Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်၊ ကျေးရွာအချို့ကို စစ်တပ် မီးရှို့ဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(မင်းတပ်မြို့နယ်က ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - Aung Gyi /ယောအလင်းတန်း)

မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လို့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို မေလ ၂၉ရက်မှာလည်း မင်းတပ်မြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးလို့ လတ်တလောမှာ တိုက်ပွဲစဖြစ်နေပြီလို့ ဒေသခံအချို့က ပြောပါတယ်။

စစ်ရေးအခြေအနေ အသေးစိတ်ကို လတ်တလော ပြောကြားဖို့ မရှိပေမယ့် စစ်တပ်ဟာ ချင်း-မကွေးအစပ် မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရောက်နေတဲ့ စစ်တပ်က မေလ ၃၀ရက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက မှတ်တမ်းပုံတွေ ဖော်ပြအသိပေးပါတယ်။

” ထင်ချောင်းက မင်းတပ် ယောအစပ် ချင်းဘက်ကရွာ။ ရွာကို အကြောင်းမဲ့ မီးရှို့တာ ဟုတ်တယ်”လို့ မင်းတပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသတွင်းသတင်းတွေ ဖော်ပြပေးလျက်ရှိတဲ့ ယောအလင်းတန်းကလည်း စစ်ကောင်စီဟာ ထင်ချောင်းကျေးရွာနဲ့ ကြက်ဥတင်ကျေးရွာများကိုမီးရှို့နေတယ်လို့ ဖော်ပြပါတယ်။

” ဒီနေ့ ကျေးရွာ ၂ရွာ ပေါ့နော် လောလောဆယ် မီးရှို့တယ်။ ပြည်သူပိုင် ပစ္စည်းကိုတော့ ယူတာတွေ ဖျက်ဆီးတာတွေကတော့ အမြဲတမ်းလုပ်နေကြတာပဲ ဒီကောင်တွေ။ သိတဲ့အတိုင်းပဲ အကြမ်းဖက်ဆိုတဲ့အတိုင်း အကြမ်းဖက်တာတော့ အမြဲတမ်း လုပ်နေကျပါပဲ။ အခု မီးရှို့တယ်ဆိုတဲ့ ကျေးရွာ ၂ရွာကတော့ ကျနော်တို့ ဆောနယ် ယောနယ်အတွင်းတော့ မဟုတ်ပါဘူး။ မင်းတပ်နယ်ထဲက ကျေးရွာ နှစ်ရွာပါဗျ”လို့ ယောအလင်းတန်း တာဝန်ရှိသူက People’s Spring ရဲ့ ဒေသတွင်း အခြေအနေ မေးမြန်းမှုအပေါ် ဖြေကြားပေးပါတယ်။

ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြပါတယ်။

ကြက်ဥတင်နဲ့ ထင်ချောင်းရွာကို မီးရှို့နေတဲ့ စစ်ကြောင်းဟာ ကျောက်ထု အမတ (၃၆၈) မှ ထွက်လာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ချင်းပြည်နယ်တက်မယ့် စစ်ကြောင်းကို ကူညီဖို့ ကျောက်ထုအမြောက်တပ် (၃၆၈) က အင်အားဖြန့်ကြက်ထားတယ်လို့လည်း အသိပေးထားပြီး တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနဲ့ ကံကြီးကျေးရွာတစ်လျှောက်မှာ အင်အားအလုံးအရင်း ဖြန့်ကြက်နေရာယူထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူတွေကြိုတင်တိမ်းရှောင်ဖို့ လည်း နှိုးဆော်ထားပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတလျှောက် လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်လေ့ရှိလို့ စစ်ကြောင်းနဲ့ နီးစပ်တဲ့ နေရာတွေမှာခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရတဲ့ အကွာအဝေးထိ ရှောင်တိမ်းကြဖို့ တိုက်တွန်းသလို လေကြောင်းရန် ဂရုပြုဖို့လည်း နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။