Connect with us

Hi, what are you looking for?

ဆောင်းပါး

မြန်မာအပါအဝင် ကမ္ဘာ့ကလေးငယ်များ၏ ကာကွယ်ဆေးလုံခြုံရေး ခြိမ်းခြောက်မှု

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

– သန္တာဖြူ ရေးသားသည်။

အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးဆိုင်ရာ မူဝါဒအပြောင်းအလဲအပေါ် WHOရဲ့စိုးရိမ်သတိပေးချက်ဟာ ကမ္ဘာတစ်ဝန်းက ကလေးတွေရဲ့ အသက်ရှင်သန်ရေးနဲ့ ရောဂါကာကွယ်ရေး၊ အထူးသဖြင့် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကကလေးတွေရဲ့ကျန်းမာရေးအနာဂတ်နဲ့ ဆက်နွယ်နေတာကြောင့် နိုင်ငံတကာအာရုံစိုက်မှု မြင့်တက်လာစေခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပုံမှန်ကလေးကာကွယ်ဆေး အစီအစဉ်မှာ ပါဝင်တဲ့ ကာကွယ်ဆေး အမျိုးအစားတွေကို ၁၈ မျိုးကနေ ၁၁ မျိုးအထိ လျှော့ချဖို့ ရည်ရွယ်တဲ့ အမိန့်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင်အမေရိကန်အစိုးရရဲ့“ကလေးကာကွယ်ဆေးဆိုင်ရာ အမြင့်ဆုံးစံနှုန်း အကြံပြုချက်များ”မူဝါဒအရဝက်သက်၊ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါတွေကို တစ်ခါတည်းကာကွယ်ပေးတဲ့ MMR ကာကွယ်ဆေးကို ပေါင်းစပ်ထိုးတာထက် ရောဂါတစ်မျိုးစီအလိုက်တမျိုးစီသီးခြားခွဲပြီးထိုးဖို့ အကြံပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်အစိုးရဘက်ကတော့ ဒီမူဝါဒဟာ ကာကွယ်ဆေးဆိုင်ရာ သုတေသနတွေ ပိုမိုတိုးတက် လာစေဖို့နဲ့ မိဘတွေကို မိမိတို့ကလေးတွေ အတွက်ဘယ်ကာကွယ်ဆေးတွေကို ရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်မှာ ပိုမိုလွတ်လပ်ခွင့်ပေးဖို့ ရည်ရွယ်တာလို့ ပြောထားပါတယ်။ ဒါ့အပြင် မိဘအခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ဥပဒေအရ အာမခံထားတဲ့ အခွင့်အရေး တွေကို ပြည်နယ်အစိုးရတွေက လေးစားလိုက်နာစေဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် WHO ရဲ့ စိုးရိမ်ချက်ကတော့ “ရွေးချယ်ခွင့်” ဆိုတဲ့အချက်ထက် ပိုမိုနက်ရှိုင်းတဲ့ အကြောင်းအရာကို ထောက်ပြနေတာ ဖြစ်ပါတယ်။ အဓိကကတော့ ကာကွယ်ဆေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ နှစ်ပေါင်းများစွာစုဆောင်းထားတဲ့သိပ္ပံနည်းကျအထောက်အထားတွေအပေါ် အခြေခံသင့်ပြီး အဲဒီအချက်တွေကို လျစ်လျူမရှုသင့်ဘူးဆိုတာ ဖြစ်ပါတယ်။

WHO အကြီးအကဲ တက်ဒရိုစ်ကတော့ “ကာကွယ်ဆေးတွေဟာ လူ့အသက်တွေကို ကယ်တင် ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း၊မိဘတိုင်းကကိုယ့်ကလေးကို အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေကနေ ကာကွယ်ပေးချင်ကြကြောင်းနဲ့ကာကွယ်ဆေးထိုးခြင်းဟာ အဲဒီရောဂါတွေကို ကာကွယ်ဖို့ ယုံကြည်စိတ်ချရဆုံး နည်းလမ်းတစ်ခုဖြစ် ကြောင်း” ဆိုပါတယ်။

သူ့ရဲ့အဓိကစိုးရိမ်ချက်က ကလေးတွေကို ကာကွယ်ဆေးထိုးပေးရမယ့် အကောင်းဆုံးအချိန်၊လိုအပ်တဲ့အကြိမ်ရေနဲ့ ကာကွယ်ဆေးတွေကို တစ်ချိန်တည်း ထိုးပေးတာရဲ့လုံခြုံမှုအပေါ် ဆယ်စုနှစ်များစွာ စုဆောင်းထားတဲ့ သိပ္ပံအထောက်အထားတွေကို မူဝါဒအသစ်တွေမှာဘယ်လောက်အထိထည့်သွင်းစဉ်းစားထားသလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။ WHO ကတော့ကာကွယ်ဆေးဆိုင်ရာသိပ္ပံအထောက်အထားတွေကို ကမ္ဘာတစ်ဝန်းကအချက်အလက်အသစ်တွေနဲ့အညီ အမြဲတမ်းပြန်လည် သုံးသပ်နေတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင်တက်ဒရိုစ်ကကာကွယ်ဆေးနဲ့ အော်တစ်ဇင် (Autism)ဆက်နွယ်မှုရှိတယ်ဆိုတဲ့အယူအဆကိုလည်း မမှန်ကန်ကြောင်း ထောက်ပြခဲ့ပါတယ်။လက်ရှိရရှိထားတဲ့ သိပ္ပံဆိုင်ရာသု တေသန အထောက်အထားတွေအရ MMR ကာကွယ်ဆေးဟာ အော်တစ်ဇင်ဖြစ်စေတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူးလို့ ၎င်းက ပြောပါတယ်။

ဆက်လက်ပြီး တက်ဒရိုစ်ကနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ကာကွယ်ဆေးမူဝါဒတွေကို ချမှတ်ရာမှာနိုင်ငံရေးအမြင်တွေထက်WHO အပါအဝင် ကမ္ဘာတစ်ဝန်းက သိပ္ပံအထောက်အထားတွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို အခြေခံသင့်တယ်လို့ အလေးပေးပြောပါတယ်။ ကာကွယ်ဆေးဆိုင်ရာ မူဝါဒတွေဟာ နိုင်ငံရေးသြဇာအပေါ်မဟုတ်ဘဲ လွတ်လပ်ပြီး တိကျခိုင်မာတဲ့ သိပ္ပံဆိုင်ရာ သုံးသပ်ချက်တွေအပေါ် အခြေခံသင့်တယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးစနစ် အားနည်းနေတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးဆိုတာ ရွေးချယ်စရာတစ်ခုသာ မဟုတ်ဘဲ လူ့အသက်တွေကို ကာကွယ်ပေးနိုင်တဲ့ အခြေခံကျတဲ့ ကျန်းမာရေး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

ထို့ကြောင့် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ သိပ္ပံသုတေသနနဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး ကာကွယ်ဆေးအစီအစဉ်တွေကို အကောင်အထည်ဖော်နေတဲ့ WHO အပါအဝင် နိုင်ငံတကာကျန်းမာရေးအသိုင်းအဝိုင်းကအမေရိကန်ရဲ့မူဝါဒအပြောင်းအလဲတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ဒီအပြောင်းအလဲတွေက ကလေးတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက် လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုးကား – UN News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။