အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ မွန်းမတည့်ခင်တုန်းက မွတ်ခ်ဒါဟန် ပြည်နယ်ထဲက မွိုင်ခရိုင်မှာ စီတန်းကြွချီနေတဲ့ ကိုယ်တော် ၃၅ ပါးနဲ့ ကပ္ပိယ ၅ ဦးတို့ကို ပစ်ကပ်ကားက အရှိန်နဲ့ ဝင်တိုက်ခဲ့တာပါ။ အစောပိုင်းတုန်းက ပျံလွန်တော်မူတဲ့ သံဃာတော် ဦးရေကို ၈ ပါးလို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ထပ် ဒဏ်ရာပြင်းထန်တဲ့ ၂ ပါးက ဆေးရုံမှာ ထပ်မံ အသက်ဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။
ကလေးငယ်ဟာ မိဘတွေ မသိဘဲ ကားကို ခိုးယူလာပြီး ၁၀ ကီလိုမီတာလောက် မောင်းနှင်လာတဲ့နောက် လမ်းဘေးမှာ တန်းစီကြွချီနေတဲ့ ဘုန်းကြီးတွေကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ လမ်းပေါ် ပြန့်ကြဲနေတဲ့ သံဃာ့အသုံးအဆောင်တွေကိုရော၊ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ မော်တော်ကားကိုပါ တွေ့ခဲ့ရပါတယ်။
ရဲတွေက ကလေးငယ်ကို ထိန်းသိမ်းထားပြီး သူ့ရဲ့မိခင်နဲ့အတူ လူငယ်စောင့်ရှောက်ရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးထားကြောင်း ပြောပါတယ်။ ကလေးဆီကနေ လောလောဆယ် ဘာထွက်ချက်မှလည်း ယူလို့မရသေးကြောင်း ရဲတွေက ဆိုပါတယ်။ ထိုင်းမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုလို့ မရပါဘူး။

Public Service Announcement
နောက်ပြီး အဲဒီကလေးငယ်ဟာ အထူးဂရုပြု စောင့်ရှောက်မှု (special needs) လိုအပ်တဲ့ ကျန်းမာရေး နောက်ခံမျိုး ရှိသူလို့ ဆိုပါတယ်။ ဒါပေမဲ့ ကလေးရဲ့အသက်အရွယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေကြောင့် အဲဒီကလေးငယ်မှာ ဘယ်လို ကျန်းမာရေး ပြဿနာ ရှိနေသလဲ ဆိုတာကိုတော့ ရဲတွေက မထုတ်ပြန်ပါဘူး။
မွတ်ခါဒါဟန်မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ပယာရွတ် ရူယန်သွန်ကမ်က လောလောဆယ် ရဲတပ်ဖွဲ့ဟာ တခြားဒဏ်ရာရ ကိုယ်တော်တွေဆီက မျက်မြင်သက်သေ ထွက်ချက်တွေကိုပဲ ဦးစားပေး ရယူနေကြောင်း အတည်ပြုခဲ့ပါတယ်။
အဲဒီဘုန်းတော်ကြီးတွေဟာ မိုင် ၁၆၀ ကျော်ဝေးတဲ့ အိမ်နီးချင်း ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ဆီကို ဘုရားဖူး ခရီးစဉ်အဖြစ် ကြွချီနေခဲ့တာလို့ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ဘုန်းတော်ကြီး ၅ ပါးဟာ နေရာမှာတင် ပွဲချင်းပြီး ပျံလွန်တော် မူခဲ့ပြီး နောက်ထပ် ၅ ပါးကတော့ ဆေးရုံထိ ရောက်ပြီးမှ ပျံလွန်တော်မူခဲ့ကြတာပါ။ နောက်ထပ် ၁၃ ပါးက ဆေးရုံတက်နေရဆဲဖြစ်ပြီး ၄ ပါးလောက်ရဲ့ အခြေအနေက စိုးရိမ်နေရဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။
အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ကလေးရဲ့ မိဘ၊ ဒါမှမဟုတ် တရားဝင် အုပ်ထိန်းသူတွေဟာ လူ့အသက်တွေ သေဆုံးစေတဲ့ ပေါ့လျော့မှုအတွက် တရားစွဲဆို ခံရနိုင်ခြေတွေ ရှိနေပါတယ်။ ထိုင်းဥပဒေတွေအရ အသက် ၁၂ နှစ်အောက် ကလေးတွေကို ရာဇဝတ်မှုနဲ့ တရားစွဲလို့ မရသလို အသက် ၁၅ နှစ်အောက် အရွယ်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေမှာ ကလေးတွေကို သေချာ စီမံအုပ်ထိန်းဖို့ ပျက်ကွက်တဲ့ မိဘ အုပ်ထိန်းသူတွေကို တရားစွဲဆိုနိုင်ကြောင်း ပြဋ္ဌာန်းထားတာကြောင့် ဖြစ်ပါတယ်။
ကိုးကား: AFP
















































