိနေတာ”လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတမားကို့စ်က ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်တွေကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိတာကိုလည်း ခေါင်းဆောင်က စိတ်ပျက်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် လက်ခံခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်ဆိုတာဟာ အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်ထားပြီး အာဆီယံက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူဘောင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုက နှစ်တွေချီ ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာစိန်ခေါ်မှုတွေ ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံအခြေအနေကို ချဥ်းကပ်ဆောင်ရွက်မှုက မြူတမှုန်စာအရွေ့တောင် မဖြစ်ဘူး ထင်ပါတယ်”လို့ သမ္မတမားကို့စ်က ပြောပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ လူ့အခွင့်အရေးလေးစားဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ အာဆီယံ ဗဟိုချက်ကျမှုတွေအပါအဝင် အဖွဲ့အစည်းကြီးရဲ့ အဓိကမူလမ်းစဥ်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့ အလှည့်ကျဥက္ကဋ္ဌဖြစ်သူက အလေးပေး ပြောကြားပါတယ်။

တဖက်မှာလည်း အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်ဖယ်ကြဥ်ထားဆဲဖြစ်ပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိပ်မကြာခင်ကာလမှာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းကနေ တွေ့ဆုံဖို့ ဆုံးဖြတ်ထားကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောကွဲလွဲမှုရှိနေပြီး အဖွဲ့ဝင်နိုင်ငံတချို့က အာဏာသိမ်းစစ်တပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့ဆက်ဆံဖို့ တွန်းအားပေးနေသလို တချို့နိုင်ငံတွေကတော့ အာဆီယံထိပ်သီးအဆင့် ဆွေးနွေးပွဲတွေ မတက်ရောက်မီမှာ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ် လက်တွေ့တိုးတက်ဖြစ်ထွန်းမှုတွေ အရင်ပြသဖို့ အခိုင်အမာရပ်တည်ထားကြပါတယ်။

ကိုးကား – PNA

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။