Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး ခါးသီးတဲ့ စကားမျိုးတွေ ထရမ့်ကို ရှီကျင့်ဖျင် ပြောကြားခဲ့တယ်လို့ဆို

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

Financial Times သတင်းစာက ရှီဟာ မေလလယ်တုန်းက ထရမ့်ကို ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက သူ့နိုင်ငံမှာ စစ်မက်ဝါဒကို ပြန်လည် အသက်သွင်းနေတယ်ဆိုပြီး အပြင်းအထန် ဝေဖန်ခဲ့တာလို့ အဲဒီဆွေးနွေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၇ ခုက Financial Times သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ တွေ့ဆုံမှုမှာ ကိစ္စအတော်များများကို ဆွေးနွေးခဲ့ပြီး အမေရိကန် မဟာမိတ်ဖြစ်တဲ့ ဂျပန်နဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေမှာတော့ ရှီဟာ သိသိသာသာ လေသံမာခဲ့တယ်လို့ သိရပါတယ်။ ကြိုတင် ညှိနှိုင်းထားတဲ့ ဆွေးနွေးမှု အကြောင်းအရာတွေထဲမှာ ဂျပန်အစိုးရကိစ္စ မပါဝင်တာကြောင့် တရုတ်ဖက်က ဒီကိစ္စကို တင်ပြလာချိန်မှာ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေလည်း အံ့ဩခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ် အစိုးရတွေဟာ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ အီရန်စစ်ပွဲကိစ္စလို အခင်းအကျင်းတွေကို ဆွေးနွေးခဲ့ပေမယ့် ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာတော့ ရှီဟာ သွေးအဆူဆုံး ပုံစံမျိုးနဲ့ အတော်လေး ပြင်းပြင်းထန်ထန် ပြောဆိုတာတွေ ရှိခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှီက တကအိချိ လက်ထက်မှာ ဂျပန်ရဲ့ စစ်ရေး အသုံးစရိတ်တွေ မြန်မြန်ဆန်ဆန် မြင့်တက်လာနေတာကို ဝေဖန်ခဲ့ပြီး ထရမ့်ကတော့ ဂျပန်ဟာ မြောက်ကိုရီးယားဆီ ခြိမ်းခြောက်မှုတွေ ပိုဆိုးလာတာကြောင့် ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်နေတာ ဖြစ်ပါလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျတ် တိုးလာတာဟာ နိုင်ငံရဲ့ အကြီးဆုံး လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်တဲ့ တရုတ်နဲ့ပါ ပတ်သက်တယ်လို့ ထရမ့်က ထည့်ပြောခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရကြောင်း Financial Timesက ဆိုပါတယ်။

တကအိချိဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဝန်ကြီးချုပ် ရာထူး ရယူခဲ့ချိန် ကတည်းက ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို တရုတ်နဲ့ ပြဿနာ တက်ခဲ့ပါတယ်။ သူက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကျွန်းကို စစ်ပြု တိုက်ခိုက်လာရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူဖို့ တပ်တွေ စေလွှတ်ပေးမယ်လို့ ပြောကြားခဲ့ပြီး အဲဒီမှတ်ချက်ဟာ တရုတ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် ယူဆထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အိမ်ဖြူတော်ရဲ့ ဂျပန်ရေးရာ ထိပ်တန်း အကြံပေး ခရစ္စတိုဖာ ဂျွန်စတုန်းကတော့ ရှီဟာ သူကိုယ်တိုင်ရဲ့ ရန်လိုတဲ့ သဘောထားတွေကြောင့် ဂျပန်ကို စစ်ရေးအရ ပိုပြီး တောင့်တင်းလာအောင် ပြင်ဆင်ဖို့ တွန်းအားပေးနေမိမှန်း သဘောပေါက်ပုံ မရကြောင်း ဝေဖန်ခဲ့ပါတယ်။

ဂျပန်ဟာ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်နေရုံသာ မကဘဲ ဒေသတွင်းက ဩစတြေးလျ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားတို့လို မိတ်ဖက် နိုင်ငံတွေနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ချဲ့ထွင်နေကြောင်း၊ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီနိုင်ငံ အားလုံးဟာလည်း တရုတ်ရဲ့ ရန်လိုမှုတွေအပေါ် စိုးရိမ်မှုတွေ ရှိနေကြကြောင်း၊ ဒီအခြေအနေမှာ ရှီက ဂျပန်ဟာ စစ်ဝါဒကို ပြန်အသက်သွင်းနေပါတယ်လို့ စွပ်စွဲတာက လက်တွေ့မကျကြောင်း သူက ဆိုပါတယ်။

ထရမ့်ဟာ ရှီနဲ့ ဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာ၊ သူ့ရဲ့ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်ကနေ တကအိချိဆီ ဖုန်းခေါ်ပြီး ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်နဲ့ ဂျပန်အစိုးရက ထရမ့်နဲ့ တကအိချိတို့ ဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်ပါဘူး။

ထရမ့်ဟာ ဂျပန်ပြည်သူတွေကို အထူးလေးစားကြောင်းကိုရော၊ သူနဲ့ တကအိချိကြားက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကိုပါ အထူးအလေးထားကြောင်း ဂျပန်ဝန်ကြီးချုပ်ဆီ ပြသခဲ့တယ်လို့ အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦးက ဆိုပါတယ်။

ထရမ့်နဲ့ ဆွေးနွေးခဲ့ချိန် အတောအတွင်း တကအိချိနဲ့ ပတ်သက်လို့ ခါးသီးတဲ့ သဘောထား မှတ်ချက်မျိုးတွေ ရှီက ပြောဆိုခဲ့ကြောင်း Financial Timesရဲ့ သတင်းအပေါ် အမေရိကန်မှာရှိတဲ့ တရုတ် သံရုံးကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဒါပေမဲ့ ဂျပန်ရဲ့ လက်ယာစွန်း အင်အားစုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးရဲ့ အခြေခံ ကောင်းတွေကို လှုပ်ခါပစ်ဖို့ ကြိုးစားနေတယ်လို့ သံရုံးက စွပ်စွဲထားပါတယ်။ ဂျပန် ဝန်ကြီးချုပ်ရုံးကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထား တုံ့ပြန်ချက် တစ်ခုခု ကြေညာတာမျိုး မရှိခဲ့ပါဘူး။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။