Connect with us

Hi, what are you looking for?

ဆောင်းပါး

တိုင်းပြည်တစ်ခုပျက်ခြင်း၏ နောက်ကွယ်မှ အသက်ရှင်ရေး လှုပ်ရှားမှုများ (Survival Migration)

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို ‘Survival Migration’ (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

(ပြည်ပသွား​ရောက်ဖို့ ထိုင်းနိုင်ငံဗီဇာ​လျှောက်ရန် သံရုံးအနီးတန်းစီ​နေသူ​တွေကို ၂၀၂၄ ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-AFP )

– ဥဂ္ဂါ ရေးသားသည်။

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို ‘Survival Migration’ (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

ဒီလိုဖြစ်စဉ်နဲ့ ကြုံခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံအချို့ကို လေ့လာကြည့်ကြရအောင်။

၂၀၁၁ ခုနှစ်မှာ ပြည်တွင်းစစ်စတင်ခဲ့တဲ့ ဆီးရီးယားဟာ Survival Migration ကို နားလည်ဖို့ အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် မြို့ရွာတွေ ပျက်စီးသွားပြီး အလုပ်အကိုင်၊ ပညာရေးနဲ့ လုံခြုံရေးပါ ဆုံးရှုံးလာချိန်မှာ လူသန်းပေါင်းများစွာဟာ အသက်ရှင်ရေးအတွက် နိုင်ငံကို စွန့်ခွာခဲ့ရပါတယ်။ အများစုက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တူရကီနဲ့ လက်ဘနွန်ကို ဦးတည်ခဲ့ကြပြီး၊ အချို့ကတော့ ဥရောပနိုင်ငံတွေအထိ ဆက်လက်ရွှေ့ပြောင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆီးရီးယားလိုပဲ အာဖဂန်နစ္စတန်မှာလည်း နှစ်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေဟာ နေရပ်စွန့်ခွာခဲ့ရပါတယ်။ အာဏာအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးနောက် အထူးသဖြင့် အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုကန့်သတ်ခံလာရသလို၊ အိမ်နီးချင်း အီရန်နဲ့ ပါကစ္စတန်မှ တဆင့် ဥရောပနိုင်ငံတွေဆီကို ရွှေ့ပြောင်းသူတွေ ပိုမို များပြားလာခဲ့ပါတယ်။

အာဖရိကတိုက်ဘက်ကို ကြည့်မယ်ဆိုရင် ဆိုမာလီယာကလည်း Survival Migration ရဲ့ ရှည်လျားတဲ့ ဥပမာတစ်ခုပါ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အငတ်ဘေးတွေကြောင့် ပြည်သူအများအပြားဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး၊ ကင်ညာနဲ့ အီသီယိုးပီးယား တို့က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

တစ်ဖက်မှာတော့ Survival Migration ဟာ စစ်ပွဲကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူး။ ဗင်နီဇွဲလားမှာတော့ စီးပွားရေးပြိုလဲမှုနဲ့ ငွေဖောင်းပွမှု အလွန်ပြင်းထန်လာတာကြောင့် အစားအစာ၊ ဆေးဝါးနဲ့ အခြေခံ လိုအပ်ချက်တွေ ရှားပါးလာခဲ့ပါတယ်။ အဲဒီအခြေအနေက လူသန်းပေါင်းများစွာကို အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ခွာစေခဲ့ပြီး၊ ဒီဖြစ်စဉ်ကို စီးပွားရေးအကျပ်အတည်းအခြေအနေကြောင့် ဖြစ်ပေါ်လာသော အသက်ရှင်ရေးရွှေ့ပြောင်းခြင်း (Economic Survival Migration) ရဲ့ ထင်ရှားတဲ့ ဥပမာအဖြစ် မကြာခဏ ရည်ညွှန်းကြပါတယ်။

တောင်ဆူဒန်မှာတော့ ၂၀၁၁ ခုနှစ် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ် ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ လုံခြုံရေးမရှိမှု၊ အငတ်ဘေးနဲ့ အခြေခံဝန်ဆောင်မှုတွေ အားနည်းလာတာကြောင့် ပြည်သူအများအပြားဟာ ယူဂန်ဒါနဲ့ ဆူဒန်နိုင်ငံတွေဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

မြန်မာနိုင်ငံက‌တော့၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ အသက်အန္တရာယ်နဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပြည်သူအများအပြားဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ရွေးချယ် လာကြပါတယ်။

အထူးသဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေ စတင်လိုက်ပြီးနောက် မြန်မာလူငယ်တွေရဲ့ ပြည်ပထွက်ခွာနှုန်းက တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကပဲ ခက်ခဲတဲ့ တရားဝင် လမ်းကြောင်းတွေသာမက ကုန်ကျစရိတ်နဲ့ အန္တရာယ်မြင့်မားတဲ့ တရားမဝင် နယ်စပ်မှတဆင့် ထွက်ခွာသည့် နည်းလမ်းတွေကိုပါ တွန်းအားပေးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၅ နှစ်တာအတွင်း ၂၀၂၆ ခုနှစ် ပထမ ၄ လကာလ တစ်ခုတည်းမှာပဲ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ နေထိုင်သူများအဖွဲ့ (IOM) ရဲ့ အချက်အလက်အရ မြန်မာနိုင်ငံသား ၆၉၀,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

အနှစ်ချုပ်ပြောရရင် Survival Migration ဆိုတာ လူတစ်ဦးချင်းစီရဲ့ရုန်းကန်မှုထက် ကျော်လွန်ပြီး တိုင်းပြည်တစ်ခုလုံးကို အနာဂတ်မဲ့အခြေအနေဆီ တဖြည်းဖြည်း တွန်းပို့နေတဲ့ သမိုင်းဝင် အကျပ်အတည်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးကတော့ ဒီလို လူသားအရင်အမြစ်တွေလွင့်စင်ထွက်ခွာမှုကို စိုးရိမ်တကြီးနဲ့ အဖြေရှာဖို့ ကြိုးပမ်းနေကြပေမဲ့ ဒီလိုအခြေအနေတွေရှိတဲ့ နိုင်ငံတွေမှာတော့ အာဏာကို ချုပ်ကိုင်ထားသူတွေက အာဏာတည်မြဲရေးကိုသာ ဦးစားပေးပြီး ပညာတတ်လူတန်းစားရဲ့ အခန်းကဏ္ဍကို လျော့နည်းစေတဲ့ အာဏာရှင်စနစ်မျိုးကိုသာ လက်ကိုင်ထားတတ်ကြပါတယ်။

ဒီအခြေအနေတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ လူငယ်ထုနဲ့အတူ နိုင်ငံရဲ့ အားထားရတဲ့ ပညာတတ်၊ ပညာရှင်အင်အားစုတွေ အများအပြား ဆုံးရှုံးသွားရပြီး အဲဒီဆုံးရှုံးမှုရဲ့ ရလဒ်ကတော့ တိုင်းပြည်ရဲ့ အနာဂတ် ပြန်လည်နာလန်ထူရေး စိန်ခေါ်မှုတွေဟာ ပိုမိုကြီးမားလာပြီး အာဏာရှင်အုပ်ချုပ်မှု အောက်မှာ တိုင်းပြည်ဟာ အလွန်ရင်လေးဖွယ်ရာ အခြေအနေတစ်ခုဆီသို့ တဖြည်းဖြည်း သက်ဆင်းကျရောက်နေရခြင်းပင် ဖြစ်ပါတော့သည်။

ကိုးကား- IOM Thailand (2026). Flow Monitoring Report

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ကမ္ဘာဟာ မိမိရဲ့ မိုဘိုင်းမျက်နှာပြင်ကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ အာလာဒင်ရဲ့ တစ်ထောင်နှင့်တစ်ည ပုံပြင်ထဲက လိုတရမီးခွက်လို ကမ္ဘာတစ်ခုလုံး ကိုယ့်ရှေ့ ရောက်လာစေနိုင်တဲ့ ခေတ် ဖြစ်ပါတယ်။ သို့သော် လူငယ်တချို့အတွက်တော့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ နီးကပ်လာခြင်းက၊ မိမိလက်တွေ့ဘဝရဲ့ ပြင်ပကမ္ဘာနဲ့ ပိုမိုဝေးကွာသွားခြင်းရဲ့ အစလည်း ဖြစ်လာနေပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

(Social Media ရဲ့ နောက်တစ်ဆင့်)

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။