■ဒေသခံတွေကိုဒလန်လို့ ခေါင်းစဉ်တပ်ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေခြင်းဟုတော်လှန်ရေးသတင်းရင်းမြစ်ပြော
■PLA ထောင်ထားတဲ့ မိုင်းနင်းမိ၍ PDF ၄ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရဟု PDF စစ်ရုံးချုပ်ထုတ်ပြန်
ဇွန်-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

Public Service Announcement
မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀ဝ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLAအထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ တာဝန်ဖြင့် သွားလာနေတဲ့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းတာ ၊ကျေးရွာ ၂ ရွာရှိ PLA အထိုင်စခန်းတွေကိုစီးနင်းတာ ၊ PLA ရဲဘော်တဦးရဲ့အမကို သေနတ်နဲ့ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ဇွန် ၂၂ ရက် ညနေပိုင်းမှာသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် PDF အချို့ကတော့ PLA တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဒလန်လို့ ခေါင်းစဉ်တပ်ပြီးတော့ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုနေတာလို့ ပြောပါတယ် ။
တောင်သာမြို့နယ်ထဲက PLA စခန်းတစ်ခုကို ဇွန်လ၂၂ရက်နေ့မနက်ပိုင်းမှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေသွားရောက်ပြီး ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။
“ဒေသခံတွေကို ဖမ်းထားလို့လွှတ်ပေးဖို့အကြိမ်ကြိမ်ညှိနိုင်ခဲ့ပေမယ့်မရခဲ့တာကြောင့် အခုလိုအဆင့်အထိဖြစ်လာတာလို့ ကျွန်တော်တို့သိတယ်။ ဒီနေ့သွားတော့လည်း ညှိနှိုင်းနေတုန်းမှာပဲ အရပ်သားတွေကိုပါခေါ်ပြီး ရှောင်သွားတာ။ဖမ်းဆီးထားသူတစ်ဦးကိုတော့ရိုက်နှက်ပြီးစွန့်ပစ်ခဲ့တယ်”လို့၎င်းကပြောပါတယ်။
ဒေသခံအချို့ကလည်း တောင်သာမြို့နယ်ထဲကပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဟာ ၂၀၂၄ ကနေ ၂၀၂၆ခုနှစ်အတွင်း ဒေသခံအရပ်သားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးပြီးငွေတောင်းတာတွေ၊ ကားတွေကိုသိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တဦးကလည်း PLA က ၂၀၂၅ စက်တင်ဘာလမှာ တောင်သာကိုကထိန်လာခင်းတဲ့ သူတွေထဲက ကား ၂ စီးကိုဖမ်းပြီး ပြည်သူ ၄ ဦးကိုဖမ်းပြီး ကျပ်သိန်း ၃၆၀၀ တောင်းခဲ့တယ်လို့ပြောပါတယ်။ကျပ်သိန်း ၂၀၀၀ ကိုစက်တင်ဘာ ၂၃ ရက်မှာပေးခဲ့ရပြီး ဖမ်းထားသူတွေထဲမှ ၁ ဦးကိုသာပြန်လွှတ်ပြီး ကျန်ငွေတွေကိုတောင်းထားတဲ့အတွက် တောင်သာမြို့နယ်က PDF တာဝန်ရှိသူက တိုင်ကြားမှုများဆိုင်ရာကော်မတီကိုတိုင်ကြားထားတယ်လို့ပြောပါတယ်။
PLA ရဲ့ထုတ်ပြန်ချက်မှာဖမ်းဆီးထားတဲ့ဒလန် (PLAထုတ်ပြန်ချက်အတိုင်း)တွေအားလုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊မြင်းခြံခရိုင်အတွင်းမှPLAတပ်များ အားလုံး ထွက်ခွာပေးရန် မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLAထံ တောင်းဆိုထားတဲ့လို့လည်းအသိပေးထားပါတယ်။
ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်ပြီး နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်)များလွှဲပြောင်းပေးမယ့်အချိန်မှာမိမိ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးသည့် အခြေအနေများ ရှိလာလို့ လွှဲပေးမယ့်အစီအစဉ် ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ PLAက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
PLA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့ အချိန်မှာယခုလို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းခြင်း နှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဘူးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန်သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
PLAပြောရေးဆိုခွင့်ရှိသူတွေ ကိုဝေယံဖြိုးမိုးကတော့”ကျနော်တို့ကို ရွေးချယ်စရာမရှိအောင် မလုပ်ပါနဲ့။NUG အနေနဲ့ တပ်တွေကို သက်ဆိုင်ရာနေရာတွေကို ပြန်ဆုတ်ပေးဖို့လိုပါတယ်၊ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာတွေ ဆက်လုပ်ရင် ထိပ်တိုက်တွေ့ပြီး ပိုရှုပ်ထွေးကုန်ပါ့မယ်”လို့ ဖေစ်ဘွခ်လူမှုကွန်ယက်မှာရေးသားထားပါတယ်။
ဒေသခံအရပ်သားတဦးကတော့ PLA တပ်ဟာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကို ဒလန်ဆိုပြီး ဖမ်းဆီးတာတွေနဲ့ဧရာဝတီမြစ်ကြောင်းအတွင်းငွေကြေး အတင်းအကျပ်ကောက်ခံတာတွေ ရှိနေလို့လက်မခံနိုင်ဘူးလို့ပြောပါတယ်။
PLAဖမ်းဆီးခံထားရသူတွေရဲ့ဆွေမျိုးအသိုင်းအဝိုင်းက မြင်းခြံခရိုင်တပ်ရင်းတွေထံတိုင်ကြားထားပြီးအဲဒီတိုင်ကြားမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ရှိတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
PLA စခန်းကိုသွားရောက်ပြီးညှိနှိုင်းစဉ်တင်းမာမှုရှိခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိပေမယ့် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရဲဘော်အချို့ထိခိုက်မှုရှိခဲ့တယ်လို့ လည်းသတင်းရရှိပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား အင်အားသုံးဖြေရှင်းမှာကို တော်လှန်ရေးအင်အားစုတွေကစိုးရိမ်နေကြပြီး ၊ NUG လက်အောက်ခံတပ်တွေကအင်အားသုံးဖြေရှင်းဖို့လုပ်နေတာဆိုပြီး ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ် ။
NUG လက်အောက်ခံမဟုတ်တဲ့ တပ်ဖွဲ့အချို့ကို ယခုနှစ်အတွင်းမှာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး ခေါင်းဆောင်းပိုင်းတွေကိုဖမ်းဆီးကာ NUG ကွပ်ကဲမှုအောက်ဝင်ရန် ဖိအားပေးတဲ့ဖြစ်စဥ်အချို့ရှိခဲ့ပါတယ် ။အဲဒီလို အင်အားသုံးဖိအားပေးတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေကြားဝေဖန်မှုတွေများစွာရှိခဲ့သလို တကွဲတပြားဖြစ်နေတဲ့တပ်တွေ ကွပ်ကဲမှုတခုတည်းအောက်ဖြစ်အောင်လုပ်တာလို့ ခုခံကာကွယ်ပြောဆိုမှုတွေလည်းရှိပါတယ်။
ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး People’s Spring က NUG မှတာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က တောင်သာဖြစ်စဥ်နဲ့ပတ်သက်၍ ယနေ့ည ၁၁ နာရီ ဝန်းကျင်မှာသတင်းထုတ်ပြန်ခဲ့ရာ PLA က ပြည်သူကိုစစ်တပ်သတင်းပေးဟုဖမ်းဆီးပြီး တန်ဖိုးရှိပစ္စည်းများယူဆောင်ရာမှ ထိုပြသာနာများကိုဖြေရှင်းရန်ကြိုးစားရင်း ညှိနှိုင်းရန်သွားရောက်စဥ် မိုင်းထောင်ထားခံရသဖြင့် PDF ၄ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
“စခန်းနဲ့မလှမ်းမကမ်းမှာ တွေ့ဆုံညှိနှိုင်းအဖွဲ့တွေနဲ့ စကားပြောနေရင်းတန်း တစ်ယောက်ချင်း မသိမသာထွက်သွားတယ်။ သူတို့ရှောင်ထွက်သွားလို့ စခန်းကိုပြန်တာပဲဖြစ်မှာဆိုပြီး စခန်းကိုလိုက်သွားတဲ့အချိန်မှာ တစ်ယောက်မှမရှိဘူး။ ရဲဘော်တွေက စခန်းထဲဝင်ကြည့်တဲ့အချိန်မှာ မိုင်းနေမိတာ”လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တော်လှန် ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးက ” PLA က စခန်းကိုစွန့်ခွာသွားပြီး မိုင်းထောင်ခဲ့တာဗျ။ ကျဆုံးတာကအားလုံးရဲဘော်အဆင့်တွေပဲ”လို့ ပြောပါတယ်
၁၂ဦး ဒဏ်ရာရပြီး လေးဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ရှစ်ဦးဟာဆေးရုံတက် ရောက်ကုသနေရဆဲလို့ ဆိုပါတယ်။
စခန်းလုံခြုံရေးအတွက်မိုင်းထောင်ထားတာဖြစ်ပြီး ဝင်ရောက်စီးနင်းမှုတွေမှာ ထိပ်တိုက်ပစ်ခတ်မှုမဖြစ်အောင် အချိန်မှီရှောင်တိမ်းရတာကြောင့် မိုင်းရှင်းလင်းရေးသေချာမလုပ်နိုင်ခဲ့ဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူက လူမှု့ကွန်ရက်မှာရေးသားထားပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။
တောင်သာမြို့နယ်ထဲမှာ PLA စခန်းနှစ်ခုရှိပြီး အဲဒီစခန်းတွေကို PLA တပ်ဖွဲ့ဝင်တွေစွန့်ခွာသွားပြီလို့ သတင်းရရှိပါတယ်။
” ကာကွယ်ရေးတပ်တွေက ပိတ်ဆို့တာတွေ၊ လိုက်လံဖမ်းဆီးတာတွေလုပ်မနေပါဘူး”လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။


















































