Connect with us

Hi, what are you looking for?

ဆောင်းပါး

“တကယ်ရှားသလား မြေရှား”

မြေရှား (Rare Earth Elements – REEs) ဆိုပေမယ့် တကယ်တော့ “အရမ်းရှားပါးတဲ့ သတ္တု” ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြေသားထဲမှာ တွေ့ရနိုင်ပေမယ့် စီးပွားဖြစ်ထုတ်ယူ နိုင်လောက်အောင် စုစည်းနေတဲ့ သတ္တုသိုက်တွေကသာ ရှားပြီး ခွဲထုတ်သန့်စင်ဖို့ ခက်ခဲတာက “မြေရှား”ရဲ့ အဓိကပြဿနာပါ။

မဲခေါင် ရေးသားသည်။

မြေရှား (Rare Earth Elements – REEs) ဆိုပေမယ့် တကယ်တော့ “အရမ်းရှားပါးတဲ့ သတ္တု” ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြေသားထဲမှာ တွေ့ရနိုင်ပေမယ့် စီးပွားဖြစ်ထုတ်ယူ နိုင်လောက်အောင် စုစည်းနေတဲ့ သတ္တုသိုက်တွေကသာ ရှားပြီး ခွဲထုတ်သန့်စင်ဖို့ ခက်ခဲတာက “မြေရှား”ရဲ့ အဓိကပြဿနာပါ။

ဘာကြောင့် “မြေရှား” လို့ခေါ်တာလဲ ?

မြေရှားသတ္တုတွေဟာ မြေသားထဲမှာ လုံးဝမရှိသလောက် ရှားတာကြောင့် နာမည်ပေးထားတာ မဟုတ်ပါဘူး။ အများအားဖြင့် သတ္တုတစ်မျိုးတည်းအဖြစ် စုစည်းနေတာမဟုတ်ဘဲ ကျောက်နဲ့ သတ္တုရိုင်းတွေထဲမှာ ပျံ့နှံ့ပြီး အခြားသတ္တုတွေနဲ့ ရောနှောနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် သတ္တုရိုင်းကနေ တန်ဖိုးရှိတဲ့ မြေရှားဒြပ်စင်တွေကို ခွဲထုတ်ဖို့ အဆင့်များစွာ လိုအပ်ပါတယ်။ အချို့နေရာတွေမှာ ဓာတုပစ္စည်းတွေ အသုံးပြုပြီး စစ်ထုတ်ယူရတဲ့အတွက် သတ္တုရိုင်းရှိတာထက် ထုတ်ယူနိုင်ဖို့က ပိုအရေးကြီးပြီး ခက်ခက်ခဲခဲမို့ မြေရှားလို့ခေါ်ခြင်းဖြစ်ပါတယ်။

မြေရှားဆိုတာ သတ္တုတစ်မျိုးတည်းလား ?

မဟုတ်ပါဘူး။ မြေရှားဒြပ်စင် (Rare Earth Elements) ဆိုတာ ဓာတုဒြပ်စင် ၁၇ မျိုး ပါဝင်တဲ့ အုပ်စုတစ်ခုပါ။

အဲဒီထဲက – လန်သနိုက်ဒ်(Lanthanides)၁၅ မျိုးဖြစ်တဲ့ လန်သနမ် (Lanthanum)၊ စီရီယမ် (Cerium)၊ ပရိုစီယိုဒီမီယမ် (Praseodymium)၊ နီအိုဒီမီယမ် (Neodymium)၊ ပရိုမီသီယမ် (Promethium)၊ ဆာမေရီယမ် (Samarium)၊ ယူရိုပီယမ် (Europium)၊ ဂါဒိုလီနီယမ် (Gadolinium)၊ တာဘီယမ် (Terbium)၊ ဒိုင်စပရိုစီယမ် (Dysprosium)၊ ဟိုလ်မီယမ် (Holmium)၊ အာဘီယမ် (Erbium)၊ တူလီယမ် (Thulium)၊ ယက်တာဘီယမ် (Ytterbium)၊ လူတီတီယမ် (Lutetium)

အပြင် စကန်ဒီယမ် (Scandium) နဲ့ ယက်ထရီယမ် (Yttrium) တို့ပါဝင်ပါတယ်။

ဘယ်ဟာက တန်ဖိုးအကြီးဆုံးလဲ ?

“တန်ဖိုးအကြီးဆုံး” ဆိုတာ ဈေးနှုန်း၊ ထုတ်လုပ်နိုင်မှုပမာဏနဲ့ အသုံးဝင်မှု အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာနဲ့ စက်မှုလုပ်ငန်းအတွက် အရေးကြီးတဲ့ မြေရှားတွေထဲမှာ ဒိုင်စပရိုစီယမ် (Dysprosium)၊ တာဘီယမ် (Terbium) နဲ့ နီအိုဒီမီယမ် (Neodymium) တို့ဟာ အထူးအရေးပါပါတယ်။

ဒိုင်စပရိုစီယမ် (Dysprosium)၊ တာဘီယမ် (Terbium) နှင့် နီအိုဒီမီယမ် (Neodymium) တို့သည် အားကောင်းသော အမြဲတမ်းသံလိုက် (Permanent Magnet) များ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုပြီး၊ လျှပ်စစ်ကား (EV) မော်တာများ၊ လေအားလျှပ်စစ်တာဘိုင်များ၊ စက်ရုပ်များ၊ အီလက်ထရွန်နစ်ပစ္စည်းများ အပြင် ဒုံးကျည်လမ်းညွှန်စနစ်များ၊ ရေဒါစနစ်များ၊ စစ်လေယာဉ်များ၊ ဒရုန်းများ ထုတ်လုပ်ရန်နှင့် အခြားအဆင့်မြင့် စစ်ဘက်သုံးနည်းပညာများတွင်လည်း မရှိမဖြစ် အသုံးပြုကြပါတယ်။

ကမ္ဘာ့ဘယ်နေရာတွေမှာ တွေ့ရလဲ ?

မြေရှားသတ္တုတွေကို ကမ္ဘာအနှံ့ တွေ့ရနိုင်ပါတယ်။ အဓိက သိုက်တွေကတော့—

တရုတ် (မွန်ဂိုးလီးယား)၊ မြန်မာ၊ ဘရာဇီး၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန် နဲ့ ရုရှားတို့မှာ ရှိပါတယ်။

အမေရိကန် (ကယ်လီဖိုးနီးယားနှင့် နီဗားဒါး)၊ ဂရင်းလန်၊ တန်ဇန်းနီးယားနှင့် ကနေဒါနိုင်ငံတို့မှာလည်း အလားအလာရှိတဲ့ မြေရှားသတ္တု သိုက်များကို ဆက်လက်ရှာဖွေ တူးဖော်နေကြပါတယ်။

ဒါပေမယ့် မြေရှားကိစ္စမှာ သတ္တုသိုက်ရှိတာနဲ့ ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်နိုင်တာ မတူပါဘူး။ သတ္တုတူးဖော်ခြင်းအပြင် သန့်စင်ခြင်း၊ ခွဲထုတ်ခြင်းနည်းပညာနဲ့ သံလိုက်စတဲ့ အဆင့်မြင့်ထုတ်ကုန်တွေ ပြုလုပ်နိုင်တဲ့ သန့်စင်ခွဲထုတ်နိုင်စွမ်း ကလည်း အင်မတန် အရေးကြီးပါတယ်။

ဒါကြောင့် “မြေရှား” က ဘာကြောင့် အရေးကြီးလာတာလဲ ?

ဖုန်းတစ်လုံးကနေ လျှပ်စစ်ကားအထိ၊ လေစွမ်းအင်တာဘိုင်ကနေ စစ်ဘက်သုံးနည်းပညာအထိ ခေတ်မီနည်းပညာများစွာမှာ မြေရှားဒြပ်စင်တွေ ပါဝင်နေပါတယ်။ စွမ်းအင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အဆင့်မြင့်စက်မှုထုတ်ကုန်များနဲ့ နိုင်ငံလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်လာတာကြောင့် “မြေရှား” ဟာ ၂၁ ရာစုရဲ့ မဟာဗျူဟာမြောက် အရေးအပါဆုံး သယံဇာတတစ်ခု ဖြစ်လာတာပါ။

အတိုချုပ်ပြောရရင် —

မြေရှားဆိုတာ မြေကြီးထဲမှာ လုံးဝရှားပါးလို့ “ရှား” တာမဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ စုစည်းနေတာ”ရှား”ပြီး ထုတ်ယူ၊ ခွဲထုတ်၊ သန့်စင်ဖို့ ခက်ခဲလို့ “အရေးကြီးပြီး ရှားပါးတန်ဖိုးရှိလာတာ” ဖြစ်ပါတယ်။

ဒါကြောင့် မြေရှားဟာ မြေကြီးအောက်က သတ္တုတစ်စုထက်ပိုတဲ့ ခေတ်သစ်နည်းပညာ၊ စီးပွားရေးနဲ့ နိုင်ငံရေးအာဏာကို ချိတ်ဆက်ပေးနေတဲ့ ကမ္ဘာမြေရဲ့တန်ဘိုးကြီး အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ။

ကိုးကား – U.S. Geological Survey (USGS)

ဆက်စပ်သတင်းများ

ဆောင်းပါး

မြေရှားသတ္တုနောက်ကွယ်က မြန်မာ့ပဋိပက္ခနှင့် အိန္ဒိယ၏ နှစ်လမ်းသွား မဟာဗျူဟာ

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...

ဆောင်းပါး

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

အတွေးအမြင်

ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။