Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရန်ကြောင့် ကျောက်ဖြူမြို့နယ်မှာ စစ်ရှောင် ၇၀၀၀ ကျော်ထပ်တိုးလာ၊ အ​ရေး​​ပေါ်အကူအညီ​တွေလိုအပ်

စစ်တပ်ရဲ့စနဲမြို့ထိုးစစ်​ရှေ့မတိုးနိုင်ဘဲ ​​တောင်​မော်ဦး​ရေတပ်စခန်းအနီးထိတိုက်ပွဲ​တွေ​ရောက်လာ

(စစ်တပ်ရန်​ကြောင့် ​​ဘေးလွတ်မယ်ထင်တဲ့​နေရာတိမ်း​ရှောင်​နေကြတဲ့စစ်​ရှောင်ပြည်သူ​တွေ။ ဓါတ်ပုံ-​ဒေသခံ)

မေ-၂၅၊၂၀၂၆ ။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က တောင်မော်ဦးရေတပ်စခန်းကနေ အနီးဝန်းကျင်ရွာတွေဆီ စစ်ကြောင်းထိုးလာပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်နေ တာကြောင့် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူခုနစ်ထောင်ကျော်ထပ်တိုးလာပြီးအရေးပေါ် အကူအညီ​တွေလိုအပ်နေတယ်လို့ကူညီပေးနေသူတွေကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မေလဆန်းကစပြီး ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူမြို့နယ် နဲ့ ရမ်းဗြဲမြို့နယ်အကြားလမ်းဆုံမှာရှိတဲ့ စနဲမြို့ဆီ ဦးတည်စစ်ကြောင်းထိုးခဲ့ပါတယ်။ အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်စစ်​ကြောင်း​တွ ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပြီး အခုအခါတိုက်ပွဲ​တွေဟာတော်မောင်ဦးရေတပ်စခန်းအနီးထိ​ရောက်လာခဲ့တာဖြစ်ပါတယ်။

“တောင်မော်ဦးပတ်လည်ကို ဆူဆိုက်ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်တယ်။ နေဗီကရော လက်နက်ကြီးနဲ့ပါ နေ့တိုင်းပစ်နေတယ်။ စစ်ရှောင်တွေကတော့ အခုထိ တိုးလာနေတုန်း၊ ရွာတွေထဲမှာ ပိတ်မိနေကြတုန်း၊ အခုထိ ကျွန်တော်တို့ ကယ်ထုတ်နေရသေးတယ်။ ခုနှစ်ထောင်ကျော်ရှိပြီ စစ်ရှောင်တိုးလာတာ”လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ရန်ကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်မှာရှိတဲ့ တောင်မော်၊ ပြုံးပြဲ၊ သိုင်း ချောင်း၊ ဇိုင်ချောင်း၊ ထိန်ဒွေ၊ အဝတောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူတွေ တိမ်း ရှောင်နေကြရတာပါ။စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးအများစုပါဝင်ပါတယ်။ကူညီရေးအဖွဲ့တွေက ဘေးလွတ်ရာ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေဆီရွေ့ပြောင်းပေးနေပြီး​ဘေးကင်းမယ်ထင်တဲ့​နေရာ​တွေမှာ စီစဉ်ထားပေးနေတာဖြစ်ပါတယ်။

“အမျိုးအိမ်တွေမှာတချို့နေကြတယ်။ကျွန်တော်တို့လည်း နေရာစီစဉ်ပေးတယ်။ ဒါပေမယ့် နေစရာမလောက်ဘူး၊ အဆောင်တွေ ထပ်ဆောက်ပေးရမယ့်အနေအထား၊ အမိုးအကာတွေအရေးတကြီးလိုတယ်။ မကြာခင် မိုးလည်း ရောက်တော့မယ်။ နောက်အရေးကြီးတာက စားနပ်ရိက္ခာ၊ ဆန်လိုတယ်” လို့ အထက်ပါစစ်ရှောင်ကူညီပေးနေသူ က ပြောပါတယ်။

လက်ရှိမှာ ပြည်ပရောက်ပုဂ္ဂလိကအလှူရှင်တွေနဲ့ စေတနာရှင်တွေရဲ့အကူအညီတွေကိုသာအဓိက အားကိုး​နေရပြီး စစ်ရှောင်တွေကို ကူညီပေးနေရတယ်လို့သိရပါတယ်။ဒါ​ပေမယ့် စစ်​​ဘေး​ရှောင်​တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာစတဲ့အ​ရေး​ပေါ်အကူအညီ​တွေအများအပြားထပ်လိုနေသေးတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါ တယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့တာပါ။အရင်ရှိ​နေတဲ့ စစ်​ဘေး​ရှောင်လေးသောင်းကျော်ကလည်း မိုးရာသီအတွက် အမိုးအကာအောက် မရောက်သေးချိန်မှာ အခုလို စစ်ရှောင်တွေ ထပ်တိုးလာတော့ အကူအညီလိုအပ်ချက်ပိုရှိလာခဲ့တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

“အရင်စစ်ရှောင်တွေကို တဲဆောက်ပေးနေတာတောင် မပြီးသေးဘူး။ မိုးကမကြာခင်ကျတော့မယ်။ မိုးမကျခင် အမိုးအကာအောက် ရောက်အောင် မလုပ်ပေးနိုင်ရင် မလွယ်ဘူး။ လေကြောင်းပစ်ခတ်မှုကလည်း နေ့တိုင်းမပြတ် ရှိနေတော့ ပိုဆိုးတယ်”လို့ကျောက်ဖြူဒေသခံစစ်ရှောင်ကူညီသူ အမျိုးသမီးတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းကစစ်ဘေးရှောင်ဒုက္ခသည်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက် ခံ HDCO(လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး)က ဆန်နဲ့ ရိက္ခာအချို့ ထောက်ပံ့ပေးနေပေမယ့် လောက်ငှမှုမရှိဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ – ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အ တွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာပါ။ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ကျေးရွာအနီးမှာ AA ရဲ့တန်ပြန်ထိုးစစ်ကြောင့် ရပ်တန့်နေပြီး လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ကိုယ့်လူတွေကတောင်မော်ဦးကာကင်းတွေအနားတောင် ရောက်သွားပြီ။ ဒီကောင်တွေ ကမ်းတက်တာရှေ့မရောက်ဘူး။လေယာဉ်နဲ့လည်း ရွာတွေကို နေ့တိုင်းချတယ်။ စနဲမြို့ဆို သိပ်မကျန်တော့ဘူး ဗုံးကြဲထားတာ” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက ဓည၀တီရေတပ်စခန်းအနီးဝန်းကျင်၊ ရဲတပ်ရင်းဝန်းကျင် တို့ရှိ အရပ်သားလူနေကျေးရွာပေါင်းနှစ်ဆယ်ကျော်ကို ဒရုန်း၊ တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက် ဆီးထားပြီး အခုအခါ တောင်မော်ဦးအနီးဝန်းကျင်က ကျေးရွာတွေကိုပါ ထပ်မံဖျက်ဆီးနေတာဖြစ်ပါတယ်။

“ဒီကောင်တွေက ရွာကိုအရင်ဖျက်တယ်။လူတွေ ပြေးအောင်လုပ်တယ်။ ပြီးရင် ရွာထဲမှာ စခန်းချဖို့ ကြိုးစား တယ်။ အဲဒီဗျူဟာအတိုင်း လုပ်နေတာ။ ဒါပေမယ့် ရွာတွေကိုပဲ ဖျက်ဆီးနိုင်တယ်။ စခန်းချလို့တော့ မရဘူး” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံက ပြောပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေတယ်လို့ ​ဟေသခံအချို့က​ပြောပါတယ်။

“စကမက တရုတ်စီမံကိန်းတွေကို အကာအကွယ်ယူပြီး အဲဒီထဲကနေဒရုန်းတွေလွှတ်၊ လက်နက်ကြီးတွေပစ်တော့ AA ကလည်းစိတ်ကြိုက်ထိုးစစ်ဆင်ဖို့မရဖြစ်နေတာ။ မဟုတ်ရင် ကျောက်ဖြူလည်း ပြတ်သွားပြီ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ရင်လည်းမီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။