မေ-၂၅၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်မျိုးစုံ ၁၇ လက်နဲ့ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway PDF)ကဒီကနေ့(မေလ ၂၅ရက်)မှာထုတ်ပြန်ပါတယ်။
ဒေသတွင်း မဟာမိတ်အင်အားစုတွေ ပူးပေါင်းပြီး “တမာမြေစစ်ဆင်ရေး” အဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၂ ရက် မနက် ၅နာရီမှာ သရက်ကန်ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ထက်မနည်းပစ်ကူပေး ခုခံခဲ့ပေမယ့် မေလ၂၃ရက်မနက် ၅နာရီ ၄၅မိနစ်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
အဲဒီတိုက်ပွဲအတွင်းစစ်တပ်ဆီကကာဘိုင် ၁၁လက်၊ ၁၂ဗို့ ၆လက် ၊ လက်လုက် ၁လက် နဲ့လက်နက်ခဲယမ်းတချို့ သိမ်းဆည်းကရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
“သရက်ကန်မှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူတွေက တွင်းမပျူစောထီးရွာကို ထွက်ပြေးသွားတယ်”လို့ တိုက်ပွဲအတွင်းပါ၀င်ခဲ့သူ ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်းမှာ သရက်ကန်ရွာက ပျူစောထီးတွေရဲ့ကျေးရွာအတွင်းဖိနှိပ်မှုဒဏ်ကို ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးကာလအတွင်း အသက်ကို ပဓာနမထားဘဲ ရဲဝင့်စွာတိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူး၊ တပ်သား ရဲဘော်အပေါင်းကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway PDF)က အသိပေးပါတယ်။
ထိခိုက်ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကို ဦးညွှတ်အလေးပြုကာမိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပြီးစစ်အာဏာရှင်စနစ်အလုံးစုံပျက်သုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်တိုက်ပွဲ၀င်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“တမာမြေစစ်ဆင်ရေး”ကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်စစ်ဌာန( ဒရုန်းတပ်ဖွဲ့ ) ၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ နဲ့ ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) တို့ပါ၀င်ခဲ့ပါတယ်။
ဒါ့အပြင် မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲ့များ ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့ ၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ) နဲ့ တော်လှန်ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ဒေသတွင်း စစ်ရေးပြင်းဒဏ်လာနိုင်တာကြောင့် သရက်ကန်ကျေးရွာကို အိမ်ပေါက်စေ့ ၊ လမ်းတိုင်းပြည့် တိုင်မိုင်းနင်းမိုင်းတွေ ထောင်ထားလို့ ဒေသခံတွေ အနေနဲ့ ဝင်ထွက်သွားလာတာ မလုပ်ကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
စစ်တပ်ရဲ့အမာခံနယ်မြေဖြစ်တဲ့ မြိုင်မြို့နဲ့ (၁၃)မိုင်၀န်းကျင်အကွာ အနောက်တောင်ဘက်ခြမ်းမှာ သရက်ကန် ပျူစောထီးရွာရှိပါတယ်။
သရက်ကန်ရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅၀ ဝန်းကျင်ရှိနိုင်တယ်လို့ မြိုင်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။
စစ်တပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်းက စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ဖြန့်ကျက်မှုတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တပ်က မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက-၃) ဒေသအခေါ် စက်မှု (၂)ကို ပခုက္ကူ တပ်မ(၁၀၁)က ရဟက်ယာဉ်နှစ်စီးနဲ့ လက်နက်ခဲယမ်း နဲ့ အင်အားတွေဖြည့်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြိုင်နယ် အနောက်တောင်ပိုင်းနဲ့ မြိုင်နယ် တောင်ပိုင်းဒေသတွေကို အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့်ပြည်သူတွေ အနေနဲ့ သတိထား နေထိုင်ဖို့ စစ်ရှောင်အရေးကူညီသူအချို့က ဒီကနေ့ တိုက်တွန်းထားပါတယ်။

























































