စက်တင်ဘာ ၂၅၊ ၂၀၂၆။ မေရီ/People’s Spring
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီခန့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ်(၅၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ မြောက်ဒဂုံကြိုးတံတားအနီးနေ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ကိုချမ်းမင်းပိုင်ဆိုသူဟာ နေအိမ်ရှေ့ ခေတ္တထွက်နေစဥ် ပျောက်ဆုံးသွားလို့ ၎င်းမိသားစုဝင်တွေက မကွေးကျောင်းဆရာတော် ဦးပါမောက္ခထံ သွားရောက်အကူညီတောင်းခံခဲ့ပါတယ်။
မိသားစုဝင်တွေဟာ မြောက်ဒဂုံရဲစခန်းမှာလည်း လူပျောက်တိုင်ကြားထားကြောင်း၊ မိသားစုဝင်တွေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရတာကြောင့် သက်ဆိုင်သူတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ မကွေးကျောင်းဆရာတော်က မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement
ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းစတဲ့ မြို့နယ် ၁၀ ခုမှာ သြဂုတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းက မြေပြင်ကင်းထောက်သတင်းတွေ ဖြန့်ဝေပေးနေတဲ့ Rangoon Scout Network – RSN ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။ အဲဒီဖမ်းဆီးခံရသူတွေထဲမှာ လူမြင်သူမြင် ကားလမ်းမဘေးရှိနေချိန်၊ သွားလာနေချိန် အဖမ်းခံရသူက ၂၆ ဦးတောင် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုဟာ လူ ၉၀ ထက်မနည်း ရှိခဲ့တယ်လို့ RSN က ဖော်ပြပါတယ်။
အလားတူ စက်တင်ဘာ ၁ ရက်ကနေ ၁၀ ရက်အတွင်းမှာလည်း တရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၈ ဦးရှိခဲ့တယ်လို့ RSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့မှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေတာကို ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ဝန်ခံခဲ့ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်နေ့ကပဲ ၎င်းရပ်ကွက်ထဲက လူငယ်တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအုပ်ကြီးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့စာရင်းတွေပြုစုထားတဲ့ RSNက စစ်တပ်ရဲ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလတွေမှာ ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူတွေက နည်းလမ်းမျိုးစုံနဲ့လူလိုက်ဆွဲနေလို့ အဲဒီကာလတွေဟာ ဖမ်းဆီးတာပိုများတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့်အောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်နိုင်ဖို့အတွက် ဒေသအသီးသီးမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။



















































