ဟာနာဆန်/People’s Spring
ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။
တူးတူးက မျက်နှာသွယ်ပြီး ရုပ်ရည်သန့်ပြန့်တဲ့ ကလေးတစ်ယောက်ပါ။ အနေအေးတယ်။ စကားပြောလည်းနည်းတယ်တဲ့။ အသက်အရွယ်နဲ့ မမျှအောင် ရင့်ကျက် တည်ငြိမ်တဲ့ စရိုက်ရှိတယ်။
တူးတူးမိဘတွေက ပြည်ပမှာအလုပ်လုပ်နေတယ်။ မြောက်ဒဂုံမှာ ဘိုးဘွားတွေ ဦးလေးတွေနဲ့ နေတယ်။ ညီအကို၃ယောက်မှာ အငယ်ဆုံးသားတဲ့။ပြီးတော့တူးတူးကကြောက်လည်းကြောက်တတ်တယ်တဲ့။

Public Service Announcement
တူးတူးလေး ထွက်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာဘူး။ ည ၇ နာရီခွဲလောက်ကျ အိမ်သားတွေလည်း လိုက်ရှာကြပြီ။ည ၉ နာရီကျော်တဲ့အထိ ရှာမတွေ့တော့ ရဲစခန်းသွားတိုင်ထားရတယ်။
ဒီကနေ့ ၁၀ ရက်မနက်မှာတော့ မြောက်ဒဂုံ ၃၈ရပ်ကွက်ကရေကန်တစ်ခုမှာရုပ်အလောင်းတစ်ခု ပေါ်လာတယ်လို့ သိရတယ်။ မိသားစုဝင်တွေလည်း တူးတူးလေးမဖြစ်ပါစေနဲ့လို့ ဆုတွေတောင်းပြီး သွားကြည့်ခဲ့ကြတယ်။ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ တူးတူးလေး ဖြစ်နေခဲ့ပါတယ်။
တူးတူးလေးရဲ့ရုပ်အလောင်းကို ရေကန်မှာပေါ်လာလို့ တွေ့ခဲ့ရတာဖြစ်ပြီး ကလေးမှာ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားပါတယ်။
“ဒီကလေးလေးက အသံတောင်ကျယ်ကျယ်စကားမပြောဘူး။ရန်ဖြစ်ဖို့ဆိုတာအဝေးကြီး”လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လူမှုကွန်ရက်မှာတော့ တူးတူးလေးသေဆုံးတာနဲ့ပတ်သက်ပြီး အမျိုးစုံ ကောက်ချက်ချနေကြတယ်။ တရားခံအစစ်က ဘယ်သူပါလဲ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲလူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့ လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။ ပိုဆိုးတာကတော့ စာသင်ကျောင်း ပုရဝုဏ်အတွင်းမှာတောင် ရန်ပွဲ နဲ့ လူသေစေတဲ့ ခိုက်ရန်ဖြစ်မှုတွေရှိလာတာပါ။
ပြီးခဲတဲ့ ရက်ပိုင်းမှာပဲ နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကလေးချင်းဖြစ်ပွားတဲ့ ပြဿနာကနေ လူကြီးချင်းသတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့သလို ပဲခူးတိုင်း၊ကဝမြို့မှာလည်းကလေးငယ် ၂ ဦးအပါအဝင် ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၁ဖေဖော်ဝါရီမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝပျက်ပြားသွားပြီး နယ်စပ်ဒေသတွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ လူသတ်မှုတွေနေ့စဉ်နဲ့အမျှဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေနဲ့ လူကုန်ကူးမှုတွေ ကမ္ဘာ့အဆင့်အထိ ကြီးထွားလာခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပုံမှန်လည်ပတ်နေတဲ့ တရားစီရင်ရေးစနစ်၊ရဲတပ်ဖွဲ့နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားတွေ ပျက်စီးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့၊ အာဏာတည်မြဲဖို့၊ ခေတ်ပျက်ကြီးမှာ ငွေကိုသည်းကြီးမည်းကြီးရှာဖို့အတွက်ပဲ အားစိုက်ခဲ့တယ်။ ဒါကြောင့် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေကို ထိရောက်စွာ အရေးယူမယ့်သူ မရှိတော့ဘဲ ရာဇဝတ်ကောင်တွေ သောင်းကျန်းဖို့ လမ်းပွင့်သွားပါတော့တယ်။
တရား ဥပဒေစိုးရေးအဓိကတာဝန်ယူရသူတွေက ငွေရရေးကဓိကဖြစ်လာပြီး ငွေများတရားနိုင်ဆိုပြီးမင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုတွေပိုများလာပါတယ်။ပိုဆိုးတာက လူမိုက်တွေက အုပ်ချုပ်ရေး ရာထူးတွေယူလုပ်ကိုင်လာတာ ၊လူမိုက်နဲ့ရဲ့ ၊စစ်သား ၊အုပ်ကြီးတွေပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ပြီးငွေညှစ်တာတွေလုပ်လာကြတာပါ။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် နိုင်ငံတကာပိတ်ဆို့မှုတွေ ကြုံရတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာပြီး မြန်မာ့ စီးပွားရေးဟာ လုံးဝပျက်စီးသွားပါတယ်။
အလုပ်အကိုင် ရှားပါးပြီးငတ်မွတ်လာတဲ့အခါ ဝမ်းရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ္စည်းယူသတ်ဖြတ်မှုတွေပါ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားလာပါတော့တယ်။
မြန်မာနိုင်ငံဟာ စစ်တပ်က နှစ်ပေါင်းများစွာ အာဏာသိမ်းထားခဲ့လို့ ယခင်ကတည်းက တရားဥပဒေဟာလည်း ယိုင်နဲ့နဲ့ပါ။ ၂၀၁၅ အရပ်သားအစိုးရတက်လာပြီးမှ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် စစ်တပ်က အာဏာထပ်သိမ်းလိုက်ပြန်တော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု စနစ်ဟာ ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်တယ်။ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ကိုယ်တိုင်လည်း ဥပဒေအထက်မှာ နေထိုင်ကြတဲ့အတွက်၊ ဥပဒေမဲ့တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်စေကာ ရာဇဝတ်မှုတွေ သောင်းကျန်းလာတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ နယ်ဘက်ကျေးဘက်တွေမှာလေကြောင်းတိုက်ခိုက်၊ စစ်ကြောင်းထိုး မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေသလို မြို့ပေါ်မှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဆိုးရွားလှတဲ့ ဖိနှိပ်မှုတွေ ပြုလုပ်နေတာပါ။ ဒီကြားထဲမှာမှ ပြည်သူတွေဟာ ခိုးဆိုးလုနှိုက် ရာဇဝတ်သမားတွေရဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်ကြရပြန်ပါတယ်။
အလုပ်သွားအလုပ်ပြန် သတိကြီးစွာထားပြီး သွားကြလာကြရတယ်။ မှောင်ပြီဆိုတာနဲ့ အိမ်ကိုစောစောပြန်ရတယ်။ ညဘက်လည်း ခေါင်းပြားအောင်အိပ်လို့မရဘူး။ ချွတ်ခနဲကြားတာနဲ့ ထကြည့်ရတယ်။
တူးတူးလေးသေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုးကောက်ချက်ချနေကြပါတယ်။ ရန်ငြှိုးနဲ့အသတ်ခံရတာလား၊ အုပ်စုဖွဲ့အနိုင်ကျင့်ခံသတ်ဖြတ်ခံရတာလား စသဖြင့်ပေါ့။ တူးတူးလေးကို သတ်တာ ဘယ်သူလဲဆိုတာကို မိသားစုဝင်တွေသာမက ပြည်သူတွေပါ သိချင်နေကြပါတယ်….။ ။


















































