ဇွန်-၂၊၂၀၂၆။တေဇ/People’s Spring
KDDI နဲ့ Sumitomo Corporation တို့အနေနဲ့စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာလုပ်ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
” MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်”လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
အဲဒီကိစ္စကို JFM ၊ Mekong Watch နဲ့ အတူ ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ Network of Buddhists Volunteers on International Cooperation၊ Pacific Asia Resource Center (PARC)၊Friends of the Earth Japan ၊ Japan International Volunteer Center (JVC) နဲ့ Network Against Japan Arms Trade (NAJAT)တို့ ပူးပေါင်းတောင်းဆိုခဲ့တာပါ။

Public Service Announcement
MPT က စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)နဲ့ Sumitomo Corporation၊ KDDI Corporation တို့အကြား ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ KDDI Summit Global Myanmar (KSGM)ကတဆင့် ပူးတွဲလည်ပတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
“ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေးနေတာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး”လို့ Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီက ထောက်ပြထားပါတယ်။
KDDI နဲ့ Sumitomo Corporation ဆီကို ဖေဖော်ဝါရီ ၂၇ ရက်က စာရေးသားပေးပို့ခဲ့ဝာာဖြစ်ပြီးကုမ္ပဏီတွေ အနေနဲ့ အများပြည်သူအပေါ် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ဆင်ဆာဖြတ်တောက်ခြင်းတွေ အကောင် အထည်ဖော်ရာမှာ MPT ရဲ့ ပါဝင်ပတ်သက်မှုကို သိရှိထားခြင်းရှိ မရှိ၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက်နေတဲ့ မြန်မာနိုင်ငံက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်ရှိ မရှိ၊ စစ်အုပ်စုအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်း ရှိ ၊မရှိတို့ကိုမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုက ကမ္ဘာပေါ်မှာ ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်း မှာ ပါဝင်လာပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့အတူ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေ တိုးမြှင့်လာခဲ့ပါတယ်။
ဒ့ါအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ တွေကို ပြဋ္ဌာန်းခဲ့ပြီး အွန်လိုင်းရေးသားပြောဆို မှု တွေကြောင့်အပါ အဝင် လူပေါင်း ၄၀၀ကျော်ကို စနစ်တကျပစ်မှတ်ထားကာ တရားစွဲဆိုခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။
JFM က ဖော်ထုတ်ခဲ့တဲ့ စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီ Geedge Networks တို့အကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ် “Great Firewall” စီးပွားဖြစ်ဗားရှင်းကို အကောင်အထည်ဖော်ခဲ့ပြီး အဲဒီ့စနစ်ကြောင့် စစ်အုပ်စုက အရပ်သားပြည်သူ တွေကို ခြေရာခံရှာဖွေတာ၊ ဖမ်းဆီးတာ ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MPT က စစ်အုပ်စုအတွက် သက်ရောက်မှု ကြီးမားကျယ်ပြန့်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာနည်းပညာကို ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ဆက်သွယ်ရေး အော်ပရေတာတွေထဲက တစ်ခုဖြစ်တယ်လို့ JFM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထက်ပါ တင်ပြချက်တွေအပေါ် ကုမ္ပဏီတွေဘက်က သူတို့အနေနဲ့ KSGM နဲ့ MPT အကြား ချုပ်ဆိုထားတဲ့သဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီး၊ KSGM ရဲ့ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း MPT ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိနေတဲ့ကြားက ကုမ္ပဏီတွေက MPT နဲ့ စီးပွားရေး ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“KSGM အနေဖြင့် MPT နှင့် ပူးတွဲဆောင်ရွက်ရေးသဘောတူညီချက် ရှိနေသော်လည်း မတည်ငွေရင်းဆိုင်ရာ ဆက်နွယ်မှုမရှိကြောင်း နှင့် MPT ၏ ပူးတွဲလုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သည်။”လို့ ဆိုပါတယ်။
ယင်းအကြောင်းပြန်ချက်များအပေါ် JFM နဲ့ အဖွဲ့တွေဘက်က အကြောင်းအရာမခိုင်လုံကြောင်း တုန့်ပြန်ခဲ့ပြီး KSGM ရဲ့ဆက်လက်ပံ့ပိုးမှုက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်တာကို အားပေးကူညီရာရောက်တဲ့ အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
ဒါကြောင့် KDDI နဲ့Sumitomo တို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တာဝန်ယူမှုရှိစွာနဲ့ ချက်ချင်းအဆုံးသတ်ဖို့၊ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အထောက်အကူမပြုစေဖို့ အတွက် သေချာစွာလုပ်ဆောင်ကြဖို့ JFM နဲ့ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။


















































