Connect with us

Hi, what are you looking for?

ဆောင်းပါး

ခေတ်သစ်စစ်ပွဲနှင့် မြေရှား၏ အရေးပါမှု

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

မဲခေါင် ရေးသားသည်

မြေရှား | Rare Earth Watch

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

ဒီစစ်ပွဲတွေမှာ အဆုံးအဖြတ်ပေးနေတဲ့ လက်နက်တွေကတင့်ကား၊ တိုက်လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ အရေးကြီးဆုံး သယံဇာတကုန်ကြမ်းကတော့ မြေရှားသတ္တု (Rare Earth Elements – REE) တွေပါပဲ။

Public Service Announcement

Public Service Announcement

ယနေ့ခေတ်စစ်ပွဲတွေဟာယခင်ရာစုကလို စစ်သားအရေအတွက်နဲ့အနိုင်အရှုံးကိုဆုံးဖြတ်တဲ့ စစ်ပွဲတွေ မဟုတ်တော့ပဲ တိကျတဲ့ ဒုံးကျည်၊ ကိုယ်ပျောက် တိုက်လေယာဉ်၊ ရေငုပ်သင်္ဘော၊ ဒရုန်းနဲ့ AI အခြေပြု စစ်ရေးနည်းပညာတွေကိုဘယ်သူကပိုမိုထိရောက်စွာအသုံးချနိုင်သလဲဆိုတာကသာအဆုံးအဖြတ်ပေးလာပါတယ်။ အဲဒီနည်းပညာအားလုံးရဲ့အခြေခံကျောရိုးမှာတော့မြေရှားသတ္တုတွေရှိနေပါတယ်။

ဥပမာအားဖြင့် အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး ကိုယ်ပျောက်တိုက်လေယာဉ် (Stealth Fighter Jet) F-35 Lightning II တစ်စီးမှာ မြေရှားသတ္တု ပေါင် ၉၂၇ (၄၂၀ ကီလိုဂရမ်ခန့်) အထိ အသုံးပြုထားပါတယ်။အင်ဂျင်၊ ရေဒါနဲ့ အီလက်ထရွန်နစ် စနစ်တွေရဲ့ အဓိကအစိတ်အပိုင်းတွေမှာတော့ မြေရှားသတ္တုထဲက တမျိုးဖြစ်တဲ့ အိုဒီမီယမ် (Neodymium) နဲ့ ပရာစီယိုဒီမီယမ် (Praseodymium) အခြေခံ စွမ်းအားမြင့် သံလိုက်တွေကို အသုံးပြုထားတာကြောင့် ရေဒါကနေ ရှာဖွေရန်ခက်ခဲစေတဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ တိကျတဲ့ တိုက်ခိုက်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။

ပစ်မှတ်ကို တိကျစွာ လမ်းညွှန်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်Guided Missileတွေရဲ့ပစ်မှတ်ဆီ ရောက်အောင်လမ်းကြောင်းထိန်းပေးတဲ့ စနစ် တွေမှာလည်း အစ်ထရီယမ် (Yttrium)၊ တယ်ဘီယမ် (Terbium) စတဲ့ မြေရှားသတ္တုတွေကို အသုံးပြုရပါတယ်။ အမေရိကန်ရေတပ်ရဲ့ တိုမာဟော့ခ် ခရုစ်ဒုံးကျည် Tomahawk Cruise Missile ဟာလည်း ဒီသတ္တုတွေ မပါရင် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

Virginia-class နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးမှာဆိုရင် မြေရှားသတ္တု ပေါင် ၉,၂၀၀ ခန့် ပါဝင်နေပြီး၊ အဲဒီသတ္တုတွေဟာ အသံ

လှိုင်းဖမ်းစနစ် (Sonar)၊ လမ်းကြောင်းပြစနစ် (Navigation) နဲ့ အဆင့်မြင့် အီလက်ထရွန်နစ်စနစ်(Electronic Systems)တွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ညကြည့်မှန်ဘီလူး (Night Vision)၊ လေဆာပစ်မှတ်ရှာစနစ်၊ စစ်သုံးအာရုံခံကိရိယာ (Sensors) တွေမှာလည်း ယူရိုပီယမ် (Europium)၊အာဘီယမ် (Erbium) တို့လိုမြေရှားသတ္တုတွေ မပါရင်ညဘက်မြင်ကွင်းနဲ့ အချက်အလက် တိကျမှုကို မရနိုင်ပါဘူး။

ယနေ့ စစ်ပွဲတွေမှာ အရေးပါလာတဲ့ ဒရုန်းတွေဟာလည်း လျှပ်စစ်မော်တာတွေ၊ အရွယ်သေးပေမယ့် စွမ်းအားမြင့်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnet)တွေ၊ကမ္ဘာတည်နေရာပြစနစ် (GPS) နဲ့ အာရုံခံစနစ် (Sensor System) တွေကို အသုံးပြုရတာကြောင့်မြေရှားသတ္တုတွေအပေါ် အလွန်အမင်းမှီခိုနေရပါတယ်။

ရုရှား-ယူကရိန်းစစ်ဟာ ဒီအချက်ကို ကမ္ဘာကို အထင်ရှားဆုံး ပြသခဲ့တဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဒရုန်းထောင်ပေါင်းများစွာကို အသုံးပြုလာကြပြီး၊ နည်းပညာနဲ့ ထောက်ပံ့ရေး ကွင်းဆက် (Supply Chain) တွေကစစ်ရေးအောင်မြင်မှုကိုတိုက်ရိုက်သက်ရောက်စေတဲ့ အချက်တွေ ဖြစ်လာပါတယ်။

ဒါကြောင့် ခေတ်သစ်စစ်ပွဲမှာ “သံမဏိ” ထက် “အီလက်ထရွန်နစ်” က ပိုအရေးကြီးလာပြီး၊ အီလက်ထရွန်နစ်ထက် “မြေရှားသတ္တု” က ပိုအရေးကြီးလာပါတယ်။

ဒါပေမယ့် မြေရှားသတ္တုရဲ့ အဓိကပြဿနာက မြေအောက်မှာ မရှိလို့ မဟုတ်ပါဘူး။ တကယ့် အခက်အခဲက တူးဖော်ပြီးတဲ့နောက် သန့်စင်ထုတ်လုပ်နိုင်တဲ့ နည်းပညာ (Refining and Processing) ဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ ကမ္ဘာ့မြေရှားတူးဖော်မှုရဲ့ ၇၀% ခန့်ကို တရုတ်က ထုတ်လုပ်နေပြီး၊ သန့်စင်ထုတ်လုပ်မှုစွမ်းရည်မှာတော့ ၉၀% ကျော်အထိ ချုပ်ကိုင် ထားပါတယ်။

အဲဒီအတွက် အမေရိကန်၊ ဂျပန်၊ ဥရောပတို့လို အဆင့်မြင့် စစ်လက်နက် ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေတောင် စစ်လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်း ထောက်ပံ့ရေးကွင်းဆက်အတွက် တရုတ်ကိုကာလရှည်ကြာအမှီပြုခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်မှာ ဂျပန်နဲ့ တရုတ်အကြား ဆန်ကာကူ/ဒီအိုယု (Senkaku/Diaoyu) ကျွန်းများအငြင်းပွားမှု ဖြစ်ပွားချိန်မှာ တရုတ်က ဂျပန်ထံ မြေရှားတင်ပို့မှုကို ယာယီပိတ်ဆို့ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမြေရှားသတ္တုကို စီးပွားရေးကုန်စည်တစ်ခုအနေနဲ့သာ မဟုတ်ဘဲ ပထဝီနိုင်ငံရေး လက်နက်အဖြစ် အသုံးချနိုင်ကြောင်း ကမ္ဘာကို သတိပေးလိုက်တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန် စစ်ကာကွယ်ရေးဌာန (Pentagon) က မြေရှားသတ္တု ထောကပံ့‌ရေးကွင်းဆက်ဟာ အမေရိကန် အမျိုးသားလုံခြုံရေးရဲ့ အားနည်းချက်တစ်ခု ဖြစ်နေကြောင်း အကြိမ်ကြိမ် သတိပေးလာပါတယ်။ စစ်လက်နက်တစ်ခု ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းကို ပြိုင်ဘက်နိုင်ငံက ထိန်းချုပ်ထားတယ်ဆိုရင် စစ်ရေးအင်အားကြီးဆိုတဲ့ အားသာချက်ဟာလည်း အချိန်မရွေး ထိခိုက်သွားနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့ဟာ တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

သြစတြေးလျက မြေရှားသတ္တုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lynas Rare Earthsကိုတိုးချဲ့ထောက်ပံ့နေသလို၊ အမေရိကန်ကလည်း ကာလီဖိုးနီးယား ပြည်နယ်ရှိ Mountain Pass မိုင်းတွင်းကို ပြန်လည်တိုးချဲ့ပြီး ပြည်တွင်းသန့်စင်စက်ရုံတွေ တည်ဆောက်နေပါတယ်။ ဥရောပသမဂ္ဂကလည်း အရေးကြီးကုန်ကြမ်းဆိုင်ရာ ဥပဒေကိုအကောင်အထည်ဖော်ပြီး အရေးပါတဲ့ သယံဇာတတွေရဲ့ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံအောင် ပြင်ဆင်နေပါတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ပထဝီနိုင်ငံရေး မြေပုံပေါ်မှာ ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းမြောက်ဒေသတွေက မြေရှားသတ္တုတွေဟာ တရုတ်ရဲ့ ထုတ်လုပ်ရေး ကွင်းဆက်အတွက် အရေးပါတဲ့ ကုန်ကြမ်းရင်းမြစ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက သယံဇာတတွေဟာ ပြည်တွင်းစီးပွားရေးကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတွက်ချက်မှုထဲမှာပါ ပါဝင်လာပါတယ်။

ရုရှား-ယူကရန်းစစ်က စစ်လက်နက်ထုတ်လုပ်နိုင်စွမ်းဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြသခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်အကြားတင်းမာမှုက ဒုံးကျည်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်လောက် လိုအပ်သလဲဆိုတာကို ပြသနေပါတယ်။

ထိုင်ဝမ်အရေးကတော့ တကမ္ဘာလုံးအတွက် ကွန်ပျူတာ၊ စမတ်ဖုန်း၊ AI စနစ်၊ကား၊ ဒုံးကျည်၊ စစ်ရေးနည်းပညာတွေအတွက် အဓိကလိုအပ်တဲ့ ချစ်ပ် (Chip) တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံပစ္စည်း (Semiconductor) နဲ့ မြေရှားထောက်ပံ့ရေး ကွင်းဆက် နှစ်ခုလုံးကို တစ်ပြိုင်တည်း သက်ရောက်နိုင်တဲ့ အန္တရာယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုထွက်ရှိတဲ့ ဒေသတွေဟာ စစ်ရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ ဆုံစည်းရာ နေရာတွေ ဖြစ်လာနေပါတယ်။

၁၉ ရာစုနဲ့ ၂၀ ရာစုမှာ စစ်ပွဲတွေကို မောင်းနှင်ခဲ့တာ ရေနံဖြစ်ခဲ့ရင်၊ ၂၁ ရာစုမှာတော့ AI၊ ဒရုန်း၊ ဒုံးကျည်၊ ကိုယ်ပျောက်လေယာဉ်၊ လျှပ်စစ်ကားနဲ့ အာကာသနည်းပညာအထိ ခေတ်သစ်နည်းပညာအားလုံးရဲ့ အရေးပါတဲ့ ကုန်ကြမ်း ‘မြေရှားသတ္တု’တွေဟာအနာဂတ်အားပြိုင်မှုတွေမှာအဓိကကျတဲ့မဟာဗျူဟာမြောက်တဲ့ သယံဇာတတစ်ခု ဖြစ်လာနေပါတယ်။”

ယနေ့ စစ်ပွဲတွေရဲ့အဆုံးအဖြတ်ဟာ စစ်မြေပြင်ပေါ်က လက်နက်အင်အားတင်မကတော့ပဲ၊ အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ မြေရှားသတ္တုတွေ၊ အဲဒီအရင်းအမြစ်တွေကိုရယူနိုင်တဲ့ မိုင်းတွင်းတွေ၊ သန့်စင်စက်ရုံတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကပါ အနာဂတ်စစ်ပွဲတွေရဲ့ အဆုံးအဖြတ်နေရာတွေ ဖြစ်လာနေပါပြီ။ ။

ကိုးကား –

• U.S. Geological Survey (USGS) – Mineral Commodity Summaries: Rare Earths

• Pentagon – Reports on Critical Minerals and Defense Supply Chains

• Yale Environment 360

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

ဆောင်းပါး

မြေရှားသတ္တုနောက်ကွယ်က မြန်မာ့ပဋိပက္ခနှင့် အိန္ဒိယ၏ နှစ်လမ်းသွား မဟာဗျူဟာ

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...

အတွေးအမြင်

ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။

Trending

Facebook