●မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဒေသခံတွေ နဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ပြောခွင့်ရ မဆိုင်းမိုင်နဲ့ မေးမြန်းခန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ အာဏာသိမ်းစစ်တပ်က အရှိန်မြှင့်လုပ်လာပါတယ် ။ မြန်မာနိုင်ငံမြောက်ဖျားမှ မြစ်ဝကျွန်းပေါ်အထိ မိုင်ပေါင်း ၁၃၀၀ကျော် ဖြတ်သန်းစီးဆင်းရင်း တစ်နိုင်ငံလုံးကိုအကျိုးပြု နေတဲ့ မြန်မာ့အသက်သွေးကြောဧရာဝတီ မြစ်မှာ တရုတ်အစိုးရနဲ့ စစ်တပ်ပူးပေါင်းပြီး မြစ်ဆုံစီမံကိန်းလုပ်မယ့်အပေါ် ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ဖွဲ့တို့ကကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ကန့်ကွက်ခဲ့တဲ့ ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ ၄၉ဖွဲ့ရဲ့ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ မဆိုင်းမိုင်ကို လူထုနွေဦးကမေးမြန်းထားပါတယ် ။
-ရွက်ဝါ/People’s Spring
မေး- မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ရတဲ့ အခြေအနေ ကို အရင်ဆုံး ရှင်းပြပေးပါလား။

Public Service Announcement
ဖြေ-မြစ်ဆုံရေကာတာ စီမံကိန်း သဘောထား ထုတ်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ကချင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့နဲ့အတူ ကချင်ဒေသခံတွေ ပူးပေါင်းပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်တယ်။ ဒီဟာက ကျမတို့ အနေနဲ့ လက်ရှိ ဒီစစ်အစိုးရကနေ သူ့ရဲ့ အပေါင်းအပါတွေ သူ့ရဲ့ လက်အောက်ခံ အဖွဲ့တွေက နေပြီးတော့ ဒီမြစ်ဆုံရေကာတာ ပြန်လည်စတင်နိုင်ဖို့အတွက် စည်းရုံးရေးတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတဲ့ဟာကို တွေ့ရတယ်။ ဒီလို လုပ်ဆောင်တဲ့ အချိန်မှာ သူတို့တွေက တဖက်မှာက မြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင် ရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြီးတော့ တဖက်မှာကျတော့ သူတို့ကကျတော့ လွတ်လွတ်လပ်လပ်နဲ့ အခွင့်အာဏာတွေ အသုံးပြုပြီး စည်းရုံးရေးတွေ လုပ်နေတယ်။ လူတွေကို မတက်မနေရ ဖိတ်ပြီးတော့ တက်ရောက်စေတဲ့ ဟာမျိုးတွေ တွေ့ရတယ်။ ဒီလိုမျိုး လုပ်ရပ်က ဒီ လက်ရှိ ကချင်ပြည်နယ်က ပြည်သူတွေဟာ စစ်ပွဲ ပဋိပက္ခကြောင့်မို့ သိန်းနဲ့ ချီပြီးတော့ ပြည်သူတွေ များစွာက စစ်ပြေးဒုက္ခသည် အဖြစ်အနေနဲ့ IDP Camp တွေမှာနေနေရတယ်။ သူတို့ သွားတွေ့တဲ့နေရာတွေဆိုလည်း ဝိုင်းမော်တို့မှာဆိုလည်း မြစ်ဆုံအထက်ဘက်က ပြည်သူတွေပေါ့။ အထူးသဖြင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ပြည်သူတွေများတယ်။ ဒီလိုမျိုး ခက်ခဲ ကျဉ်းထဲ ကြပ်ထဲရောက်နေတယ် အသက်ရှင်ရပ်တည်ခွင့်ကို ရဖို့ အတွက် သူတို့ခမျာထွက်ပြေးတိမ်းရှောင်လာရတဲ့ အခြေအနေမှာ တနေ့စာ တနေ့ စားဖို့တောင် ခက်ခဲနေတယ်။ အားလုံးသိတဲ့အတိုင်း အခုအချိန်မှာ IDP Campမှာ စားနပ်ရိက္ခာမဖူလုံမှုတွေအများကြီးကြုံရတယ်။ဒီလိုအခက်အခဲကြားမှာနေရတဲ့အထဲမှာ ထပ်ပြီးတော့မြစ်ဆုံရေကာတာပြန်လည်စဖို့ အတွက် သူတို့တွေ သွားပြီးတော့ ရှင်းလင်းပွဲကို တက်ရောက်ခိုင်းတယ်။ ဆိုတော့ လူထု စည်းရုံးရေး ဆန္ဒခံယူပွဲ ဆိုပေမယ့် သူတို့ဟာ ကျတော့ သူတို့ရဲ့ ဝါဒဖြန့်နေတယ်။ မြစ်ဆုံရေကာတာ ပြန်လုပ်မယ် ဒါလုပ်ရင် အလုပ်အကိုင်ရမယ် မီးရမယ် ဖွံ့ဖြိုးမယ် ဆိုတဲ့ အရာတွေနဲ့ပဲ သူတို့ ဒီလိုမျိုး ပြောပြီးတော့ ပြည်သူတွေကို အတင်းအကြပ် တက်ရောက်စေတာမျိုးတွေ လုပ်ဆောင်နေတာကို လုံး၀ ရပ်တန့်ပါ။ ပြီးရင် စီမံကိန်းကြီးကိုလည်း အပြီးတိုင် ဖျက်သိမ်းပေးပါလို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
မေး- စစ်အုပ်စုက ၂၀၂၅ နှစ်ကုန်လောက်ကစပြီး စီမံကိန်းပြန်စနိုင်ဖို့ ဆက်တိုက်ကြိုးပမ်းလာတဲ့ အခြေအနေ တွေ့ရပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းကနေ အခုအထိ မြစ်ဆုံစီမံကိန်း ပြန်လုပ်ဖို့ စစ်အုပ်စုကဘာတွေလုပ်လာတာသတိပြုမိပါသလဲ။
ဖြေ- မြစ်ဆုံ ရေကာတာနဲ့ပတ်သက်ပြီးတော့ဒီလို စည်းရုံးရေးအပြင် အခြား ဘာတွေရှိလဲဆိုတော့ မြင်သာထင်သာရှိတာက ဒီ ကချင်ပြည်နယ်မှာ မြစ်ကြောင်းတလျှောက်မှာ ရွှေတူးတဲ့ဟာ အကြီးအကျယ် လုပ်ခွင့်တွေ ပေးနေတာ တွေ့ရတယ်။ ဒီလိုပေးတဲ့အထဲမှာ ဆိုရင်လည်း ဒေသ က သူတို့နဲ့ အကျိုးတူ သူတို့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို သူတို့နဲ့ အကျိုးပါ သူတို့နဲ့ သဘောတူတဲ့ အုပ်စုတွေ ခရိုနီတွေ ဒီလူတွေက အကြီးအကျယ် ရွှေတူးတဲ့ စီမံကိန်းကြီးတွေ လုပ်နေတဲ့ဟာတွေကို မြင်တွေ့ရတယ်။ တဖက်မှာလည်း သူတို့က ဒီလို စည်းရုံးရေး လုပ်ဆောင်တဲ့အခါမှာ အခုက သူတို့က ကချင်ပြည်သူတွေကို အချင်းချင်း ပြန်လည်ပြီးတော့ အငြင်းပွားစရာ အချင်းချင်း ရန်တိုက်ပေးတဲ့ အနေနဲ့ ဒေသခံက လူတစုပေါ့ တဦးကောင်းစားရေးကို အကျိုးမျှော်တဲ့ သူ တဦးတစုနဲ့ပဲ သူတို့ ပြန်ပြီး အသုံးချလုပ်ဆောင်နေရတာမြင်ရတယ်။ စီမံကိန်း ဆိုဒ်ထဲမှာက သူတို့တွေ ဘာတွေ လုပ်နေလဲ ဆိုတဲ့ဟာက ကျမတို့ မမြင်ရပါဘူး။ သူတို့ တွေက ဂိတ်တွေ အဆင့်ဆင့်ချထားတယ် သူတို့ သွားလာခွင့်တွေ ပိတ်ပင်ထားတဲ့နေရာတွေ ဖြစ်တယ်။ ဆိုတော့ ပြောနိုင်တာ တခုကတော့ ဒီကချင်ပြည်နယ် မြစ်ဆုံအထက်ဘက်ကနေတဆင့် နယ်စပ်ကို သွယ်တန်းထားတဲ့လမ်းတလျှောက်ဘက်မှာ ဒေသတလျှောက်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေ အများဆုံး ခြေရှုပ်တဲ့နေရာဖြစ်တယ်။ အခု မာရှယ်လောထုတ်ထားတဲ့ နေရာတွေထဲမှာ အကျုံးဝင်တဲ့ နေရာတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီလို အခြေအနေ ရှိတဲ့ နေရာမှာ မြစ်ဆုံစီမံကိန်းကြီးကို အကောင်အထည်အတင်းအဓမ္မ ဖော်ဆောင်မယ်ဆိုရင် ဖြစ်နေတဲ့ တိုက်ပွဲကို မီးစထိုးပေးသလို လောင်စာဓာတ်ဆီ လောင်းလိုက်သလို အရှိန်အဟုန်ပိုပြီးတော့ ပြင်းထန်လာစေမယ်လို့ ကျမတို့ အနေနဲ့ စိုးရိမ်ပါတယ်။ ကျမတို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေ ဖြစ်စဉ်တွေ အမြန်ဖြစ်လာဖို့ မျှော်လင့်နေတယ်။ သို့သော်ငြားလည်း ဒီလိုမျိုး အကြီးစား စီမံကိန်းတွေ အတင်းအဓမ္မ ဖော်ဆောင်မှုတွေ ကို ဆက်တိုက်လုပ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာကလည်း အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်လို့ ကျမတို့ အနေနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
မေး -အာဏာသိမ်းစစ်တပ် အလိုကျ မြစ်ဆုံ လုပ်ဖို့ စည်းရုံးပေးနေတဲ့ ကချင်ဒေသခံ အချို့နဲ့ နိုင်ငံရေးသမားအချို့ကို ရော ဘာပြောချင်ပါသလဲ။ အထူးသဖြင့် အရင်က မြစ်ဆုံ မလုပ်ဖို့ ကန့်ကွက်ခဲ့ကြဖူးတဲ့ ဦးခက်ထိန်နန်နဲ့ ဒေါ်ဒွဲဘူလို့တို လူတွေ အပါအဝင် စစ်အုပ်စုအလိုကျလုပ်ဆောင်နေသူတွေကိုပါ။
ဖြေ – စစ်အုပ်စုရဲ့ အစိုးရ ယန္တရားတွေမှာ ဝင်ရောက်သွားတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပါတီတွေ ကိုယ်စားလှယ်တွေ အများကြီးမျှော်လင့်စရာတော့ မရှိဘူးလေ။ဘာလို့လဲဆိုတော့ သူတို့က ဒီခိုင်းတာပဲ လုပ်တဲ့အနေအထားမှာ မြင်ရတယ်။ ဘာဖြစ်လို့လဲဆို ဦးခက်ထိန်နန်တို့ ဒေါ်ဒွဲဘူတို့ဆိုတာ အရင်က မြစ်ဆုံအရေးကို မီဒီယာမှာထွက်ပြီးတော့ဟစ်ခဲ့တဲ့ သူတွေ ဆန့်ကျင်ခဲ့တဲ့ သူတွေဖြစ်တယ်။ အခုကျမှ သူတို့ ဘက်ပြောင်းပြီးတော့ ရောက်သွားကတည်းက သူတို့ရဲ့ ဆန္ဒက ပြည်သူနဲ့အတူမရှိဘူးဆိုတာ အတိအလင်းပဲလေ။ အဲဒါ ကြောင့်လည်းပဲ သူတို့ ဒီလုပ်ငန်းတွေကို လုပ်နေတာ။ တကယ်ပဲ ပြည်သူတွေကို မျက်နှာမူတဲ့ အစိုးရ ပြန်လည်မျက်နှာမူလာမယ်ဆိုရင်ကတော့ ပြည်သူတွေ အခု စစ်ပြေးဒုက္ခသည်တွေ များစွာသော စစ်ပြေးဒုက္ခသည်တွေ စားဝတ်နေရေးတွေ အင်မတန်မှ ခက်ခဲနေတယ်။ သူတို့တွေ ကိုလည်း ကာကွယ်ပေးဖို့ ထောက်ပံ့ပေးဖို့ အတင်းအဓမ္မ နေရပ်ပြန်မှုတွေ မလုပ်ဖို့ ဒီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို စဖို့ မစဉ်းစားနဲ့ ဧရာ၀တီမြစ် ရေကြီးရေလျှံမဖြစ်ဖို့ အရင်ဆုံး ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေအတွက် လုပ်ပေး ပြည်သူတွေရဲ့ လုံခြုံရေး စားဝတ်နေရေး အရမ်းခက်ခဲနေတယ်။ ဒီဟာတွေကို အရင်ဖြေရှင်းပေးပါ။ အခု နေ့တဓူ၀ မြစ်ကြီးနားမှာ လူသတ်မှုတွေ ဒီတနှစ်ထဲမှာ ယဉ်တိုက်မှုတွေ ခိုးဆိုလုယက်မှုတွေ မရေနိုင်တော့ဘူး ဒီလို အခြေအနေ တွေတောင်မှ ဘာမှ မထိန်းချုပ်နိုင်တဲ့ ဒီအစိုးရက စီမံကိန်းတွေကိုပဲ မျှော်ကိုးပြီး ခေါင်းကျက် ခေါင်းစား အမြီးကျက် အမြီးစား လုပ်မယ်ဆိုရင် ဒီအစိုးရကလည်း စစ်တပ် ရဲ့ လက်ပါးစေတွေပဲဖြစ်တယ်။
မေး- စီမံကိန်းကို ပြည်သူတရပ်လုံးကန့်ကွက်နေတဲ့ ကြားက စစ်အုပ်စုက ပြန်စဖို့ ကြိုးပမ်းတာ ဘာကြောင့်လို့ သုံးသပ်ပါသလဲ။
ဖြေ-ကျမတို့ အစီရင်ခံစာမှာလည်း ထည့်သွင်းဖော်ပြထားသလို စစ်အစိုးရက တရုတ်ကရောပေါ့ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရာတွေ သူတို့ ယူထားတဲ့ ပိုက်ဆံတွေ အကြွေးတွေ အဆမတန် ဒီအကြွေးတွေကို ပြန်လည်ချေနိုင်ဖို့အတွက်သူတို့ အနေနဲ့ ဒါကို အကောင်အထည်ဖော်နေတယ် အလျင်စလို အကောင်အထည်ဖော်ပြီးတော့ ဒီလိုမျိုး ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့အချိန်မှာ ပြည်သူတွေ ခေါင်းမထောင်နိုင်တဲ့ အချိန်မှာ သူတို့ ဒါကို အခွင့်ကောင်းယူပြီးတော့ ဒါကို အကောင်အထည်ဖော်နေတယ်လို့မြင်တယ်။တဖက်မှာလည်း သူတို့ အနေနဲ့ လက်နက် ပဋိပက္ခ တိုက်ပွဲအတွင်းမှာ သုံးတဲ့ စစ်အသုံးစရိတ်တွေဆိုရင်လည်း များသောအားဖြင့် သယံဇာတက ရတဲ့ ပိုက်ဆံတွေပဲလေ။ ဆိုတော့ ဒီဟာတွေအတွက် စစ်အသုံးစရိတ်တွေ ပြီးလို့ရှိရင် လက်ရှိတင်နေတဲ့ ကြွေးမြီတွေ ပေးနိုင်ဖို့ သူတို့ အလျင်စလို ဖြစ်နေတယ်လို့လည်းမြင်တယ်။ နောက် နိုင်ငံရေးအရကတော့ လက်ရှိ မြန်မာစစ်အစိုးရမှာက သူအားကိုးလို့ရတယ် သူအနေနဲ့ သူ့ကို ကာကွယ်ပေးပေးဖို့ သူ့အနေနဲ့ စကားပြောလို့ရတဲ့ အရာက သူထိုးကျွေးလို့ရတဲ့ အရာက ဒီသဘာ၀သယံဇာတကို ထိုးကျွေးဖို့ပဲ သူမှာ ရှိတယ်။ ကျန်တဲ့ နည်းပညာ အတက်ပညာ သူ့မှာ ဘာမှ မရှိဘူး။ သူ့ကို ကာကွယ်ပေးနေတဲ့ ရုရှားနဲ့ တရုတ်ဆိုတာကလည်း ဒီဟာတွေ ရနေသေးလို့သာ သူ့ကို ကာကွယ်ပေးနေတယ်လို့ ကျမအနေနဲ့ မြင်တယ်။ ဒီလိုမျိုးသာ မရလို့ရှိရင် စစ်အစိုးရက ဂျောင်းသွားတာ ကြာလှပြီ။
မေး- တရုတ်အစိုးရ အနေနဲ့လည်း သဲကြီးမဲကြီး စီမံကိန်းကို လုပ်ချင်နေတာ ဘာကြောင့်လဲ။
ဖြေ- မြစ်ဆုံရေကာတာ စီမံကိန်းအပြင် ဂက်စ်ပိုက်လိုင်းတွေ အခုဆိုရင် ရထားလမ်းတွေ ဖောက်လုပ်ရေးတွေ အတွက် သူတို့က အရမ်း push လုပ်နေတယ်။သူတို့ရဲ့sustainable energy resources တွေရဖို့အတွက် ခြေကုပ်ယူထားတဲ့ အနေအထားမှာလို့ မြင်တယ်။ သူတို့အတွက် မြန်မာနိုင်ငံက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်။ ဒါကို သူတို့ အနေနဲ့ သိတယ်။ မြန်မာအစိုးရကို စေတနာရှိလို့ ကူညီတာ မဟုတ်ဘူး။ သူတို့ အကျိုးအမြတ်အတွက် ဒီလို မတည်ငြိမ်မှုကိုသူတို့အနေနဲ့လည်းအခွင့်ကောင်းယူပြီးတော့ဒီဟာကို အပေးအယူလုပ်နေတယ်လို့မြင်ပါတယ်။
မေး- ဒီစီမံကိန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ဟိုး ၂၀၁၁ လောက်ကတည်းက ကန့်ကွက်ထားတာ သူတို့သ ဘောထားကို တရုတ်အာဏာပိုင်တွေဆီ အသိပေးထားတာ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ KIO ရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကြားသိရပါသေးလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ- KIA/KIO ဘက်ကနေ မြစ်ဆုံစီမံကိန်းအပေါ်မှာ သူတို့ကတော့ပြည်သူလူထုတွေရဲ့ သဘောထားကို လေးစားလိုက်နာပါမယ်ဆိုတဲ့အရာကိုတော့ ဒါ ပြောထားပြီးသားဖြစ်တယ်လေနော်။
မေး-စီမံကိန်းလုပ်ရင် မြန်မာ အနေနဲ့ အကျိုးစီးပွားထက် ဆိုးကျိုးအန္တရာယ်တွေ ကြုံရနိုင်တာ သိလျက် ပြန်စဖို့ ကြိုးပမ်းနေမှုအပေါ် ဘာသတိပေးလိုပါသလဲ။
ဖြေ- အားလုံးသိပြီးသား ပေါ့နော် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမယ်။ ဆိုးကျိုးသက်ရောက်မှုတွေက ကချင်ပြည်နယ် တခုပဲ မဟုတ်ဘူး မြန်မာနိုင်ငံတလျှောက် ဒီဧရာ၀တီမြစ်စီးဆင်းသွားတဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်း မန္တလေးတိုင်း ဧရာ၀တီတိုင်းတောက်လျှောက်က သိန်းနဲ့ ချီတဲ့ မြန်မာပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ရိုက်ချိုးပစ်မယ့် ဒီစီမံကိန်းကြီး ပြောင်းပြန်လှန်ပစ်မယ့် ဒီစီမံကိန်းကြီးကို သိသိလျှက်နဲ့ အကောင်အထည်ဖော်သွားမယ်ဆိုရင် ကချင်ပြည်နယ်သာမကဘူး တနိုင်ငံလုံးကို ပိုပြီးတော့ ဆင်းရဲတွင်းကို ပို့စေမယ့်အပြင် ဒုက္ခခံစားရစေတဲ့အပြင် ကျမတို့ မျှော်လင့်နေတဲ့ငြိမ်းချမ်းရေး နိုင်ငံရေးစကားဝိုင်းဆိုတာလည်း ပိုပြီး အလှမ်းဝေးသွားမှာ ဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခကို ပိုပြီးအရှိန်အဟုန်မြင့်သွားစေနိုင်တယ်လို့ကျမတို့အနေနဲ့မြင်ပါတယ်။
မေး – ကချင်ဒေသခံတွေ အပါအဝင် မြန်မာလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ သက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ စတဲ့ လူမှုဘ၀နဲ့ နိုင်ငံ့လုံခြုံရေးဆိုင်ရာအတွက်ပါ စိုးရိမ်စရာ ဖြစ်စေတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ပြည်သူတွေ ဘာလုပ်သင့်တယ်လိုထင်ပါသလဲ။
ဖြေ- အဲဒီအတွက် ကျမတို့က ကချင်ပြည်နယ်ဒေသ တခုကိုပဲ ဆိုးကျိုးသက်ရောက်စေတာ မဟုတ်တဲ့အတွက်မြန်မာနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ပြည်သူတွေကိုလည်း အရင်တချိန်က သမ္မတ သိန်းစိန် ခေတ်တုန်းကလိုပဲ အားလုံးပါဝင်ပေးဖို့ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးတော့ အတူတူ လုပ်သွားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။


















































