မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းက ဝင်းတာပန်တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိရာ စစ်တပ်က စစ်ကူတပ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
အခု အရပ်သားစစ်ရှောင်တွေရဲ့ ကားကို တားဆီးရပ်တန့်ခိုင်းပြီး ပစ်ခတ်တာဟာ စစ်တပ်ရဲ့စစ်ကူ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“အရပ်သားကားမှန်းသိလျက်နဲ့ ပစ်တာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်မှာ မေလ ၉ရက် နေ့လည် ၂နာရီလောက်မှာ စစ်ရှောင်တွေရဲ့ ကားကို လေးကေတောင်ဂ၀ ဘုရားလေးလမ်းမှာ စစ်တပ်က ရပ်တန့်ခိုင်းလို့ ယာဉ်မောင်းက ရပ်ပေးချိန် လက်နက်ငယ်တွေနဲ့ ပစ်ခံရတာလို့ ဆိုပါတယ်။
ဒီလို ပစ်ခတ်လို့ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ သေဆုံးကာ ကလေးငယ်ရဲ့ အမဖြစ်သူ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့အထဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ဦး ဖမ်းဆီးခံရတယ်လို့ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲက ယာဉ်မောင်းအပါအဝင် ၂ဦးကိုတော့ မနေ့က မေလ ၁၀ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ ဝင်းတာပန်ဒေသမှာလည်း တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာ၊ စက်တပ်လေထီးသုံး ဗုံးကြဲတာတွေ လုပ်ဆောင်နေလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ပြောပါတယ်။


















































