ဇွန်-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရေကြည်မြို့နယ်ထဲကတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာထဲမှာ စစ်ကျွံနေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးထားသလို စစ်ကြောင်းတခုလုံးရဲ့ ရိက္ခာအတွက်လည်း ရွာတွေဆီကနေ အတင်းအဓမ္မတောင်းယူနေတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ရွာတွေဖြစ်တဲ့ ရေကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာဇွန်လဆန်းကတည်းက တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိမှာ ကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေအများကြီးပါလာတဲ့ စစ်ကြောင်းက ကမ်းနီရွာထဲကိုဝင်လာတယ်။ ဒေသခံတွေထွက်ပြေးပေမယ့် ပြေးဖို့အချိန်မရတဲ့သူတွေကို စစ်တပ်ကခေါ်ထားတယ်။လူ ၂၀၀ စာအတွက် ရိက္ခာလုပ်ခိုင်းတယ်။ အဲ့ဒါ အခုကိုဖြစ်နေတာ”လို့ ဒေသခံတစ်ဦးက ဇွန်လ၂၃ရက်မနက်ပိုင်းမှာပြောပါတယ်။

Public Service Announcement

စစ်တပ်က သောင်တန်းရွာမှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး ရိုးမအခြေကကျေးရွာတွေဘက်ကို နေ့ရောညပါပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်ရှိစစ်တပ်စစ်ကြောင်းရောက်ရှိနေတဲ့ ကမ်းနီရွာက ဒေသခံအများစုဟာ ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုအကူအညီ ပေးနေသူတဦးကပြောပါတယ်။
“တိုက်ပွဲအခြေအနေက စစ်တပ်ဖက်ကနေ လက်နက်ကြီးရော၊လေယာဉ်ပါပစ်တာ။ ဘယ်လောက်ပစ်ပစ် AA နဲ့ မဟာမိတ်တွေက စီးမိနေတာ။ စစ်တပ်ဘက်က ပြေးသူတွေရှိလို့ မြို့အဝင်တွေ ပိတ်စစ်နေတာလည်း တွေ့တယ်။ ဘူတာမှာရောပဲ”လို့ ရေကြည်မြို့ခံတစ်ဦးကပြောပါတယ်။
ရေကြည်မြို့ဟာ ပုသိမ်-ဟင်္သာတ ကားလမ်းပေါ်မှာရှိသလို ပုသိမ်-ဟင်္သာတ-ကြံ့ခင်းရထားလမ်းပိုင်းလည်းဖြတ်သွားပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၉ရက်ကတိုက်ပွဲမှာစစ်တပ် တပ်စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီး ယခုရက်ပိုင်းမှာလည်း နောက်ထပ်စခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တယ် စစ်ရေးသတင်းရင်းမြစ်နဲ့နီးစပ်သူကပြောပါတယ်။
၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်တပ်စခန်းကုန်းကို ဇွန်လ၂၀ ရက်နေ့မှာညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိခဲ့သလို သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ရေကြည်၊ လေးမျက်နှာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းက ရေကြည်မြို့နယ်ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှားသူအချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ ဒေသခံတွေသတိပြုနေထိုင်ကြဖို့ PDF ရဲဘော်အချို့က အကြံပြုပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စစ် ဖြတ်ပျံနေပါတယ်။ ယမန်နေ့ ဇွန်လ ၂၂ရက်ညက စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ နှစ်စင်းဟာ စက္ကန့် ၃၀ခန့်သာခြားပြီး ရေကြည်မြို့နယ်ဘက်ကို ပျံသွားတယ်လို့ ဇလွန်မြို့ခံအချို့ကပြောပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။


















































