ကတ်သရင်းနှင်း၊People’s Spring
မြို့တွင်းကို မရောက်ခင် အပုတ်နံ့တချို့ရလိုက်ပါတယ်။မြို့ဟာ မီး လောင်ပြင်ဖြစ် နေပြီး နေအိမ်တချို့ ကျို့တို့ကျဲတဲကျန် ခဲ့ပါတယ်။
လူသေရုပ်အလောင်းတွေ ဆီက လာတဲ့ယင်ကောင် တဝီဝီ၊အပုတ်နံ့နဲ့ လူဆီလို့ခေါ်တဲ့ လူမီးရှို့ပြီးကျန်ခဲ့တဲ့အနံ့ တွေက ထောင်းထ နေတာပါ။
အာဏာသိမ်းစစ်တပ်က ရက်ပေါင်း ၂၀ကြာ တပ်စွဲထားပြီးတဲ့ နောက်ကျန်ခဲ့တဲ့ မြစ်ခြေ မြို့ရဲ့ မြင်ကွင်းပါ။မေလ ၁၁ ရက်နေ့ကနေမေလ ၃၁ရက်နေ့အထိ မြစ်ခြေ မြို့ကို စစ်တပ်ကတပ်စွဲခဲ့ပါတယ်။

Public Service Announcement
ပခုက္ကူမြို့ ခမရ(၁၀၁)တပ်နဲ့ ညောင်ဦးက စစ်တပ်တွေ ၊စစ်တပ်လက်အောက်ခံပျူစောထီးတွေပူးပေါင်းထွက်လာတဲ့ အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကိုဝင်ရောက်လာတာပါ။မြစ်ခြေမြို့ကိုမဝင်ခင် ၃ရက်အလိုကတည်းက တော်လှန် ရေးအဖွဲ့တွေကပြည်သူ တွေရှောင်ကြဖို့ ကြေညာခဲ့ပါတယ်။
စစ်တပ်စစ်ကြောင်းတွေမြို့နဲ့တမိုင်ကို ရောက်ချိန်မှာ ပြည်သူတွေကို မြို့ထဲကနေ စတင်ထွက်ခိုင်းခဲ့ပေမယ့်သက်ကြီးရွယ်အိုတချို့နဲ့ပြည်သူတချို့ဟာ နေအိမ်တွေအတွင်းတံခါးပိတ်နေခဲ့သူတွေရှိပါတယ်။
တချို့ကတော့စစ်ဘေးရှောင်ပေမယ့် စစ်တပ်ရှိနေတုန်းအိမ်မှာကျန်ခဲ့တဲ့အိမ်မွေးတရိစ္ဆာန်တွေကိုအစားပြန်ကျွေးဖို့အပြန်မှာ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းမိသွားတာမျိုးလည်းရှိပါတယ်။
ဘုန်းကြီး ကျောင်းတွေနဲ့ မြို့ထဲကအထပ်မြင့်တိုက်တွေမှာစစ်တပ်ကနေရာယူပြီး အိမ်ခြေ ၁၂၀၀ နဲ့ မြို့မဈေးထဲက ပစ္စည်းတွေကို ကားနဲ့ ခေါက်တုန့်ခေါက် စိတ်ကြိုက်ခိုးယူသယ်ဆောင်းသွားပြီး အိမ်တွေဈေးတွေကိုမီးရှို့သွားပါတယ်။
ဇွန်လ ၁ရက် နေ့မှာ တော်လှန်ရေးအဖွဲ့အစည်းတချို့နဲ့ ဒေသခံတချို့ မြစ်ခြေမြို့ကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။
“လူသတ်၊မီးရှို့ထားတဲ့ သတင်းတွေကအစကတည်းက ကျွန်တော်တို့ကကြားပြီးသားပါ။ကြိုသိတယ်ပေါ့။ပထမဆုံးဝင်ဝင်ချင်းမြင်ရတာက မြို့မဈေးက မီး လောင်ပြင်ကြီးပါ”လို့ ကိုအောင်မင်း(အမည်လွှဲ)က ပြောပါတယ်။
စစ်တပ်က ၎င်းတို့တပ်စွဲတဲ့နေရာတွေမှာ မိုင်းတွေ ထောင်လေ့ရှိတာမို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးတပ်တွေကမိုင်းရှင်းအဖွဲ့ တွေကအရှေ့ကကြိုဝင်ရှင်းပါတယ်။
စစ်တပ်တပ်စွဲထားတဲ့ဘုန်းကြီး ကျောင်းပတ်လည် တွေနဲ့ ရပ်ကွက်အဝင်တွေမှာ စစ်တပ် နင်းမိုင်း တွေထောင်ထားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ပထမဆုံး တွေ့တဲ့အလောင်းကဘုန်းကြီးကျောင်းဘေးက ခုတ်ထစ်ထားတဲ့ ခြေတခုလက်တခု တစဆီဖြစ် နေတဲ့ အရိုးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။အဲဒီအရိုးစုက ကိုင်တွယ်လို့ မရတော့တာကြောင့် နေရာ မှာတင် မီးရှို့ကာနောက်ထပ်အလောင်းရှာဖွေတာကို ဆက်လုပ်ရတယ်လို့ ကိုအောင်မင်းက ပြောပါတယ်။
အဲဒီနောက် စိန်တောင်ဘုန်းကြီး ကျောင်းထဲမှာ မီးရှို့လက်စ ကျန်နေတဲ့ ရုပ်အ လောင်း၄ လောင်းကိုတွေ့ရပြန်ပါတယ်။အရင်က ဒီဘုန်းကြီး ကျောင်းထဲမှာ ၁၅ပေ ပတ်လည်ထင်းပုံကြီး ရှိပါတယ်။စစ်အုပ်စုကလူဘယ်
နှစ်ယောက်ကိုတင်ပြီးမီးရှို့ခဲ့လဲမသိပါဘူး။ဒီထင်းပုံကြီးက တော့ ကုန်သွားခဲ့ပါတယ်။
“တွေ့ခဲ့တာက အလောင်း၄ လောင်း။သူတို့ ဘယ်နှစ် လောင်းမီးရှို့ခဲ့လဲတော့မသိဘူး။အဲဒီထင်းပုံကြီးတော့ကုန်သွားတာပဲ”လို့ ကိုအောင်မင်းက ပြန်ပြောပြပါတယ်။
စစ်တပ်က ပြည်သူတွေကိုသတ်ပြီးထင်းပုံပေါ်တင်မီးရှို့ခဲ့တာမှာ လူဆီနံ့နဲ့ အရိုးစု တွေလည်း ကျန်နေတယ်လို့ ကိုအောင် မင်းကဆိုပါတယ်။
ဒါ့အပြင်အိမ်သာကျင်းထဲပစ်ချထားတဲ့ အလောင်း၂လောင်းကိုလည်း တွေ့ရပါတယ်။
အဲဒီအထဲကတလောင်းဟာ အမျိုးသမီးအလောင်းဖြစ်ပြီး အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံဖြစ်တယ်လို့ ပြောပါတယ် ။
အသက်ကြီးအမျိုးသမီးကြီးတဦးရဲ့ အလောင်းလည်း တွေ့ရပြီး ဦးနှောက်မရှိ တော့ဘဲ အနောက်က နေ သေနတ်နဲ့ တေ့ပစ်ခံထားရတဲ့ ပုံဖြစ်တယ်လို့ပြောပါတယ်။
အလောင်းအများစုကတော့အမျိုးသား အလောင်းတွေဖြစ်ပြီးတပိုင်းတစမီးလောင်ထားတဲ့ အလောင်းကပိုများတယ်လို့ သိရပါတယ်။
အလောင်း တွေကိုရှင်းလင်းဖို့ကိုတောင် အဖွဲ့အစည်းတွေက ၃ရက် လောက်အချိန်ယူခဲ့ရပါတယ်။
“ဒီအတိုင်းဆွဲ မြုပ်လို့မရတော့ဘူး။အသားတွေကပုပ်ပွလို့ ကိုင်ရင်ပဲ့တာ။တချို့အိမ်တွေထဲမှာ သတ်ထားတာဆိုရင် မီးရှို့လို့မရ တော့ဘူး။ဘေးအိမ်တွေပါ လောင်ကုန်မှာစိုးလို့။အဲတာမျိုးဆိုရင်ကျွန်တော်တို့ကမိုးကာကြီးထဲ ထည့်လိပ်မပြီးမှအပြင်ထုတ်မီးရှို့ရတာ။တော်တော်ဆိုးဆိုးကြီးပါ။တချို့ဟာတွေဆို ကပ်ကိုမကပ်နိုင်ဘူး။မလုပ်လို့မဖြစ်တော့ကြ ရေမွှေးတွေဖြန်း၊အလောင်းတွေကိုဒီဇယ်ပတ်၊တာပင်တိုင် တွေဖြန်းပြီးမှ ဝင်ကပ်ရတာ တွေလည်းရှိတယ်”လို့ ကိုအောင်မင်းက ပြောပါတယ်။
ဇွန်လ ၃ ရက် နေ့အထိ နယ်မြေ ရှင်းလင်း ရေးလုပ်ကာ အလောင်းကောက် ၊မီးရှို့၊ထုံး တွေဖြူးအနံ့ပျောက်ဆေး တွေဖြန်းကာ ဒေသခံပြည်သူ တွေကိုပြန်လည်ဝင်ရောက်ခိုင်းခဲ့တာပါ။
ဇွန်လ ၉ ရက်နေ့အထိ ရရှိတဲ့စာရင်းအရ ပျောက်ဆုံးနေသူက ၄၀ကျော်ရှိပြီး သေဆုံး ခန္ဓာကိုယ် ကောက်နိုင်တဲ့စာရင်းဟာ ၃၇ဦးအထိရှိကာ ၅ဦးနဲ့အထက် ပျောက်ဆုံး နေသေးတယ်လို့လူမှုကူညီရေးနဲ့စာနာ ထောက်ထား ရေးဆိုင်ရာဌာက စာရင်းအရသိရပါတယ်။
လက်ရှိမှာမြစ်ခြေမြို့ကပြည်သူ ၂၀ရာခိုင်နှုန်း လောက်ပဲ မြို့ထဲပြန်ဝင်ပြီး အများစုကတော့ ပြန်လည်ဝင်ရောက်ခြင်းမရှိဘူးလို့သိရပါတယ်။
စစ်တပ်ကတော့ ပခုက္ကူခမရ ၁၀၁ထဲပြန်ဝင်သွားပြီးလက်ရှိမှာဒေသခံတွေဟာထိတ်လန့်နေဆဲဖြစ်ပြီးစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။
မြို့ထဲပြန်မဝင်ရသေးတဲ့စစ်ရှောင်တဦးက
“နေစရာမှအိမ်မရှိတော့တာ။ဘယ်သွားဝင်မှာ”လို့ဖွင့်ဟပါတယ် ။ ။






















































