ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဗီဇာ ပြဿနာတွေကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌက ကာကွယ် ပြောကြားသွားပါတယ်။
ဂီယန်နီ အင်ဖန်တီနိုက ဖီဖာဟာ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တာဝန်ယူတဲ့ နိုင်ငံတွေရဲ့ အစိုးရ မူဝါဒတွေကို ဘောင်ကျော်လို့ မရဘူးလို့ ဇွန်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဆိုမာလီယာ ဒိုင်လူကြီး အိုမာ အာတန်ကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တဲ့ ကိစ္စနောက်ပိုင်း ဖီဖာဟာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ဗီဇာကိစ္စတွေ အဆင်ပြေအောင် ထိထိရောက်ရောက် မကူညီဘူးဆိုတဲ့ ဝေဖန်သံတွေ ပိုမို ကျယ်လောင်လာပါတယ်။
အာတန်ဟာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံး ကမ္ဘာ့ဖလား ဒိုင်လူကြီး ဖြစ်ခွင့်ရဖို့ မျှော်လင့်ချက်ကို အမေရိကန်ရဲ့ ဗီဇာ ငြင်းပယ်မှုကြောင့် ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ စာရွက်စာတမ်း မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံနဲ့ အမေရိကန်ဆီ လာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်ဝင်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။
ဖီဖာက ဒီကိစ္စမှာ အာတန်ဖက်က ကူညီဖြေရှင်းပေးရမယ့်အစား ဆိုမာလီယာ ဒိုင်လူကြီးကို ကမ္ဘာ့ဖလား ပွဲစဉ်တွေ ကိုင်တွယ်ရမယ့် ဒိုင် ၅၂ ဦး စာရင်းက ဖယ်ရှားလိုက်တဲ့အခါ ဝေဖန်မှုတွေက ပိုပြင်းထန်လာခဲ့ပါတယ်။ အမေရိကန် အာဏာပိုင်တွေက အာတန်ဟာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုနဲ့ ဆက်စပ်နိုင်တယ်လို့ သံသယရှိကြောင်း မရေမရာ အကြောင်းပြချက်နဲ့ အာတန်ရဲ့ ဗီဇာ လျှောက်ထားမှုကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အာတန်ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဆိုမာလီယာဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ဗီဇာ ပိတ်ထားတဲ့ နိုင်ငံတွေ စာရင်းမှာ ပါဝင်နေပါတယ်။

Public Service Announcement
ဆိုမာလီယာ ဒိုင်လူကြီး ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်ကတော့ တကယ့်ကို ကံအကြောင်းမလှခဲ့တာလို့ အင်ဖန်တီနိုက ဆိုပါတယ်။ ဒါပေမဲ့ ဖီဖာဆိုတာ အစိုးရတွေ၊ ရဲတပ်ဖွဲ့တွေအပေါ် ဩဇာ လွှမ်းမိုးနိုင်တဲ့ ကမ္ဘာကြီးရဲ့ ဘုရင်တွေ မဟုတ်ကြောင်း၊ အားကစား အဖွဲ့အစည်း တစ်ခုသာ ဖြစ်တယ်ဆိုတာကို နားလည်သင့်ကြောင်း သူက ပြောကြားသွားပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်တွေအဖြစ် တာဝန်ယူထားကြပါတယ်။ အမေရိကန်ဟာ ဗီဇာပိတ်ဆို့ထားတဲ့ နိုင်ငံတွေကနေ လာရောက် အားပေးကြမယ့် ဘောလုံးပရိသတ်တွေ အပေါ်မှာပါ ဗီဇာ တင်းကျပ်မှုတွေ ရှိနေကြောင်း စွပ်စွဲခဲ့ထားရပါတယ်။
အင်ဖန်တီနိုကတော့ လက်ရှိ ပြဿနာတွေအတွက် ဖီဖာဟာ နောက်ကွယ်မှာ အပူတပြင်း ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပေမယ့် လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေရဲ့ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိသူဟာ အိမ်ရှင်နိုင်ငံရဲ့ အာဏာပိုင် အဖွဲ့အစည်းတွေသာ ဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။ ဖီဖာဟာ ဖြေရှင်းမှုတွေကို ရှာဖွေနေကြောင်း၊ တစ်ခါတလေတော့ အသံကျယ်ကျယ်နဲ့ အော်ဟစ်နေတာ၊ ဆူပူနေတာတွေက လက်တွေ့ အဖြေရှာမှုရဲ့ ဆန့်ကျင်ဖက် အခြေအနေဆီ ဦးတည်သွားစေနိုင်ကြောင်း သူက သတိပေးသွားပါတယ်။
ဗီဇာ ပြဿနာတွေ ကြုံလာတဲ့အခါ အမေရိကန်ကို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နောင်တရမိစေသလားဆိုတဲ့ မေးခွန်းကိုတော့ သူက တိုက်ရိုက် မဖြေခဲ့ပါဘူး။ အတိုင်းအတာ ပမာဏ ကြီးမားလှတဲ့ အခုလို ပြိုင်ပွဲကြီးမျိုးမှာတော့ ပြဿနာတွေ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရတတ်တာ ပုံမှန်ဖြစ်ကြောင်း၊ တချို့ကိစ္စတွေက အမေရိကန်နဲ့ ပတ်သက်ပြီး တချို့ကတော့ ကနေဒါ၊ မက္ကဆီကိုတို့နဲ့ သက်ဆိုင်နေကြောင်း၊ ဒါပေမဲ့ ဖီဖာကတော့ အားလုံးကို ကိုင်တွယ် စီမံနေကြောင်း အင်ဖန်တီနိုက ပြောပါတယ်။
အမေရိကန်နဲ့ စစ်ဖြစ်နေတဲ့ အီရန်နိုင်ငံရဲ့ လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရအောင် ဖီဖာက ကူညီ စီစဉ်ပေးနိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။ လူတွေက အီရန်အသင်း ကမ္ဘာ့ဖလားမှာ မပါရလောက်တော့ဘူးဆိုပြီး စိုးရိမ်နေခဲ့ပေမယ့် ကျိန်းသေပေါက် အီရန်က ပြိုင်ပွဲဝင်ခွင့် ရစေမယ်လို့ သူက ကတိပေးခဲ့ကြောင်း အင်ဖန်တီနိုက ပြောကြားသွားပါတယ်။
အီရန်အသင်း ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွေမှာ ရုံပြည့်ရုံလျှံ ပရိသတ် အားပေးမှုတွေကို မျှော်လင့်ထားကြောင်း၊ ပြီးတော့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးကို မြင်ချင်ကြောင်း၊ ဒါဟာ ဘောလုံး အားကစားဖြစ်ပြီး ဘောလုံးကြောင့် ကမ္ဘာကြီးကို စည်းလုံးစေချင်ကြောင်း အင်ဖန်တီနိုက ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား: Reuters


















































