ဟောမုဇ် ရေလက်ကြားကို ထိန်းချုပ်ထားနိုင်ခြင်းက နိုင်ငံစီးပွားရေးအတွက် ဝင်ငွေ တိုးစေမယ့်အပြင် အီရန်ရဲ့ နိုင်ငံတကာ အလယ် ရပ်တည်မှုကိုလည်း ပိုအားကောင်းလာစေမယ်လို့ အီရန်စစ်တပ်က ဆိုပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပြု တိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် မတ်လဆန်းကစလို့ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ရှိနေတဲ့ အချက်အခြာ နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားလိုက်ပါတယ်။
ဟောမုဇ်ဟာ နိုင်ငံတကာ ရေနံနဲ့ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးအတွက် မဟာဗျူဟာ ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး အီရန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားမှာ စွမ်းအင်ဆိုင်ရာ ခေါင်းခဲစရာ အခြေအနေတွေ ကြုံလာရပါတယ်။
ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က အီရန်အပေါ် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနေပေမယ့် အီရန်ကတော့ အဲဒီရေလမ်းကြောင်းကို ဆက်ပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။ တချို့ သင်္ဘောတွေဟာ အီရန်နဲ့ ညှိနှိုင်း၊ အီရန်တောင်းဆိုတဲ့ ရေလက်ကြား အသုံးပြုခွင့် အခွန်အခကို ပေးဆောင်ပြီး ခုတ်မောင်းတာမျိုး ရှိခဲ့ပါတယ်။

Public Service Announcement
နောက်ပိုင်းမှာတော့ အမေရိကန်ကလည်း ဟောမုဇ်ရေလက်ကြားအထွက် အိုမန်ပင်လယ်ကွေ့မှာ ရေတပ်တွေ ဖြန့်ကျက်ပြီး အီရန်ကနေ ထွက်ခွာလာတဲ့ သင်္ဘောတိုင်းကို ပိတ်ဆို့လာခဲ့ပါတယ်။
ဟောမုဇ်ကို ထိန်းချုပ်ထားခြင်းကြောင့် နိုင်ငံရဲ့ ဝင်ငွေ တိုးလာမှာဖြစ်ကြောင်း၊ ရေနံကနေ ရတဲ့ ဝင်ငွေရဲ့ နှစ်ဆလောက်ထိ များပြားတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ ဒါတင် မကဘဲ နိုင်ငံတကာ မျက်နှာစာမှာလည်း အီရန်ရဲ့ ဩဇာကို ချဲ့ထွင်နိုင်မှာဖြစ်ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အက္ကရာ မီနီရာက ပြောကြားခဲ့ပါတယ်။
ဟောမုဇ် ရေလက်ကြားရဲ့ အနောက်ဖက်ခြမ်း ရေပြင်ကို အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ထိန်းချုပ်ထားပြီး အရှေ့ဖက်ပိုင်းကိုတော့ အီရန် ရေတပ်က လွှမ်းမိုးထားတယ်လို့ သူက ဆိုပါတယ်။
ဧပြီ ၈ ရက်နေ့ ကတည်းက အမေရိကန်နဲ့ အီရန်တို့ အပစ်အခတ် ရပ်စဲထားပေမယ့် နှစ်နိုင်ငံကြားမှာ အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီမှုတော့ မရသေးပါဘူး။ ဒီအတောအတွင်း ဟောမုဇ်ကို အီရန်က ဆက်လက် ထိန်းချုပ်ထားတာဟာ အမေရိကန်အတွက် ခေါင်းခဲစရာ အကျပ်အတည်း တစ်ခုအနေနဲ့ ဆက်ပြီး တည်ရှိနေပါတယ်။
အီရန်အနေနဲ့ မဟာဗျူဟာကျတဲ့ တည်နေရာ အနေအထားကို အကောင်းဆုံး အသုံးချပြီး ဟောမုဇ် ရေလက်ကြားမှာ စနစ်တကျ စီမံခန့်ခွဲတာမျိုး လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်းလည်း အက္ကရာ မီနီရာက ဆိုပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း အီရန်ရဲ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဟာမီဒရက်ဇာ ဟာဂျီဘက်ဘိုင်က အီရန်ဟာ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ တခြားနိုင်ငံတွေရဲ့ ရေယာဉ်တွေဆီကနေ ပထမဆုံးအကြိမ် အခွန်အခတွေ လက်ခံရရှိခဲ့ကြောင်း ကြေညာဖူးပါတယ်။
ကိုးကား: AFP


















































