Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေက တက်ဆော့ပြီး မိဘတွေက မတောင်းပန်ခဲ့တာကြောင့် တရုတ်စူပါကားပိုင်ရှင် တရားစွဲဖို့ စီစဉ်

တရုတ်နိုင်ငံမှာ အဖိုးတန် စူပါကား တစ်စီးပေါ် ကလေးတွေ တက်ဆော့လို့ ထိခိုက်ပျက်စီးခဲ့ပြီး မိဘတွေကလည်း မတောင်းပန်တဲ့နောက် ကားပိုင်ရှင်က တရားစွဲဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံမှာ အဖိုးတန် စူပါကား တစ်စီးပေါ် ကလေးတွေ တက်ဆော့လို့ ထိခိုက်ပျက်စီးခဲ့ပြီး မိဘတွေကလည်း မတောင်းပန်တဲ့နောက် ကားပိုင်ရှင်က တရားစွဲဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ယူနန်ပြည်နယ်မှာ နေထိုင်ပြီး ဇန်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ ကားပိုင်ရှင်က သူဟာ ယွမ် ၃.၆ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၅၃၀၀၀၀ လောက် တန်ဖိုးရှိတဲ့ Ferrari မော်တော်ကားကို သတ်မှတ်နေရာ တစ်ခုမှာ ရပ်ထားတုန်း ကလေးတွေက ကားပေါ်တက်ဆော့ရင်း ဖျက်လိုဖျက်ဆီး လုပ်သွားတာကို ကြုံခဲ့ရကြောင်း လူမှုကွန်ရက်ပေါ် မျှဝေထားခဲ့ပါတယ်။

အိမ်နီးချင်း တစ်ဦးက သူ့ဆီကို ဆက်သွယ်ပြီး ကလေး ၄ ဦးက ကားပေါ်တက်ဆော့နေပြီး ကားရှေ့မှန်နဲ့ ဘောနက်ဖုံးကို လျှောလိုမျိုး ခဏခဏ စီးနေကြတဲ့အကြောင်း လှမ်းအကြောင်းကြားခဲ့တယ်လို့ ဇန်က ဆိုပါတယ်။ လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာတော့ ဝါးလုံးရှည်တွေကို ဆွဲယူလာတဲ့ ကလေးနှစ်ဦးက ကားနားချဉ်းကပ်သွားပြီ တခြားကလေးနှစ်ဦးက ကားမှန်နဲ့ ဘောနက်ဖုံးပေါ် တက်ထိုင်နေတာကို တွေ့ရပါတယ်။

ကလေးတွေရဲ့ ဒဏ်ကြောင့် ကားကိုယ်ထည် အနှံ့မှာ ခြစ်ရာ အစင်းကြောင်းတွေ ထင်ကျန်ခဲ့သလို ကားရဲ့ဘန်ပါလည်း ကွဲအက်သွားတယ်လို့ ဇန်က ဆိုပါတယ်။ သူက ထိခိုက်ပျက်စီးထားတဲ့ 488 GTB စူပါကားကို Ferrari ကားပြခန်းဆီ အရင်ဆုံး သွားမပြခဲ့ဘဲ တခြားကားဝပ်ရှော့တွေမှာ အရင်ဆုံး ခန့်မှန်း ကုန်ကျစရိတ်ကို အရင်စုံစမ်းခဲ့ပါတယ်။ ကားပြခန်းမှာ ပြန်ပြင်ရင် ယွမ် ၁ သိန်းလောက် ကုန်ကျမှာ ဖြစ်ပေမယ့် အပြင်ဝပ်ရှော့တွေမှာတော့ ယွမ် ၃ သောင်းနဲ့ ၅ သောင်းကြား ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ဇန်က အဲဒီ ခန့်မှန်း ကုန်ကျစရိတ် ဖြတ်ပိုင်းတွေကို ယူပြီး ရဲစခန်းဆီ သွားခဲ့သလို ကလေးတွေရဲ့ မိဘတွေနဲ့ နစ်နာကြေးကိစ္စ ညှိပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက် တွေ့ဆုံချိန်မှာတော့ ဇန်အတွက် အကြီးအကျယ် ဒေါသထွက်စရာ အခြေအနေမျိုး ကြုံလာရပါတယ်။ မိဘတွေက သူတို့ကလေးတွေရဲ့ လုပ်ရပ်အတွက် ပြေပြေလည်လည် တောင်းပန်တာမျိုး မရှိတဲ့အပြင် ကားပြန်ပြင်ဖို့ ယွမ် ၅၀၀၀ ပဲ ပေးမယ်လို့ မချေမငံ ပြောဆိုခဲ့ပါတယ်။

ကားပြန်ပြင်ဖို့ အနည်းဆုံး ကျသင့်ငွေလောက်ကိုသာ တောင်းခံဖို့ စဉ်းစားထားပေမယ့် ကလေးတွေရဲ့ မိဘတွေ လုပ်ပုံကိုင်ပုံကို လက်မခံနိုင်လို့ တရားစွဲဖို့ ဆုံးဖြတ်ထားကြောင်း ဇန်က ဒေသခံ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အဲဒီသတင်းနဲ့ Ferrariကားပေါ် ကလေးတွေ တက်ဆော့နေတဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ရက်တွေပေါ် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူနန်ပြည်နယ်မှာရှိတဲ့ ဖာ့ဟွိုင်ဥပဒေ အကျိုးဆောင် လုပ်ငန်းရဲ့ ရှေ့နေတစ်ဦးကတော့ ကလေးတွေရဲ့ လုပ်ရပ်ဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဖျက်ဆီးတဲ့ ပြစ်မှုမြောက်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ဥပဒေအရ မိဘ အုပ်ထိန်းသူတွေက ကားပိုင်ရှင်ကို ကာလပေါက်စျေးအတိုင်း နစ်နာကြေးပေးတာ၊ ဒါမှမဟုတ် တခြားသင့်တော်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းပေးတာမျိုး လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။

တရုတ်ရဲ့ ဥပဒေအရ ပြည်သူ့လုံခြုံရေး ချိုးဖောက်မှုတွေအတွက် အသက် ၁၄ နှစ်အောက် ကလေးတွေကို တရားဝင် ဖမ်းဆီးချုပ်နှောင်တာမျိုး လုပ်လို့ မရပါဘူး။ အဲဒီအစား ကလေးတွေအပေါ် စည်းကမ်းကြပ်မတ်ဖို့ မိဘ အုပ်ထိန်းသူတွေကို ရဲတပ်ဖွဲ့ အာဏာပိုင်တွေက ညွှန်ကြားတာမျိုးသာ လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ဇန်ကတော့ အခုကိစ္စမှာ ဥပဒေကြောင်းအရ အစွမ်းကုန် လက်တုံ့ပြန်ဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။

အဲဒီသတင်းနဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူအများရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက် သုံးစွဲသူ အများအပြားက ဗီဒီယိုထဲမှာပါတဲ့ ကလေးတွေဟာ မသိနားမလည်တဲ့ အရွယ်တွေ မဟုတ်ကြောင်း၊ ဒီလုပ်ရပ်အတွက် မိဘတွေက နစ်နာကြေး ပေးသင့်ကြောင်း၊ နောက်ပြီး မိဘက ဆိုဆုံးမမှုမရှိရင် အဲဒီကလေးတွေကို လူ့အဖွဲ့အစည်းက ဝိုင်းဝန်း ဆုံးမသင့်ကြောင်း ဝေဖန်ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေဆိုပြီး အလျှော့မပေးလိုက်ဘဲ ဇန်အနေနဲ့ ကျိန်းသေပေါက် တရားစွဲဆိုသင့်ကြောင်း ထောက်ခံသူလည်း အများအပြား ရှိနေပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

နိုင်ငံတကာ

တရုတ်ဟာ လျှို့ဝှက်အဆင့်အဖြစ် စမ်းသပ်နေတဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။