စက်တင်ဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနားစတဲ့ဒေသတွေမှာ လူငယ်အများအပြားကို စစ်သားစုဆောင်းဖို့ ကြိုးစားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့ကပြောကြားသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကလည်း သတင်းဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တပတ်အတွင်း KIAသတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်တွေအရ အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးမြို့ စတဲ့ ကချင်ဒေသ အများအပြားမှာ စစ်သားစုဆောင်းတာ၊လူငယ်တွေစစ်မှုထမ်းဖို့ အမည်စာရင်းသွင်းခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာ အဲဒီဒေသကိုစစ်အင်အားဖြည့်တင်းဖို့ ပူတာအို ၊ မချမ်းဘော၊ နောင်မွန်းနဲ့ အနီးတ၀ိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို အဓမ္မစုဆောင်းရေးခေါ်ဆောင်သွားသလို ပစ္စည်သယ်ပေးဖို့ ရွာတိုင်းမှာ ပေါ်တာဆွဲနေတယ်လို့ KIAက အသိပေးထားပါတယ်။

Public Service Announcement
ဒါ့အပြင် မြစ်ကြီးနားမြို့မှာလည်းစစ်တပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အမည်စာရင်းတွေထပ်မံတောင်းဆိုနေကြောင်းလည်း ဖော်ပြထားပါတယ်။စက်တင်ဘာ ၁၆ရက်နေ့မှာ အမည်စာရင်းသွင်းရမယ်လို့စစ်တပ်က အမိန့်ထုတ်ထားပေမဲ့ စာရင်းပေးသွင်းသူမရှိလို့ စက်တင်ဘာ ၁၈ရက်မှာထပ်မံ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကလည်း နမ္မတီးနဲ့ မိုးကောင်းမြို့တွေမှာ လူငယ် စာရင်းတွေ တင်ပြဖို့ စစ်တပ်ကညွှန်ကြားထားတာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ ပူတာအိုမှာလည်း စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်တွေကလူဦးရေထောင်ချီ စစ်သားစုဆောင်းဖို့ ကြိုးပမ်းနေလို့ ပူတာအိုဒေသခံများ သတိပြုနေထိုင်ဖို့ ရဝမ်မဟာမိတ်အဖွဲ့ (Rvwang Alliance) ကထုတ်ပြန်ပါတယ်။ စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့များအတွက် လူဦးရေ ၂,၅၀၀ ပြည့်မီအောင် နည်းလမ်းမျိုးစုံဖြင့်လူစုဆောင်းရန်တောင်းဆိုထားကြောင်း သတင်းရရှိထားတာလို့ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်းလူငယ်မရှိတဲ့အိမ်ထောင်စုတစ်စုလျှင်ကျပ် ၅၀,၀၀၀ ထည့်ဝင်ရန်တောင်းခံနေသလို လူငယ်တွေကို အထမ်းသမားအဖြစ် စုဆောင်းတာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အချို့လူငယ်တွေဟာ ငွေကျပ်သိန်း ၂၀၀ အထိပေးပြီးတော့ ပြန်လည်ရွေးယူရတဲ့ အခြေအနေရှိကြောင်းလည်း Rvwang Allianceက ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာနိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ စစ်သားသစ်စုဆောင်းနေသလို တဖက်မှာလည်း ပြန်ပေးဆွဲသလို လူငယ်တွေကို ဖမ်းဆီးပြီး ငွေနဲ့ ရွှေးခိုင်းနေတာတွေ လုပ်နေပါတယ်။
ပူတာအိုဒေသ လူစုဆောင်းရေးအစီအစဉ်ကို ရဝမ်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်တွေက ဦးဆောင်နေကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေအရ သိရတာလို့ ဆိုပါတယ်။
စုဆောင်းရတဲ့လူငယ်တွေကိုမြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာစစ်ရေးတာဝန်များ ထမ်းဆောင်ဖို့ လေယာဉ်ဖြင့် ပို့ဆောင်နေသလိုခေါင်လန်ဖူးဒေသရှိ တိုက်ပွဲတွေမှာအသုံးပြုဖို့လည်း ဖြစ်ကြောင်း သတင်းရရှိတယ်လို့ Rvwang Alliance ကထုတ်ပြန်ပါတယ်။
ပူတာအိုနဲ့ ခေါင်လန်ဖူးဒေသ မှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်သားသစ် ၂၅၀၀ ရဖို့စုဆောင်းနေတာဟာ စစ်တပ်ကတိုက်ပွဲတွေမှာ အထိနာနေတာကြောင့်ဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားပါတယ်။



















































