အောက်တိုဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
အောက်တိုဘာ ၃၀ရက်မှာ စစ်ကိုင်း – ကချင်အစပ်က အဲဒီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ပြောပါတယ်။
” ရေပေါ်မီးစခန်းကို ဒီကနေ့ KIAနဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ပြီးမှ အားလုံးသိမ်းလိုက်တယ်ဆိုတဲ့ သတင်း ကနဦး ကြားရပါတယ်။ အကြောင်းကြားတာရှိပါတယ်။ သို့သော်လည်းပဲ အခြေအနေ ပြည့်ပြည့်စုံစုံကိုတော့ ခုထက်ထိ သူတို့ဘက်က ဘာမှ အကြောင်းကြားတာမရှိသေးဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ ရေပေါ်မီး စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။
KIA ပူးပေါင်းတပ်ဟာ အောက်တိုဘာ ၂၂ရက်ကလည်း ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာက SNA ရဲ့ တပ်မဟာ(၉၇၂) လက်အောက်ခံ တပ်ရင်း(၄)ရဲ့ ဌာနချုပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းနဲ့ အခြားစစ်သုံးပစ္စည်းများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုသိမ်းရတဲ့ ရေပေါ်မီးတပ်စခန်းဟာလည်း တောင်ဦးကျေးရွာနဲ့ တဆက်တည်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ အောက်တိုဘာ ၁၉ရက်ကလည်း တောင်ဦးကျေးရွာအနီး တာမယ်ပုတ်ကျေးရွာမှာ တပ်စွဲထားတဲ့ SNA ရဲ့ စခန်းနေရာကို သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။
စစ်တပ်ဟာ SNAကို အသုံးချပြီး တိုက်ပွဲဖော်ဆောင်နေတာဟာ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ရက် KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြောကြားထားပါတယ်။
အဲဒီလို သွေးခွဲနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို တိုင်းရင်းသားအချင်းချင်းနာလည်ဖို့အရေးကြီးကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
SNAဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ အင်းတော်ကြီးဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံတခုအဖြစ် KIAနဲ့ PDF တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။




















































