Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သံဃာ ၁၀ ပါး ပျံလွန်ခဲ့တဲ့ ယာဉ်တိုက်မှုမှာ ၁၁ နှစ်သားက manual ဂီယာကား ဘယ်လိုမောင်းတတ်ခဲ့လဲဆိုတာ ထိုင်းရဲစုံစမ်း

ထိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး သံဃာတော် ၁၀ ပါး ပျံလွန်တော် မူခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

၁၁ နှစ်သားမောင်းနှင်ခဲ့တဲ့ ပစ်ကပ်ကားကို ယာဉ်တိုက်မှုအပြီးတွေ့ရပုံ (ဓာတ်ပုံ - Khaosod)

ဇူလိုင် – ၇ ၊၂၀၂၆

ထိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး သံဃာတော် ၁၀ ပါး ပျံလွန်တော် မူခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းမတည့်ခင်တုန်းက မွတ်ခ်ဒါဟန် ပြည်နယ်ထဲက မွိုင်ခရိုင်ထဲက လမ်းဘေး တစ်နေရာမှာ စီတန်းကြွချီနေတဲ့ ကိုယ်တော် ၃၅ ပါးနဲ့ ကပ္ပိယ ငါး ဦးတို့ကို အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး တက်မောင်းလာတဲ့ ပစ်ကပ်ကားက အရှိန်နဲ့ ဝင်တိုက်မိခဲ့တာကြောင့် ဘုန်းကြီး ၁၀ ပါး ပျံလွန်တော် မူခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုရဲ့ ဗဟိုချက်ဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ဟာ ဉာဏ်ရည် ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ အော်တစ်ဇင် အခြေအနေ ရှိနေသူလို့လည်း နောက်ပိုင်းမှာ ရဲတွေက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ရဲတွေက အဓိက အာရုံစိုက် စုံစမ်းနေတာကတော့ အော်တစ်ဇင် ကလေးတစ်ဦးကို လူကြီးတစ်ယောက်ယောက်က ကားမောင်း သင်ပေးထားခဲ့သလား ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီကလေးဟာ ဖခင်ဖြစ်သူ မသိဘဲ ကားကိုယူမောင်းလာပြီးခြောက်မိုင်ကျော်လောက်ထိ ခရီးပေါက်ပြီးမှ ဘုန်းကြီးတွေကို ဝင်တိုက်ခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မှုခင်းဓာတ်ပုံတွေအရ အဲဒီကားဟာ မောင်းရခက်တဲ့ manual ဂီယာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ကလေးဟာ ကားမောင်း သင်ထားဖူးလို့သာ ကားကို အခုလို အရှိန်နဲ့ မောင်းလာနိုင်ခဲ့တာ ဖြစ်မယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။

မွတ်ခ်ဒါဟန် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ အခုဖြစ်ရပ် မတိုင်ခင် ကတည်းက ကလေးက ကားမောင်းဖူးတာတွေ ရှိသလား၊ လူကြီးတစ်ယောက်ယောက်က သူ့ကို ကားမောင်း သင်ပေးခဲ့သလား၊ ကလေးကို ကားတက်မောင်းဖို့ မိသားစုက ခွင့်ပြုထားဖူးသလား ဆိုတာတွေကို အသေးစိတ် စစ်ဆေးနေပါတယ်။ အဲဒီအတွက်လည်း မျက်မြင်သက်သေတွေ၊ အိမ်နီးချင်းတွေဆီက ထွက်ဆိုချက်တွေကို ရယူနေပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေအရ အသက်မပြည့်သေးတဲ့ အဲဒီကလေးငယ်ကို ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုလို့ မရပါဘူး။ ဒါပေမဲ့ ရဲတွေ စစ်ဆေးနေမှုတွေရဲ့ ရလဒ်အပေါ် မူတည်ပြီး ကလေးရဲ့ မိဘတွေနဲ့ အုပ်ထိန်းသူတွေအပေါ် တရားစွဲဖို့ ဖြစ်နိုင်ခြေတွေ၊ ဘယ်လို စွဲချက်နဲ့ အမှုဖွင့်လို့ရမလဲဆိုတဲ့ ရွေးချယ်စရာတွေ ထွက်ပေါ်လာနိုင်ပါတယ်။

ကလေးရဲ့ အဖိုးအဖွားတွေနဲ့ အတန်းပိုင် ဆရာမကိုလည်း ရဲတွေက မေးမြန်းပြီးပါပြီ။ သက်သေတွေ အားလုံးဆီက လုံလောက်တဲ့ ထွက်ဆိုချက်တွေ ရရှိပြီးမှသာ တရားစွဲဆိုမယ့် ကိစ္စကို ဆုံးဖြတ်မယ်လို့လည်း ရဲတွေက ပြောပါတယ်။ ယာဉ်တိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကလေးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနရဲ့ ထိန်းသိမ်း စောင့်ရှောက်မှုအောက်မှာ ဆက်လက် ထားရှိပါတယ်။

မွတ်ခ်ဒါဟန်ခရိုင်မှာ အထူးဂရုစိုက်မှု လိုအပ်တဲ့ ကလေးတွေကို ပညာသင်ပေးနေတဲ့ ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဝတ်ချာရာပေါင် ပူခမ်းက ရဲတွေက ဆက်သွယ်လာမှသာ အမှုထဲက ကလေးငယ်ဟာ သူတို့ကျောင်းရဲ့ ကျောင်းသားတစ်ဦးဆိုတာ သိရှိခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့တုန်းကတော့ ကလေးက ကျောင်းမလာခဲ့ကြောင်း၊ သူ့မိခင်က ကလေးနေမကောင်းလို့ဆိုပြီး ခွင့်တိုင်ခဲ့ကြောင်း ဝတ်ချာရာပေါင်က ဆိုပါတယ်။

အဲဒီကလေးဟာ အော်တစ်ဇင် အပါအဝင် အထူးဂရုစိုက် စောင့်ရှောက်မှု လိုအပ်တဲ့ ကလေးတွေအတွက် ဖွင့်ထားပေးတဲ့ ကျောင်းမှာ ၂၀၂၁ ကတည်းက တက်ရောက်နေခဲ့တာလို့ သူက အတည်ပြုခဲ့ပါတယ်။

ကလေးငယ်ဟာ ဆက်ဆံရေး အပိုင်းမှာ ခက်ခဲတာတွေ၊ ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့မှု အားနည်းတာတွေ ရှိခဲ့ပေမယ့် နှစ်တွေ ကြာလာတဲ့ အခါမှာတော့ အခြေခံကျတဲ့ စည်းမျဉ်းတွေကို လိုက်နာတာ၊ အတန်းဖော်တွေနဲ့ ဆက်ဆံတာမျိုး တိုးတက်မှုတွေ ရှိလာနေတယ်လို့လည်း ဝတ်ချာရာပေါင်က ရှင်းပြခဲ့ပါတယ်။

ကလေးရဲ့ မိခင်နဲ့ အဖွားက ပစ်ကပ်ကား၊ ဒါမှမဟုတ် မော်တော်ဆိုင်ကယ်နဲ့ ကျောင်းအကြိုအပို့ လုပ်လေ့ရှိပေမယ့် ကလေးက ကားတက်မောင်းတာကိုတော့ သူတစ်ခါမှ မမြင်ခဲ့ဖူးဘူးလို့လည်း ကျောင်းအုပ်က ပြောပါတယ်။

အဲဒီ ကလေးဟာ ပုံမှန်တိုးတက်မှု အပိုင်းမှာ ပြဿနာ ရှိပေမယ့် ထူးထူးကဲကဲ မှတ်ဉာဏ်ကောင်းမွန်ကြောင်း၊ သူဟာ ဘေးမှာထိုင်ပြီး လိုက်ပါရင်း မိခင်ဖြစ်သူ ကားမောင်းတာကို မှတ်သားသင်ယူထားသလား ဆိုတာကိုတော့ မပြောတတ်ကြောင်းလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်ငံတကာ

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ၈၀ ကျော်ကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်မယ့် အစီအစဉ်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ပါတယ်။