ဇွန် ၁၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၄ ရက်ကတည်းက ပခုက္ကူတပ်မ (၁၀၁)ကနေတဆင့် ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
“စစ်ကြောင်းနဲ့ မတွေ့အောင် ဝေးဝေးရှောင်ကြပါလို့။ ခုစစ်ကြောင်းက တွေ့တဲ့လူတိုင်းကို pdf အမည်တပ်ပြီး သတ်ပစ်ကြတာပါ။ ဝေးအောင် လွတ်အောင် ရှောင်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်”လို့ ဆရာထွေးက ပြောပါတယ်။

Public Service Announcement
တွင်းမပျူစောထီးကျေးရွာရောက် စစ်ကြောင်းအနက် အင်အား ၁၀၀ခန့်ဟာ ဒီမနက်မှာ ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းရွာဘက်ကို မွှေနောက်နေပြီး တွင်းမရွာက ရိက္ခာကား (၇)စီးကလည်း ကမ္မမြို့ကို ရောက်ရှိနေကြောင်း၊ ကမ္မကို ရှေ့ပြေးရောက်နေတဲ့ တွင်းမပျူစောထီးတွေနဲ့ သရက်ကန်ပျူစောထီးတွေဟာ ကမ္မစျေးကို ဖောက်ထွင်းခိုးယူနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မြိုင်မြို့နယ်မြောက်ပိုင်းက မကျည်းကန်ရွာအနီးကို
တံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အထိအခိုက်မသိရသေးဘူးလို့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။
စစ်တပ်ဟာ ယခုလဆန်းပိုင်းကပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသက ပြည်သူပေါင်း လေးဆယ်ကျော်ကိုသတ်ဖြတ်ပြီး နေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။


















































