ဇွန် – ၂ ၊၂၀၂၆ ၊People’s Spring
ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့ထဲကိုမေလဒုတိယပတ်ကစတင်ပြီးအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူအချို့ထံကသိရပါတယ်။
မြစ်ခြေမြို့ကိုပခုက္ကူအခြေစိုက်တပ်မ(၁၀၁) နဲ့ ညောင်ဦးမြို့အခြေစိုက် အမှတ်( ၄၁၅)ခြေလျင်တပ်ရင်းတို့ကတပ်တွေမေလ ၁၀ ရက် စစ်ကြောင်းစထိုးတာပါ။
စစ်ကြောင်းထိုးပြီး ရက်ပေါင်း ၂၀ အကြာမှာဒေသခံ တွေရဲ့နေအိမ် ၂၀၀ ခန့်မီးရှို့ခံရပြီး ပြည်သူ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
မီးလောင်ပျက်စီးရတဲ့ နေအိမ်တွေနဲ့ သတ်ဖြတ်ခံရသူဦးရေကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကြောင်းကြောင့်ဒေသခံ ပြည်သူ ရှစ်သောင်းခန့်အိုးအိမ်စွန့်ခွာပြီးတိမ်း ရှောင်နေရတယ်လို့ အညာမြေတပ်ပေါင်းစုက ဆိုထားပါတယ်။
ဒေသခံပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးတွေဆီကိုထွက်ပြေးကြရသလို စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးရတာလည်းရှိတယ်လို့စစ်ရှောင်ကူညီနေသူအမျိုးသားတစ်ဦးကပြောပါတယ်။
“လိုအပ်ချက်တွေကတော့အများကြီးပေါ့ဗျ၊အစားသောက်နဲ့ အဝတ်ထည်ကအဓိကပဲ၊ဆေးဝါးကလည်းမရှိဘူး”လို့စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာမြစ်ခြေမြို့ပေါ်ရပ်ကွက်တွေ၊မြို့ဝန်းကျင်ကမိုးနတ်ကုန်း ၊ ထနောင်းကုန်း၊ရွာသာအေး၊ကြောင်ပန်းခုံ၊ဖိုလ်ကုန်း၊ထနောင်းကုန်း၊မကျီးကုန်း၊ထန်းတောချက်၊ကူကျွန်း၊လက်ပံပင်၊ညောင်ပင်စတဲ့ကျေးရွာတွေ မီးရှို့ခံရတယ်လို့သိရပါတယ်။
မေလ ၃၁ ရက် အညာမြေတပ်ပေါင်းစု ရဲ့ သတင်းထုတ်ပြန်အသိပေးချက်မှာမြစ်ခြေမြို့အနီးရှိ ဆွဲကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးတင်ရှို့ ထားတယ်လို့ ဖော်ပြပါတယ်။
စစ်တပ်ကမြစ်ခြေမြို့ကို စီးနင်းပြီးနောက်ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းကို စားသောက်ကုန်နဲ့ လူသုံးကုန်သယ်ယူခွင့်ကို ပိတ်ပင်ထားတယ်လို့သိရပါတယ်။

















































