ဇွန် ၁၇၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ ၁နာရီနီးပါးကြာ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၇ ရက် ညနေ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီ ၄၅ မိနစ်၀န်းကျင်အထိ မြို့ရှိ လမ်းမတော်၊ ပိုက်သည်၊ ရွာမရပ်ကွက်တို့နဲ့ ဂစ္ဆပနဒီတံတားအောက်ခြေတလျှောက်တို့ကို ဗုံးအလုံးရေ ၁၀ ကျော် ကြဲချခဲ့တာပါ။










“အခုထိ သိရတာ သေတာ ၁၂ယောက်၊ ဒဏ်ရာရတာ ၂၀နီးပါးရှိပြီ၊ အသေအပျောက်များတော့ အရေအတွက် အတိအကျမသိသေးဘူး။ အထိအခိုက် တော်တော်များတယ်”လို့ ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ပိုက်သည်ရပ်ကွက်ရှိ ဈေးဆိုင်တွေ၊ ကုန်တွေရှိတဲ့ ယာယီဈေးနဲ့ လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပြင် ဆိုင်ခန်းနဲ့ လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
“ခေါင်းထက်မှာ ဘယ်နှစ်စီးမှန်းမသိဘူး ပတ်လိုက် ကြဲလိုက် ကြဲချသွားတာ။ ကြောက်တာ ငိုတောင်ငိုကြတယ်၊ အခုလောက် ကြောက်ဖို့ကောင်းတာ မကြုံဖူးသေးဘူး။ ဆိုင်က အလုပ်သမားတွေ သေသွားတယ်။ ဒဏ်ရာရတာလည်း မနည်းဘူး၊ ခြေပြတ်သူပြတ်၊ ပေါင်ထိသူထိနဲ့” လို့ ပိုက်သည်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်တလောမှာ ဗုံးကြဲလို့ မီးလောင်သွားတဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးငြှိမ်းသတ်နေပြီး အသေအပျောက်တွေကိုလည်း ကောက်ယူ၊ ပြုစုနေတယ်လို့ သိရပါတယ်။
“လမ်းမတော်ရပ်ကွက်က မြစ်ဟိုဘက်မှာဆိုတော့ သေချာမသိရသေးဘူး။ တမြို့လုံးကို ကြဲသွားတာဆိုတော့ အသေအပျောက်မရှိရင်တောင် နှစ်ဆယ်၊ သုံးဆယ် ရှိမယ်ထင်တယ်”လို့ ကျောက်တော်မြို့မှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း ဂွမြို့နယ်က ကျိန္တလီမြို့ ၊ရမ္မာကျွန်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဦး သေဆုံးပြီး ကလေးငယ်အပါအ၀င် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အခုလိုမျိုး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ဒါဟာ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ အခုရက်နောက်ပိုင်း ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်)နဲ့ ကင်းထောက်လေ ယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။


















































