Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လူသိများတဲ့ ခွေးလေး အခိုးခံရပြီး ချက်စားခံရ၊ ခွေးသားစားမှုကိစ္စ အငြင်းအခုံတွေ ပြန်လည် ပြင်းထန်လာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

ဓာတ်ပုံ - QQ.com

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

ချုတူလို့ခေါ်တဲ့ border collie အမျိုးအစား ခွေးလေးဟာ တရုတ် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ followerပေါင်း ၁.၅ သန်းကျော် ပိုင်ဆိုင်ထားတဲ့ လူသိများတဲ့ ခွေးလေးပါ။ ချုတူဟာ ပိုင်ရှင်တွေ ပြည်ပခရီး သွားနေချိန် အတောအတွင်း ခိုးယူခံလိုက်ပြီး နောက်ပိုင်း စုံစမ်းမှုတွေအရ တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ခွေးသား စားသောက်ဆိုင် တစ်ခုကို ၂၅ ဒေါ်လာလောက် ငွေကြေးနဲ့ ရောင်းချတာ ခံခဲ့ရကြောင်း သိရှိလာရပါတယ်။ အဲဒီစားသောက်ဆိုင်မှာပဲ ချုတူကို အသားပေါ်ပြီး စားသုံးသူတွေဆီ ချက်ပြုတ်ရောင်းချခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ခွေးသားစားမှုဟာ တဖြည်းဖြည်း ကျဆင်းလာနေပေမယ့်လည်း ခွေးသားကို ချက်ပြုတ် စားသောက်တဲ့ သူတွေလည်း ရှိနေဆဲပါ။ ပြီးတော့ ခွေးသားရောင်းတဲ့ စားသောက်ဆိုင်တွေလည်း ဖွင့်လှစ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ ခွေးသားစားမှုကို အတိအလင်း တားမြစ်ထားတဲ့ ဥပဒေမျိုး မရှိပေမယ့် အိမ်မွေးတိရစ္ဆာန်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကိုတော့ တဖြည်းဖြည်းချင်း ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းနေပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ ခွေးသားကို နိုင်ငံရဲ့ တရားဝင် အသားဟင်းလျာတွေ စာရင်းမှာ ထည့်သွင်း သတ်မှတ်မှုကနေ ပယ်ဖျက်ခဲ့ပါတယ်။ ရှန်ဇန်းနဲ့ ကျုဟိုင်လို မြို့ကြီးတွေမှာ ခွေးသား၊ ကြောင်သား စားမှုကို ပိတ်ပင်လိုက်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင်တော့ နေရာ အနည်းစုလောက်သာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချုတူရဲ့ အဖြစ်ဆိုးကို ကြားသိပြီးချိန်မှာတော့ လူမှုကွန်ရက်တွေပေါ်မှာ ခွေးသားစားမှု တိုက်ဖျက်ရေး တောင်းဆိုသံတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ နောက်ပြီး စားသောက်ဆိုင်တွေမှာ ခွေးတွေကို ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တိရစ္ဆာန် အခွင့်အရေး ရှုထောင့်ကနေ ထောက်ပြမှုတွေလည်း ပိုမိုကျယ်ပြန့်လာပါတယ်။

ခွေးသားစားတာကို ဥပဒေအရ တားဆီးမထားပေမယ့် စျေးကွက်ကို ထောက်ပံ့ပေးမယ့် တရားဝင် ကုန်ကြမ်းရင်းမြစ်တွေ မရှိကြောင်း၊ ဒီတော့ အသားပေါ်ဖို့ ခွေးတွေကို သူခိုးစျေးကွက်ကနေပဲ အဓိက တင်သွင်းနေကြကြောင်း ဘေဂျင်းမှာရှိတဲ့ တိရစ္ဆာန် အခွင့်အရေး ရှေ့နေ အန်းရှိအန်းက ပြောကြားခဲ့ပါတယ်။

ချုတူ သေဆုံးမှု အပြီးမှာတော့ သားသတ်ရုံတွေမှာ တရားမဝင် သိုလှောင်ထားတဲ့ ခွေးတွေကို ရှာဖွေ ကယ်ဆယ်ဖို့ တောင်းဆိုမှုတွေလည်း ပိုမို ကျယ်လောင်လာပါတယ်။ ဇွန်လ ၇ ရက်နေ့တုန်းက တရုတ်နိုင်ငံ တောင်ပိုင်း၊ ယူလင်းမှာ အသတ်ခံရမယ့် ခွေး ၁၁ ကောင်ကို ကယ်ဆယ်ပြီး ဘေဂျင်းက တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာတစ်ခုဆီကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဆိုးရွားတဲ့ ခွေး ၂ ကောင်ကတော့ နာရီ ၃၀ ရှည်လျားတဲ့ ခရီးမှာ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ၉ ကောင်ကိုတော့ ထိန်းသိမ်း စောင့်ရှောက်ထားပြီး အရေပြား ယားနာနဲ့ တခြားရောဂါတွေကို ကုသပေးနေသလို ရေရှည်မှာ မွေးစားချင်တဲ့ ပိုင်ရှင်တွေလက်ထဲ လွှဲပြောင်းပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

သဘောထားအမြင် စစ်တမ်းတွေအရ တရုတ်ရဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာ ခွေးတွေကို အသားဟင်းလျာထက် အိမ်မွေးတိရစ္ဆာန်လို့သာ သဘောထားသင့်ကြောင်း ယူဆသူက သိသိသာသာ တိုးလာနေပေမယ့် ခွေးသားစားမှု အလေ့အထကတော့ အလုံးစုံ ကင်းစင်မသွားသေးပါဘူး။

၂၀၁၀ ပြည့်နှစ်ကစလို့ ခွေးသား ကြိုက်သူတွေ၊ ခွေးသား ရောင်းချတဲ့ဆိုင်တွေ ဦးဆောင်ပြီး ယူလင်း လိုက်ချီးနဲ့ ခွေးသားစား ပွဲတော်ကို နှစ်စဉ်လိုလို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပနေပါတယ်။ အဲဒီပွဲတော်ရက်မှာ ထောင်နဲ့ချီတဲ့ ခွေးတွေသာမက ကြောင်တွေကိုပါ သတ်ဖြတ်ပြီး ဟင်းလျာအမျိုးမျိုး ချက်ပြုတ် ရောင်းချကြ၊ တည်ခင်းကြပါတယ်။ နိုင်ငံတကာ တိရစ္ဆာန် အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေက အပြင်းအထန် ကန့်ကွက်နေတဲ့တိုင် ပွဲစီစဉ်သူတွေကတော့ ခွေးသားစားတဲ့ ဓလေ့ထုံးတမ်းကို ဆက်လက် ထိန်းသိမ်းဖို့အတွက် အခုပွဲတော်ကို ကျင်းပတာလို့ တုံ့ပြန်ထားပါတယ်။

ယူလင်းမြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ အဲဒီပွဲတော်ကို မြို့ရဲ့ တရားဝင် အခမ်းအနား တစ်ခုအဖြစ် သတ်မှတ်မထားကြောင်းနဲ့ လူပုဂ္ဂိုလ်၊ အစုအဖွဲ့တချို့ရဲ့ ရွေးချယ်မှု သဘောထားသာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။