Connect with us

Hi, what are you looking for?

ကဗျာ

“မြို့ပြ မိခင်”

မှောင်ပြပြ တိုက်ခန်းကျဉ်းလေးထဲ
အိပ်နေတဲ့
သားရဲ့ မျက်နှာကို ကြည့်ရင်း
လမ်းထဲက ညဉ့်နက်ခွေးဟောင်သံတွေ ကြားတိုင်း
အမေ့ရင်ခုန်သံဟာ
သေနတ်သံထက်တောင် ကျယ်လောင်နေခဲ့တယ်…

စက္ကန့်တိုင်းမှာ
‘ငါ့သားကို လုယူသွားကြမလား…’ ဆိုတဲ့
ကြောက်ရွံ့မှုတွေနဲ့
မိုးမလင်းနိုင်တဲ့ စိတ္တဇညပေါင်းများစွာကို
အမေ ဖြတ်သန်းခဲ့ရတယ်…

အိမ်ရှေ့ အိမ်နောက်
တိတ်ဆိတ်စွာ ကင်းစောင့်ရင်း
တတ်သမျှ၊ မှတ်သမျှ
ဆုတောင်းတွေနဲ့
သားကို အမေ အကာအကွယ်ပေးနေခဲ့တယ်…

လမ်းမပေါ်က သွေးစက်တွေကြား
တောတောင်ထဲက သေနတ်သံတွေကြား
‘ငါ့သားလေးရဲ့အသွေးအသားနဲ့
အော်သံတွေများ ပါနေမလား…’ ဆိုတဲ့
အိပ်မက်ဆိုးတွေကို
နိုးရက်နဲ့ ခံစားခဲ့ရတာ
လက နှစ်ချီ ကြာလာခဲ့ပြီ…

Public Service Announcement

Public Service Announcement

စစ်မှုထမ်း ဖမ်းခေါ်မတဲ့လား
အာဏာရူးတွေ လက်နက်အဖြစ်သုံးဖို့
နိုင်ငံနဲ့ ပြည်သူကို မီးတိုက်ခိုင်းဖို့
ငါ့သားရဲ့ အသက်နဲ့ ခန္ဓာကို
တောင်းဆိုလာတဲ့
အဓမ္မလှိုင်းထဲမှာ…
သားရဲ့ အသက်နဲ့ အနာဂတ်ကို
အမေ အရာအားလုံးနဲ့
လဲလှယ်ပြီး ကာကွယ်ပေးမယ်…

မစိုးရိမ်နဲ့ ငါ့သား
အားချင်းယှဉ်ရင်
စစ်ဘီလူးနဲ့ မိခင်မေတ္တာ
ဘယ်သူ နိုင်မယ်ထင်သလဲ…

အမေ့မေတ္တာဟာ
သားအတွက် ‘အကြံ့ခိုင်ဆုံးခံတပ်’
ဖြစ်စေရမယ်…

သားရဲ့ “အသက်” ထက်
အရေးကြီးတာ
ဒီလောကမှာ ဘာမှမရှိဘူး သားရယ်…

ပစ္စည်းဥစ္စာတွေထက်
တန်ဖိုးဖြတ်မရတဲ့
ငါ့သားရဲ့ အသက်ရှူသံဟာ
အမေ့ဘဝရဲ့
အကြီးမားဆုံး ပိုင်ဆိုင်မှုပါ…

သွားတော့ ငါ့သား
အမေ့အတွက် ဘာမှ နောက်ဆန်မတင်းနဲ့
ငါ့သားလေး… လွတ်မြောက်ပါစေ
ငါ့သားလေး… ရောက်လေရာမှာ
ဘေးကင်းပါစေ…
ငါ့သားလေး သူတော်ကောင်းတွေနဲ့ တွေ့ပါစေ…..

  • မေကြီး

(မှတ်ချက်- ကဗျာသရုပ်​ဖော်ပုံကို AI ဖြင့်ဖန်တီးထားပါသည်)

ဆက်စပ်သတင်းများ