Connect with us

Hi, what are you looking for?

ဆောင်းပါး

ငမိုးရိပ်ရေလှောင်တမံ၊ ရန်ကုန်ရေပေးဝေရေးနှင့် ရေလွှမ်းမိုးမှု

ငမိုးရိပ်တမံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်တဲ့ ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။တမံဟာအမြင့် ၇၅ ပေ၊ အလျား ၁၅,၅၀၀ပေရှိပြီးရေလှောင်နိုင်စွမ်း ၁၈၀,၀၀၀ ဧကပေခန့်ရှိတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာငမိုးရိပ်တမံ​​ရေလျှံတာ​ကြောင့်လှည်းကူးမြို့နယ်ရှိအနိမ့်ပိုင်းရပ်ကွက်​တွေ​ရေကြီး​​နေစဥ်။ ဓါတ်ပုံ-RFA

နောင်နာင် ရေးသားသည်

ငမိုးရိပ်တမံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်တဲ့ ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။တမံဟာအမြင့် ၇၅ ပေ၊ အလျား ၁၅,၅၀၀ပေရှိပြီးရေလှောင်နိုင်စွမ်း ၁၈၀,၀၀၀ ဧကပေခန့်ရှိတယ်လို့ သိရပါတယ်။

ငမိုးရိပ်တမံက စိုက်ပျိုးမြေဧက ၃၀,၅၆၇ ခန့်ကို ရေပေးဝေသလို ရန်ကုန်မြို့အတွက်လည်း တစ်နေ့ကို ရေဂါလန် သန်း ၁၃၀ ခန့် ပေးဝေနေတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။သောက်သုံးရေပေးဝေရာမှာ အရေးကြီးတဲ့ ရေအရင်းအမြစ်တစ်ခုဖြစ်တယ်လို့လည်း ဖေါ်ပြထားတာကို တွေ့ရ ပါတယ်။

စစ်ကောင်စီရဲ့ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရဲ့ Ngamoeyeik ID Facebook account က ၁၇.၈.၂၀၂၆ တင်ထားတဲ့ မှတ်တမ်းအရ ငမိုးရိပ်တမံရဲ့ရေပြည့်မှတ် ၁၀၇ ပေ၊လက်ရှိရေမှတ် ၁၀၅.၄၀ ပေ၊
ကွာဟချက် ၁.၆၀ ပေ၊ ရေလှောင်ထားမှု ၁၆၄၀၀၀ ဧကပေ၊ မူလ ၁၈၀၀၀၀ ဧကပေ၊
ရေဝင်နှုန်း ၄၉၇၅ ကုဗပေ/စက္ကန့်
သြဂုတ် ၁၈ တင်ထားတဲ့ မှတ်တမ်းအရရေပြည့်မှတ် ၁၀၇ ပေ
လက်ရှိရေမှတ် ၁၀၅.၇၀ ပေ
ရေပြည့်ဖို့ ကျန် ၁.၃၀ ပေ
ရေလှောင်ပမာဏ ၁၆၇၀၀၀ ဧကပေ
မိုးရေချိန် ၁.၀၄ လက်မ
ရေမှတ်က တက်လာပါတယ်။

Public Service Announcement

Public Service Announcement

တစ်ရက်အတွင်း ၀.၃၀ ပေ (၃.၆ လက်မ) တက်လာတာကို‌တွေ့ရပါတယ်။ရေပြည့်မှတ်က ၁၀၇ ပေ ဖြစ်တဲ့အတွက် အခုရေပြည့်ဖို့ ၁.၃၀ ပေပဲ ကျန်တော့ပါတယ်။ရေလှောင်ထားတဲ့ပမာဏလည်း တိုးလာပါတယ်။ ၃၀၀၀ ဧကပေ တိုးလာတာကိုတွေ့ရပါတယ်။

​ရေပြည့်ပမာဏ ၁၈၀၀၀၀ ဧကပေကို ရာခိုင်နှုန်းနဲ့တွက်ရင် အခု ၉၂.၈ ရာခိုင်နှုန်းခန့် ရောက်နေပါပြီ။အပြည့်ရောက်ဖို့ ၁၃,၀၀၀ ဧကပေခန့် ကျန်ပါတယ်။မိုးကလည်း ရွာထားပါတယ်။ အဲဒီကိန်းဂဏန်းတွေကို အခြေခံရင် လက်ရှိဟာ ရေပြည့်မှတ်နဲ့ တော်တော်နီးလာတဲ့အခြေအနေ ဆိုတာကို မြင်ရပါတယ်။

ငမိုးရိပ်ရဲ့ရေကူဆည်ဖြစ်တဲ့ မဟူရာတမံရဲ့ ရေပြည့်မှတ် ၂၁၆ ပေ၊ လက်ရှိရေမှတ် ၂၁၂.၁၀ လို့လည်း သိရပါတယ်။ဒီအခြေအနေကအခုလက်ရှိတမံအပေါ်ပိုင်းကရေအခြေအနေ ပါ။

၂၀၂၃ ခုနှစ်မှာ ငမိုးရိပ်တမံ ရေကျော်လို့ ရေဘေးသင့်ဖူးပါတယ်။အဲဒီတုန်းက ငမိုးရိပ်တမံနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ “ရေဖောက်ချတော့မယ်” ဆိုတဲ့ သတင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ငမိုးရိပ်တမံရဲ့ ရေပိုလွှဲမှာ ၂၀၂၃ အောက်တိုဘာ ၈ ရက် ည ၉ နာရီခန့်မှာ ရေ ၆.၁ ပေအထိ ကျော်စီးခဲ့တယ်လို့ သတင်းတွေက သိရပါတယ်။ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ တမံရေဆင်းဧရိယာနဲ့ တမံအောက်ပိုင်းမှာ မိုးများစွာရွာခဲ့ပြီး စုစုပေါင်းမိုးရေချိန် ၁၄.၉ လက်မ အထိ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ သတင်းတချို့မှာ တမံရေမှတ်ဟာ ရေပြည့်မှတ် ၁၀၇ ပေကနေ ၁၁၁ ပေအထိ တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်က စပြီး ငမိုးရိပ်ချောင်းအနီး လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ဖောင်ကြီးဘက်မှာ ရေဝင်ခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်မှာ တမံရေပိုလွှဲ ၆ ပေ ၁၀ လက်မခန့် အထိ ရောက်ခဲ့တဲ့အချိန်မှာ ချောင်းတလျှောက်မှာရှိတဲ့ နေရာတချို့မှာ ရေအနက် ၃ ပေခွဲခန့်အထိ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေသိခဲ့ရပါတယ်။

(ငမိုးရိပ်​ရေ​​​​​လှောင်တမံ ပုံမှန်အ​ခြေအ​နေ ။ ဓါတ်ပုံ- MDN)

အောက်တိုဘာ ၁၀ ရက်မှာတော့လှည်းကူးမြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ ၂၅ ခုအထိ ရေကြီးခဲ့ပြီး အိမ်ထောင်စု ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။လှည်းကူးမြို့ပေါ်တင် မဟုတ်ဘဲ ငမိုးရိပ်ချောင်းအနီးနား အနိမ့်ပိုင်းနေရာတွေ ကိုပါ ထိခိုက်ခဲ့ပါတယ်။

ရေလှောင်တမံမှာ ရေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်၊ ရေထုတ်ပေါက်နဲ့ ရေပိုလွှဲလို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မိုးများလာလို့ ရေလှောင်ကန်ထဲကို ရေဝင်များလာရင် ရေအဆင့်တက်လာနိုင်ပါတယ်။ ရေက သတ်

မှတ်အဆင့်ထက် ပိုလာတဲ့အခါ ပိုလျှံတဲ့ရေကို ရေပိုလွှဲကနေ အောက်ဘက်ကို စီးဆင်းစေပါတယ်။ ဒါကြောင့် ရေပိုလွှဲကနေ ရေကျနေတယ်ဆိုတာနဲ့ တမံပေါက်နေပြီလို့ သတ်မှတ်ရမှာမျိုးတော့မဟုတ်ဘူးလို့ သိရပါတယ်။ ရေပိုလွှဲကနေ ရေကျတာက ရေလှောင်ကန်ထဲမှာ ရေများလာတဲ့အခါ ပိုလျှံတဲ့ရေကို ထိန်းချုပ်ပြီး ထုတ်တဲ့ လုပ်ငန်းစဉ် ဖြစ်နိုင်ပါတယ်။

တမံပေါက်တယ်ဆိုတာကတော့တမံကိုယ်ထည် ပျက်စီးပြီး ရေလှောင်ထားတဲ့ရေပမာဏအများအပြားကို ထိန်းမထားနိုင်တော့ဘဲ အောက်ဘက်ကို ရုတ်တရက်စီးဆင်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရေလှောင်တမံတစ်ခုအတွက် ရေသိုလှောင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ဒီအတွက်နှုန်းအနည်ကျမှုကလည်း သတိထားရမယ့်အချက်တခုဖြစ်ပါတယ်။ ရေဝေရေလဲဒေသကနေ မြေဆီလွှာနဲ့ နှုန်းတွေ ရေထဲပါလာပြီးရေလှောင်ကန်နဲ့ရေစီးကြောင်းတွေမှာ အနည်ကျလာရင် ရေလှောင်နိုင်စွမ်းနဲ့ ရေစီးဆင်းနိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) ရဲ့ Greater Yangon Water Supply လေ့လာချက်မှာလည်းငမိုးရိပ်ရေလှောင်ကန်က ရေသန့်စင်စက်ရုံတွေကို ပို့တဲ့ ရေစီးကြောင်းမှာသဲ၊ရွှံ့နဲ့ အနည်အနှစ်တွေ စုလာနိုင်ပြီးရေစီးနိုင်စွမ်း လျော့နည်းနိုင်တာကြောင့်တမံအတွင်းအနယ်အနှစ်တူးဖော်ရှင်းလင်းတာတွေ လုပ်ဖို့ လိအပ်နိုင်ကြောင်း ဆွေးနွေးထားပါတယ်။

ငမိုးရိပ်တမံကနေ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးအထိ ငမိုးရိပ်ချောင်းက ၄၇ မိုင်ခန့်ရှိတာမှာ အထက် ၂၂ မိုင်ကို၂၀၂၄ခုနှစ်မှာနှုန်းအနယ်တွေရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီက ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ငမိုးရိပ်တမံအောက်က ရေဘယ်ဘက်ကို စီးသွားမလဲဆိုရင် တမံအောက်ပိုင်းက ရေဟာငမိုးရိပ်ချောင်းရဲ့ ရေစီးကြောင်းနဲ့ ဆက်စပ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရေလွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ JICA ရဲ့ Greater Yangon လေ့လာချက်မှာလည်း ငမိုးရိပ်ချောင်းရဲ့ အလယ်ပိုင်းတစ်လျှောက်ကို ဖြစ်နိုင်ခြေရှိတဲ့ ရေလွှမ်းမိုးဧရိယာအဖြစ် လေ့လာထားပြီး ဒီရေမြင့်တက်မှုကလည်းရေလွှမ်းမိုးမှုအခြေအနေကိုအကျိုးသက်ရောက်စေနိုင်ကြောင်းဖော်ပြထားပါတယ်။

ငမိုးရိပ်ချောင်းဟာငမိုးရိပ်တမံဘက်ကနေ အောက်ဘက်ကို စီးပြီးရန်ကုန်မြို့ထဲရောက်လာတဲ့အခါငမိုးရိပ်ချောင်း၊ပုဇွန်တောင်ချောင်းအဖြစ် ဆက်စပ်နေပါတယ်။ JICA ရဲ့ ရေအရင်းအမြစ်ဆိုင်ရာလေ့လာချက်မှာလည်းငမိုးရိပ်ချောင်း နဲ့ ပုဇွန်တောင်ချောင်းတို့ဟာရန်ကုန်မြစ်ထဲကို ဝင်ရောက်တဲ့ ချောင်းစနစ်ဖြစ်ပြီး ရန်ကုန်ရဲ့ မြစ်တွေဟာဒီရေသက်ရောက်တဲ့ မြစ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ဒီရေကတော့အောက်ပိုင်း ရန်ကုန်မြစ်/ချောင်းစနစ်ဘက်က ရေအခြေအနေ ဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာ အပေါ်ပိုင်းမိုးရေ တွေဟာငမိုးရိပ်ချောင်းကနေ အောက်ဘက် ရန်ကုန်မြစ်ဆိုပြီး ရေစီးဆင်းပါတယ်။ ဒါပေမယ့် ပင်လယ်ဘက်က ဒီရေတက်လာတဲ့အချိန် မှာ အောက်ဘက်ရန်ကုန်မြစ်ရဲ့ ရေမျက်နှာပြင် မြင့်လာပါတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို ရေများများဝင်လာရင် အောက်က ဒီရေကလည်း ရေမျက်နှာပြင်ကို မြင့်စေတဲ့အတွက် ချောင်းရေက ပုံမှန်လို အလွယ်တကူ မထွက်နိုင်တော့ပါဘူး။

ဒါကြောင့် မိုးရေ၊ ချောင်းရေ၊ ဒီရေ သုံးခု နဲ့အတူ မြို့ပြရေမြောင်းစနစ်ပါ ပေါင်းပြီး ရန်ကုန်ဟာ ရေလွှမ်းမိုးမှု ပိုဆိုးလေ့ရှိတာပါ။ တမံရေကျော်တာမပါခင်ကတည်းက ရေလွှမ်းလေ့ရှိတဲ့ရန်ကုန်အတွက် တမံရေပြည့်တော့မယ့်ကိစ္စက တကယ်ကို စိုးရိမ်စရာပါ။

တမံရေမှတ် ၁၀၅.၄၀၊ ၁၀၆၊ ၁၀၇ ပေ ဘယ်လောက်မြန်မြန်တက်သလဲ၊ ရေဝင်နှုန်း ၄၉၇၅ ကုဗပေ/စက္ကန့် က တိုးလာလား၊ လျော့လာလား၊ ငမိုးရိပ်ချောင်းရေ အောက်ပိုင်းမှာ ချောင်းရေ မြန်မြန်တက်လာလား၊ ဒီရေအခြေအနေ – ရန်ကုန်မြစ်ဘက်မှာ ဒီရေမြင့်နေသလား။ ဒီ ၄ ခုထဲက အားလုံး မြင့်လာတာ ဆိုရင် ရေလွှမ်းမိုးမှုအတွက် စိုးရိမ်ရမှုက ပို လာပါလိမ့်မယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင် နဲ့ တခြား မိုးလေဝသတွေကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ မိုးသည်းထန်မယ်လို့ ပြောထားပြီး မြို့ပြမြေနိမ့်ပိုင်း ရေဝပ်နိုင်မယ်လို့ ပြောထားပါတယ်။

JICA ရဲ့ လေ့လာချက်မှာလည်း ငမိုးရိပ်တမံရဲ့ ရေအပြည့် သိုလှောင်နိုင်စွမ်းဟာ ကုဗမီတာ ၂၂၂ သန်းခန့်ရှိတယ် လို့ တွေ့ရပါတယ်။ ငမိုးရိပ်တမံဟာ တမံအကြီးစားတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် လက်ရှိအခြေအနေကို မထိတ်လန့်သင့်သေးပေမယ့် ပေါ့ဆမနေသင့်တဲ့ သတိထားရမယ့် အခြေအနေလို့ ယူဆရပါတယ်။ ။

ကိုးကား – Ngamoeyeik ID, JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)

ဆက်စပ်သတင်းများ

အတွေးအမြင်

ရန်ကုန်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ ဆိုက္ကားပေါ် ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့ ဆိုက္ကားဆရာကို အမျိုးသားတစ်ယောက်ဟာ သူ့လက်မောင်းက အင်္ကျီကို မ တင်ရင်း "ဇရှိလား"လို့ သွားမေးတယ်။ ဆိုက္ကားဆရာက "သွားစမ်းပါကွာ ဆိုက္ကားဆွဲမကောင်းလို့ စိတ်ညစ်နေရတဲ့ကြားထဲ"လို့ ပြန်ပြောတယ်။ ဒါကို အဲဒီအမျိုးသားက "ဇရှိလား"လို့ ထပ်မေးတော့ ဆိုက္ကားဆရာက ဆိုက္ကားပေါ်ကဆင်းပြီး တုတ်ရှာဖို့ပြင်တယ်။...

သတင်း

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်​နေတယ် ဆိုပြီး စစ်တပ်လက်​အောက်ရှိ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ၊ အင်ဂျင်နီယာဌာန (အ​ဆောက်အအုံ)က အရာရှိ​တွေ ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူး​တွေ ၊ကန်ထရိုက်တာ​တွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးဌာန) က ဖမ်းဆီးစစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

ကာလဝမ်း​ရောဂါဖြစ်ပွားသူ ၁၄၀​ကျော်ရှိ

သတင်း

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။

Facebook