ခါကာဘို ရေးသားသည်။
“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ထင်းရောင်းရင်းအသက်မွေးဝမ်းကျောင်း ပြုနေရတဲ့မဝင်းသန်းရဲ့ ဒီစကားက ရခိုင်ပြည်သူတွေရဲ့ လက်ရှိဘဝကို အကျဉ်းချုပ်ဖော်ပြနေတာပဲဖြစ်ပါတယ်။သူမအတွက် “ရွာ” ဆိုတာအိမ်များ၊အမှတ်တရများ၊ မိသားစုဝင်များနဲ့ တစ်သက်တာ တည်ဆောက်ခဲ့တဲ့ ဘဝတစ်ခုလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အေးချမ်းစွာ နေထိုင်ခဲ့တဲ့ ဗျိုင်းဖြူရွာလေးအတွက်၂၀၂၄ ခုနှစ် မေလ ၂၉ ရက်ဟာ ဒီရွာက ရွာသားအနည်းဆုံး ၇၀ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို The Diplomat က လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကနေ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Public Service Announcement
အဲဒီနေ့ မနက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အာဏာသိမ်းစစ်တပ်က စစ်သားတွေအပြည့်လိုက်ပါလာတဲ့စစ်ကား ၆ စီးဟာ စစ်တွေမြို့ပြင်က ရခိုင်ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဗျိုင်းဖြူကျေးရွာထဲကို ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့ပါတယ်။သူတို့ ရွာထဲဝင်လာတဲ့အချိန်က မနက် ၈ နာရီဝန်းကျင်ပါ။ ဒါဟာ ရွာသားတွေအတွက် ထူးဆန်းတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်သားဟာ ပုံမှန်ဆိုရင် မွန်းလွဲပိုင်း၊ ညနေပိုင်း ဒါမှမဟုတ် ညဉ့်နက်ပိုင်းတွေမှာပဲ ရွာကို ဝင်ရောက်ကင်းလှည့် ဒါမှမဟုတ် စီးနင်းလေ့ရှိလို့ပါ။
အဲဒီနေ့မနက်က ရွာသားတွေအတွက် ပုံမှန်စစ်ဆေးမှုတစ်ခုလိုထင်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဘဝတွေ မိသားစုတွေရဲ့ ကံကြမ္မာကို ထာဝရပြောင်းလဲသွားစေမယ့် ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခုရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီအဖြစ်အပျက်ကြီးက လွတ်မြောက်လာသူ အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၅ ဦး ကိုယ်တိုင် ပြန်လည်ပြောပြခဲ့တဲ့ သက်သေခံချက်တွေ ဖြစ်ပါတယ်။
စစ်ကားတွေကို ရွာအလယ်မှာရပ်ထားပြီး စစ်ကောင်စီတပ်သား ၂၀၀ ခန့် က အုပ်စုခွဲပြီး ရွာအနှံ့ စတင်ဝိုင်းပတ်ပိတ်ဆို့လိုက်ကြပါတယ်။ ရည်ရွယ်ချက်က လူဦးရေ ၂,၀၀၀ ခန့်ရှိတဲ့ ဒီရွာကဘယ်သူမှထွက်မပြေးနိုင်အောင် ပိတ်ဆို့နေကြခြင်းပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာဘဲ အရာရှိငယ်တစ်ဦး ဦးဆောင်တဲ့ စစ်သား ၁၂ ဦးခန့်ပါဝင်တဲ့ တတိယအုပ်စုက လော်စပီကာတွေနဲ့ ရွာသားအားလုံးကို ရွာအလယ်မှာ မဆိုင်းမတွ လာရောက်စုဝေးကြဘို့ အမိန့်ပေးပါတယ်။
ရွာသားတွေအတွက်တော့ ဒီအမိန့်ဟာ စစ်တပ်က ယခင်လည်း ပြုလုပ်နေကျ စစ်ဆေးမှုတစ်ခုလို့သာ ထင်ခဲ့ကြတာပါ။ ရခိုင်ဒေသက ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာ၊ ရိုက်နှက်တာ၊ တော်လှန်ရေးအဖွဲ့များနဲ့ ဆက်စပ်သည်ဟု သံသယရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး။
စစ်သားများဟာသက်ကြီးရွယ်အိုများ၊မသနစွမ်းများနဲ့ ဝေဒနာရှင် ၁၂ ဦးခန့်ကို သေနတ်နဲ့ ချိန်ပြီး အိမ်များထဲမှ ဆွဲထုတ်ခဲ့ကြပါတယ်။ စစ်တွေမြို့ကို သွားဘို့ ပြင်ဆင်နေသူ ဆိုင်ကယ်စီးနင်းသူများနဲ့ နေ့စားလုပ်သားအချို့ကိုလည်း တားဆီးကာ ရွာထဲပြန်ဝင်ခိုင်းခဲ့ပါတယ်။
ဒီအထဲတွင်ပန်းချီဆရာကိုကျော်ကျော်အောင်လည်းပါဝင်ပါတယ်။သူကသူရေးဆွဲထားတဲ့ ပန်းချီကားတွေကို စစ်တွေမှာသွား ရောင်းချဘို့ ပြင်ဆင်နေချိန်မှာပဲ စစ်သားတွေက တားဆီးတာခံရပြီးသူရဲ့ပန်းချီကားတွေပါတဲ့ အိတ်နဲ့ ဆိုင်ကယ်ကို သိမ်းယူသွားကြပါတယ်။
မနက် ၉ နာရီလောက်မှာတော့ ရွာသားတွေကိုစုစည်းပြီး အမျိုးသားတွေကို သီးခြားခွဲထုတ် မျက်လုံးတွေကို အဝတ်နဲ့စည်း၊ လက်တွေကိုလည်း နောက်ပြန်ကြိုးတုပ်ထားခဲ့ပါတယ်။
အသက်အရွယ်မရွေး လူငယ်များအပါအဝင် အမျိုးသားပေါင်း ၈၀၀ ခန့်ကိုရွာပြင်ကလက်ဖက်ရည်ဆိုင်အနီးသို့ မောင်းထုတ်ခဲ့ပြီး၊ ညနေ ၆ နာရီမှာတော့ ရွာရဲ့အနောက်ဘက်စွန်းက နေရာတစ်ခုကို ထပ်မံ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမျိုးသမီးများနဲ့ ကလေးများကိုတော့ ကျောက်ခင်းလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ခိုင်းထားပါတယ်။ အဲဒီအချိန်အထိတော့ သူတို့ဟာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိသေးကြပါဘူး။
“စစ်သားတွေက ကျွန်မတို့ရွာက လူတချို့ကို ဖမ်းဆီးစစ်ဆေးပြီးထောင်ချဖို့ပဲလုပ်နေတယ်လို့ ထင်ခဲ့တာပါ။ ဒီလိုကြောက်စရာကောင်းတဲ့အရာ ဖြစ်လာမယ်လို့ လုံးဝ မတွေးမိခဲ့ပါဘူး” လို့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ ရွာပြင်ကို ဖမ်းချုပ်မောင်းထုတ် ခံခဲ့ရတဲ့ လှလှခင် က ပြောပြပါတယ်။
ည ၇ နာရီလောက်မှာတော့ အခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ရွာအနောက်ဘက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး၊ အဲဒီအသံတွေဟာ အမျိုးသားတွေ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ အသံတွေဖြစ်ကြောင်း နောက်ပိုင်းမှာရွာသားတွေသိရှိခဲ့ကြပါတယ်။
အဲဒီနောက် တစ်နာရီလောက်အကြာမှာတော့ သေနတ်သံတွေ စကြားရတော့တာပါပဲ။
တစ်ချက်ပြီးတစ်ချက်။
ဒီသေနတ်သံတွေက နောက်တစ်နေ့ မနက် ၄ နာရီအထိ ဆက်ပြီးကြားနေရဆဲပါ။
အမျိုးသမီးတွေနဲ့ ကလေးတွေက လမ်းမပေါ်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ထိုင်စောင့်နေရင်း၊ သူတို့ရဲ့ခင်ပွန်းတွေ၊ဖခင်တွေ၊သားတွေ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်နေရပြီလဲဆိုတာကို မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
“နောက်တစ်နေ့ အရုဏ်တက်ချိန်မှာ ရွာပြင်နဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့သင်္ချိုင်းကနေ မီးခိုးတွေ ထွက်လာတာကို ကျွန်မတို့ မြင်ခဲ့ရပါတယ်။အဲဒီအခါကြမှ ရွာသားတော်တော်များများ အသတ်ခံလိုက်ရပြီဆိုတာကို ကျွန်မတို့ သဘောပေါက်လိုက်တာပါ” ဟု ဖခင်ဖြစ်သူ ထိုညက သတ်ဖြတ်ခံခဲ့ရတဲ့ မဝင်းသန်းက ထိုအဖြစ်အပျက်ကို ပြန်လည်ပြောပြပါတယ်။
“သူတို့ရဲ့ အလောင်းတွေကို သင်္ချိုင်းမှာ မီးရှို့နေတာပါ”
ကျောက်လမ်းမပေါ်မှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ စိုးရိမ်စွာစောင့်ဆိုင်းနေကြချိန် ဗျိုင်းဖြူရွာမှာ ခေတ္တနေထိုင်နေတဲ့ ပဲခူးမြို့သား ကုန်သည်တစ်ဦးဟာ သင်္ချိုင်းဘက်ကနေ ရွာအလယ်ကို လမ်းလျှောက်ပြန်လာတာကို သူတို့တွေ့သွားကြပါတယ်။ သူ့ကို မြန်မာလူမျိုးဆိုတာ သိရှိပြီး စစ်သားတွေက လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
လှလှခင်ရဲ့ ပြောပြချက်အရ အဲဒီကုန်သည်ဟာကြောက်လန့်တုန်လှုပ်နေပြီးအိမ်ကိုအမြန်ပြန်ဖို့ကိုပဲ ကြိုးစားနေခဲ့တာကြောင့် အမျိုးသမီးတွေက သူ့ကို တားပြီး ဘာတွေဖြစ်ခဲ့သလဲလို့ မေးမြန်းခဲ့ကြပါတယ်။
“အမျိုးသား ၇၀ လောက် အသတ်ခံလိုက်ရတယ်” လို့ သူက အလျင်အမြန်ပြောပြခဲ့ပါတယ်။
စစ်သားတွေက သူ့ကိုမြန်မာလူမျိုးဖြစ်လို့ လွှတ်ပေးခဲ့တယ်ဆိုတဲ့ စကားဟာ ရခိုင်ရွာသားတွေအတွက် ကြားရခက်၊ လက်ခံဖို့ ခက်ခဲလွန်းတဲ့ နာကျင်စရာ အမှန်တရားတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒီမနက်ကြမှသာ ရွာသားတွေဟာ ညကဖြစ်ပျက်ခဲ့တဲ့ ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ အတိုင်းအတာ ဘယ်လောက်ထိ ကြီးမားခဲ့သလဲဆိုတာကိုစပြီးသိရှိသွားကြတာ ဖြစ်ပါတယ်။
ဒီရွာလေးကမိသားစုတွေရဲ့ဖခင်တွေ၊ ခင်ပွန်းတွေ၊ သားတွေ စုစုပေါင်း အမျိုးသား ၇၀ ခန့် အသတ်ခံခဲ့ရပါတယ်။
တချို့ကတော့အကြိမ်ကြိမ် ရိုက်နှက်ခံရပြီး ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရပါတယ်။
အလောင်းတွေကိုတော့ သင်္ချိုင်းနဲ့ ရေကန်အနီးမှာ မြှုပ်နှံခဲ့ကြသလို၊ တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီညဟာ ဗျိုင်းဖြူရွာအတွက်သာမက ရခိုင်ပြည်သူတွေရဲ့ မှတ်ဉာဏ်ထဲမှာပါ ဘယ်တော့မှ မပျောက်ကွယ်နိုင်တဲ့နာကျင်ဖွယ် သွေးစွန်းညတစ်ညအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်နောက်ကွယ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေ၊ စစ်ကောင်စီနဲ့ အာရရက္ခတပ်တော် (AA) တို့ကြား အပြင်းအထန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရက္ခိုင့်တပ်တော်ရဲ့အောင်ပွဲတွေ၊ ဒေသခံပြည်သူတွေအပေါ် စစ်ရေးဖိအားပေးမှုတွေ ရှိနေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်း အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်လာခဲ့ပြီး မြို့နယ်အများအပြားမှာ စစ်တပ်ရဲ့ စခန်းတွေ၊တပ်ရင်းတွေ၊ဌာနချုပ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အထူးသဖြင့် ကျောက်တော်တိုက်ပွဲဟာ ရခိုင်စစ်ရေးသမိုင်းမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ကျောက်တော်ဟာစစ်တွေမြို့နဲ့ ဆက်သွယ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်သလို ရခိုင်အတွင်း စစ်ရေးအရလည်း အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀၀ နီးပါးဟာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း AA ဘက်ကပြောဆိုခဲ့ပါတယ်။
မြို့တော်စစ်တွေကတော့ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သေးတဲ့ ရခိုင်ပြည်ရဲ့ အရေးအပါဆုံးမြို့ဖြစ်ပြီး၊ ကုန်သွယ်ရေးအချက်အချာအပြင် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း အဓိကဗဟိုချက်လည်း ဖြစ်ပါတယ်။ AA အနေနဲ့ စစ်တွေကို သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်တစ်ပြည်လုံးကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ အရေးပါတဲ့ အောင်ပွဲတစ်ခု ဖြစ်လာနိုင်သလို၊ စစ်ကောင်စီအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်စစ်တပ်ကစစ်တွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ ဗျိုင်းဖြူရွာဟာ စစ်တွေမြို့အနီးမှာ ရှိနေတဲ့ ရွာတစ်ရွာဖြစ်တာကြောင့် စစ်ကောင်စီအတွက် သံသယဖြစ်စရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ အမျိုးသားတွေကို စုစည်းထားတဲ့ ရွာအစွန်အဖျားမှာ စစ်အရာရှိတွေက AA နဲ့ ပတ်သက်ပြီး ဒီရွာက အိမ်ထောင်စုတိုင်းဟာ AA ကို လစဉ် ကျပ် ၂,၀၀၀ စီ ပေးနေကြောင်း၊ ရွာကနေ AA အတွက်တပ်သားသစ်တွေရရှိအောင် ကူညီပေးနေသလိုစစ်တွေမှာရှိတဲ့စစ်တပ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့နေကြောင်း စွပ်စွဲခဲ့ကြပါတယ်။
ဒါပေမယ့်ရွာသားတွေကတော့သူတို့ဟာ စစ်ပွဲထဲမှာ ပါဝင်ချင်လို့ မဟုတ်ဘဲ ရာစုနှစ်များစွာ နေထိုင်လာခဲ့တဲ့ ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ အသက်ရှင်ဖို့ ကြိုးစားနေကြတဲ့ သာမန်ပြည်သူတွေသာ ဖြစ်တယ်လို့ ပြောကြပါတယ်။
“ကျွန်မတို့က လယ်လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ ရိုးရိုးသာမန်လူတွေပါ။ ဘယ်သူနဲ့မှ စစ်တိုက်ချင်တဲ့သူတွေ မဟုတ်ပါဘူး” ဆိုတဲ့ ရွာသားတွေရဲ့ စကားတွေကို စစ်ကောင်စီဘက်ကမကြားသလိုလျစ်လျူရှုခဲ့ပါတယ်။
အမျိုးသားတွေကို စုစည်းထားတဲ့နေရာမှာ စစ်အရာရှိတွေက “ကျောက်တော်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားတွေအတွက် လက်စားချေဖို့ လာခဲ့တာဖြစ်ကြောင်း” ပြောခဲ့တယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။
“ဒီရွာကို အမြစ်ပြတ်ဖျက်ဆီးပစ်မယ်” ဆိုတဲ့ စကားမျိုးကိုတောင် စစ်အရာရှိတစ်ဦးက ပြောခဲ့တယ်လို့ ခင်ခင်လှက ပြောပါတယ်။
ဒီစကားက ရွာသားတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ်မှာ အရင်ကလည်း စစ်ဆင်ရေးတွေ ပြုလုပ်တိုင်း အရပ်သားတွေ ထိခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့လို့ပါပဲ။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အရပ်သားကာကွယ်ရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရခိုင်ဒေသဟာထပ်မံပြီးစစ်ရေးပဋိပက္ခရဲ့ဗဟိုချက်တွေထဲကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
လွတ်မြောက်လာသူတွေက ပြောကြားချက်အရ အမျိုးသား ၈၀၀ ခန့်ကို သုံးစုခွဲပြီး ဒူးထောက်ခိုင်းထား ခဲ့ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကို ပိတ်ထားပေမယ့် ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို အသံနဲ့ ခံစားနိုင်ခဲ့ကြပါတယ်။
စောတမနမူဆိုတဲ့ ကရင်အမျိုးသားတစ်ဦးကတော့ သူ့ကိုယ်တိုင် အဲဒီအချိန်မှာ ရှိခဲ့ပြီး “မျက်လုံးကို ပိတ်ထားပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာ ခံစားလို့ရတယ်။ ညနေစောင်းကစပြီးညှင်းပန်းနှိပ်စက်တာနဲ့သတ်ဖြတ်တာတွေ စခဲ့တယ်” လို့ ပြောပြပါတယ်။
ထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသားတချို့ ဖမ်းဆီးခံရပြီး ဓားနဲ့ထိုးခံရကာ ပစ်သတ်ခံခဲ့ရကြောင်းလည်း ပြောခဲ့ပါတယ်။
သူကိုယ်တိုင်လည်း KNLA နဲ့ ဆက်နွယ်သူတစ်ဦးလို့ သံသယထားခံခဲ့ရပေမယ့် အသက်ရှင်လွတ်မြောက် လာခဲ့ပါတယ်။ “ကျွန်တော် အသက်ရှင်ခဲ့တာ အင်မတန်ကံကောင်းလို့ပါ” ဆိုတဲ့ သူ့စကားဟာ အဲဒီညက ရင်ဆိုင်ခဲ့ရတဲ့ ကြောက်ရွံ့မှုကို ဖော်ပြနေပါတယ်။
သူဟာ စစ်တွေဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး ဗျိုင်းဖြူရွာမှာရှိတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူရဲ့ အိမ်မှာ ခေတ္တလာရောက်နေထိုင်နေသူ ဖြစ်ပါတယ်။ သူဟာ နံနက်စောစောမှာ မြန်မာကုန်သည်တစ်ဦးနဲ့အတူ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၁၀၀ ခန့်နဲ့အတူ လွတ်မြောက်လာခဲ့ပေမယ့်၊ အဲဒီမတိုင်ခင်မှာတော့ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးမှ ပြန်လည်လွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြန်မာကုန်သည်ရဲ့ ပြောပြချက်အရ ရေဆာလို့ ရေတောင်းခဲ့ကြတဲ့ ရွာသား ၁၂ ဦးခန့်ကို ရေမပေးဘဲ စစ်သားတွေက သူတို့ရဲ့ ကျင်ငယ်ရေကို ပလတ်စတစ်ပုလင်းထဲကနေ သောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ငြင်းဆန်သူတွေကိုသေနတ်ဒေါက်တွေနဲ့ထိုးကြိတ်ရိုက်နှက်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။
စစ်တပ်ကတော့ ULA တာဝန်ရှိသူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိတဲ့ ရွာသား ၁၁ ဦးရဲ့ စာရင်းကို ကြိုတင်ပြုလုပ်ထားခဲ့ပြီး အဲဒီလူတွေကို သီးခြားခွဲထုတ် ဒူးထောက်ခိုင်းကာ တော်လှန်ရေးအဖွဲ့နဲ့ ဘယ်လိုဆက်နွယ်မှုရှိသလဲဆိုတာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်အရာရှိတွေဟာ သူတို့ရဲ့ ဖြေကြားချက်တွေကို လက်ခံကျေနပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
“သူတို့ကို သံကြိုးတွေနဲ့ ရိုက်နှက်ပြီး နောက်ဆုံး ပစ်သတ်လိုက်ကြပါတယ်။ အဲဒီထဲက ၄ ယောက်ဆိုရင် သေနတ်မပစ်ခင်ကတည်းက သတိလစ်နေကြပါပြီ” လို့ ပုသိမ်ထောင်မှာ ပျောက်ဆုံးသွားတဲ့ ဖခင်ဖြစ်သူကို ရှာဖွေနေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝင်းက ပြန်လည်ပြောပြခဲ့ပါတယ်။ မောင်ဝင်းကိုယ်တိုင်လည်းစစ်တွေထောင်မှမလွတ်မြောက်မီ ၈ လကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ဗျိုင်းဖြူရွာသားတွေရဲ့ ဒုက္ခဟာ အဲဒီညမှာပဲ မပြီးဆုံးခဲ့ပါဘူး။ အမျိုးသားတွေကို ခေါ်ဆောင်သွားပြီးနောက်ကျန်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာလည်း နောက်ထပ် နှစ်ရက်နီးပါး လမ်းမပေါ်မှာ ပူပြင်းတဲ့နေရောင်အောက်မှာ အစာရေစာမရှိဘဲ ထိုင်စောင့်နေခဲ့ရပါတယ်။
အသက် ၂ နှစ်အရွယ် သားဖြစ်သူမှာ တက်ချင်တဲ့ လက္ခဏာတွေပြလာတာကြောင့် အိမ်ထဲခေါ်သွားခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့ အသက် ၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးကိုလည်း စစ်သားတွေက သေနတ်နဲ့ချိန်ရွယ်ခဲ့ပါတယ်။
“သက်ကြီးရွယ်အို အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦး သတိလစ်သွားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူတို့ ဘာဖြစ်သွားလဲဆိုတာတော့ မသိနိုင်ခဲ့ပါဘူး” လို့ မဝင်းသန်းက ပြန်လည်ပြောပြခဲ့ပါတယ်။
သူမက ဆက်ပြီး “ကလေးတွေအပါအဝင် လူအများအပြားဟာ အနီးအနားက မြောင်းရေတွေကို သောက်ဖို့ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရပါတယ်” လို့ ဆိုပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ကလေးငယ်တွေ ငိုကြွေးနေကြပေမယ့် အိမ်ထဲဝင်ပြီး ရေယူခွင့်၊ အစားအစာယူခွင့်တွေကို မရှိကြပါဘူး။
ဒုတိယမြောက်နေ့မွန်းလွဲပိုင်းမှာတော့စစ်သားတွေအတွက် အစားအစာနဲ့ ရေတွေ တင်ဆောင်လာတဲ့ စစ်ကား ၂ စီး ထပ်မံရောက်ရှိလာပြီး ရွာအရှေ့ဘက်စွန်းက ကွင်းပြင်တစ်ခုမှာ အစားအစာတွေ ပြင်ဆင်စားသောက်နေကြပါတယ်။
ညနေပိုင်းရောက်တဲ့အခါမှာတော့ မီးတိုင်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားအုပ်စုတွေဟာ အိမ်တွေထဲ ဝင်ရောက်ပြီး ပစ္စည်း လုယက်ကြပါတော့တယ်။ သူတို့ဟာ ရွာထဲက နေအိမ်တွေကို ဝင်ရောက် ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းမှန်သမျှ ယူဆောင်သွားခဲ့ကြကြောင်း လွတ်မြောက်လာသူတွေက ပြောပြခဲ့ပါတယ်။
ရွှေထည်၊ ငွေကြေး၊ ဖုန်း၊ ဆိုင်ကယ်၊ ဆိုလာပြားနဲ့ အိမ်သုံးပစ္စည်းတွေ အများအပြားကို ယူဆောင် သွားခဲ့ပါတယ်။
၃၀ ရက်နေ့ညမှာတော့ ပထမနေ့က ပုန်းအောင်း လွတ်မြောက်ခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးကို ရှာတွေ့သွားကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးရဲ့ အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရတယ်လို့ဆိုပါတယ်။ သူမရဲ့ အော်ဟစ်သံတွေကို ရွာသားတွေ ကြားနေရပေမယ့် ဘယ်သူမှ မကူညီရဲကြ မကူညီနိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ လူတိုင်းဟာ ကိုယ့်အသက်ကိုယ် ကယ်ဖို့တောင် မသေချာတဲ့ အခြေအနေမှာ ရှိနေခဲ့ကြလို့ပါ။
ဗျိုင်းဖြူရွာက ခုလိုခါးသီးအကျည်းတန်းတဲ့ဖြစ်ရပ်ဟာ ဒီဒေသတစ်ခုထဲမှာသာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ လွတ်မြောက်လာသူတွေက စစ်တွေမြို့အနီးက ကျေးရွာ ၃၀ ခန့်ဟာလည်း အလားတူ စီးနင်းမှုတွေ၊ မီးရှို့မှုတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုတွေကို ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့ကြပါတယ်။
အမျိုးသားတွေကို ခေါ်ဆောင်သွားပြီးတဲ့နောက် ၃၁ ရက် မနက်ပိုင်းမှာအမျိုးသမီးတွေနဲ့ ကလေးတွေကို ၂ နာရီအတွင်း အိမ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းအနည်းငယ် ယူဆောင်ခွင့်ပေးခဲ့ပါတယ်။
စစ်ကားတွေပေါ် တင်ဆောင်ခံရပြီးတဲ့နောက် အမျိုးသမီး၊ ကလေးနဲ့ ကျန်ရှိနေတဲ့ လူအချို့ကို စစ်တွေမြို့အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေထိုင်ခိုင်းခဲ့ပြီး၊အမျိုးသား ၆၀၀ မှ ၆၅၀ ခန့်ကိုတော့ သူတို့အတွက် နောက်ထပ် မျှော်လင့်မထားတဲ့ ဒုက္ခနဲ့ ဆင်းရဲမှုအသစ်တွေကစောင့်ကြိုနေတဲ့စစ်တွေက စစ်ဌာနချုပ်ဘက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
စစ်ဌာနချုပ်အတွင်းမှာ အမျိုးသားတွေကို လေဝင်ပေါက်အနည်းငယ်သာရှိတဲ့ အခန်းငယ် ၄ခုထဲ အတင်းအကျပ် ထည့်သွင်းထားခဲ့ကြောင်း လွတ်မြောက်လာသူတွေက ပြောပြခဲ့ပါတယ်။ လူအများကြီးကို နေရာကျဉ်းကျဉ်းထဲ ထည့်ထားတာကြောင့် ထိုင်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ နောက်တစ်နေ့မှာ ထမင်းနဲ့ ရေအနည်းငယ်ပေးပြီး စစ်တပ်အရာရှိတွေ အုပ်စုလိုက်ရှေ့စစ်ကြောရေး ဆက်လုပ်ကြပါတယ်။
အဲဒီအချိန်မှာသက်ကြီးရွယ်အိုတွေ၊နာမကျန်းဖြစ်သူတွေ၊ မသန်စွမ်းသူတွေနဲ့ ဆရာ ၃ ဦးအပါအဝင် လူ ၁၀၀ ကျော်ကို သီးခြားခွဲထုတ်ခဲ့ပြီး နောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒါပေမယ့် ကျန်ရှိနေသူတွေကတော့ ရွာမှာ မေးမြန်းခဲ့တဲ့ AA ကို ထောက်ပံ့မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ထပ်မံဖြေဆိုရင်း စစ်ဆေးခံခဲ့ရပါတယ်။ စစ်တွေထောင်ကို မပို့မီမှာလည်း သံချောင်းတွေနဲ့ သံကြိုးတွေသုံးပြီး ရိုက်နှက်ခံရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ထပ်မံ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဗျိုင်းဖြူရွာသား တစ်ဦးဖြစ်တဲ့ထွန်းလှကစစ်တွေထောင်အတွင်း သူကြားသိခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

“AA နဲ့ ဆက်နွယ်တယ်လို့ ယုံကြည်ခံရတဲ့ လူတချို့ဟာ ပိုပြီး ညှင်းပန်းခံခဲ့ရပါတယ်။ အဲဒီထဲက နှစ်ယောက်ဟာ စစ်တွေထောင်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်”လို့ သူကပြောခဲ့ပါတယ်။
ဒါပေမယ့် ထူးခြားတာက စစ်တွေထောင်ထဲမှာတော့အချို့ရဲတပ်ဖွဲ့ဝင်တွေကစစ်သားတွေထက် ပိုကရုဏာရှိခဲ့ကြောင်း အကျဉ်းသားဟောင်းတွေက ပြောပြခဲ့ပါတယ်။ နာမကျန်းသူတွေကို ဆေးပေးတာ၊ ဒဏ်ရာရသူတွေကို ကူညီတာ၊ အစားအသောက် ပေးတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအတွင်း လူတစ်ဦးချင်းစီရဲ့ လူသားဆန်မှုက ဘယ်လောက်အရေးကြီးသလဲဆိုတာ ပြသတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ဗျိုင်းဖြူရွာက အမျိုးသမီးနဲ့ ကလေးတွေဟာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ရင်း ကိုယ့်ဘဝကိုယ်ပြန်တည်ဆောက်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် ဘုန်းကြီးကျောင်းဆိုတာ လုံခြုံရာအိမ်တစ်ခု မဟုတ်ပဲ ထွက်ပြေးဖို့ကြိုးစားရင် ညှာမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ခံထားရပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ လူတွေ အလွန်များပြားလာတာကြောင့် အချို့မိသားစုတွေဟာ ယာယီတဲတွေထဲမှာ နေထိုင်ခဲ့ကြရပါတယ်။
တစ်ချိန်က ကိုယ့်အိမ်၊ ကိုယ့်ရွာနဲ့ စနစ်တကျနေထိုင်ခဲ့တဲ့ သူတွေဟာ ရုတ်တရက် အနာဂတ် မသေချာတော့တဲ့ စစ်ဘေးရှောင်တွေအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ကြရပါတယ်။
ဒီလိုနဲ့ စစ်တွေကနေ ထွက်ပြေးဖို့ အစီအစဉ်တွေ တဖြည်းဖြည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
မိုးမိုးအေးဆိုတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ ခင်ပွန်းဟာဗျိုင်းဖြူရွာမှာသေဘေးက လွတ်မြောက်ခဲ့ပေမယ့် ပြင်းထန်တဲ့ ရိုက်နှက်ဒဏ်ရာတွေ ရခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန် သူမရဲ့ သားတစ်ဦးလည်း ထောင်ထဲကို ရောက်နေခဲ့ပါတယ်။ ခင်ပွန်းနဲ့သား ဒီလိုအခြေအနေမှ နာကျင်မှုကြားမှာပဲ သူမဟာ အသက်ရှင်ဖို့နည်းလမ်း ရှာဖွေခဲ့ရပါတယ်။
“အမျိုးသမီးနှစ်ယောက် စစ်တွေက ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းကြားတဲ့အခါ ကျွန်မလည်း ထွက်ပြေးဖို့ စဉ်းစားခဲ့ပါတယ်”လို့ မိုးမိုးအေးကပြောပါတယ်။
ဒါပေမယ့်ထွက်ပြေးဖို့ဆိုတာလွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ စစ်တွေမြို့အပြင်ဘက်မှာမြေမြှုပ်မိုင်းတွေရှိနေပါတယ်။ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရပါတယ်။ လမ်းမသိတဲ့နေရာတွေမှာ အန္တရာယ်ကြားက သွားရပါတယ်။ အောင်မြင်ရင် အသက်ရှင်နိုင်ပေမယ့် ဖမ်းမိရင် ဘာဖြစ်သွားမလဲ ဆိုတာက မတွေးရဲစရာပါ။
နောက်ဆုံးမှာတော့၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂ ရက်ညမှာ မိုးမိုးအေးနဲ့ အခြားအမျိုးသမီးတွေ၊ ကလေးတွေအပါအဝင် လူ ၁၈ ဦးဟာ စစ်တွေကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ည ၈ နာရီခန့်မှာဘုန်းကြီးကျောင်းကနေ တိတ်တဆိတ် ထွက်ခွာခဲ့ကြပြီး အမှောင်ထဲမှာ၊ ကြောက်ရွံ့မှုတွေနဲ့၊ အသံမထွက်အောင် ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်ရာလမ်းကို စတင်ခဲ့ကြပါတယ်။ ၁၂ နာရီကြာ လမ်းလျှောက်အပြီး နောက်ဆုံးမှာ AA ထိန်းချုပ်နယ်မြေကို ရောက်ရှိခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သူတို့အတွက် လွတ်မြောက်ခြင်းဆိုတာ အောင်ပွဲတစ်ခုလို ခံစားရမှာပါ။ ဒါပေမယ့် သူတို့နောက်မှာ ဗျိုင်းဖြူရွာက သူတို့ရဲ့မီးလောင်ပျက်စီးနေတဲ့အိမ်တွေ၊ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ လူသတ်ပွဲနဲ့ အကြမ်းဖက်ခံရမှုအိပ်မက်ဆိုးတွေက လိုက်လာနေဆဲပါ။
နောက်ပိုင်းမှာ ဗျိုင်းဖြူရွာသား ၄၀၀ ခန့်ဟာ AA ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးရောက်ရှိခဲ့ကြပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ခဲ့ကြရင်း တချို့က နေ့စား၊ တချို့က ထင်းရောင်း၊ တချို့က စခန်းထဲမှာ ဆိုင်ငယ်လေးတွေဖွင့်ပြီး ဘဝကို ပြန်စတင်ဖို့ ကြိုးစားနေကြပါတယ်။
ဗျိုင်းဖြူရွာဖြစ်ရပ်က ဒီဒေသမှာခံစားနေရတဲ့ အလားတူဇာတ်လမ်းတွေထဲက အခန်းတစ်ခန်းသာ ဖြစ်ပါတယ်။
ဒီနေ့ ရခိုင်ပြည်သူတွေဟာ ဆုံးရှုံးနာကျင်မှုတွေ အများကြီးကို ထမ်းပိုးရင်းနဲ့ပဲ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို ဆက်ပြီး ကိုင်ဆွဲထားကြပါတယ်။အာရက္ခတပ်တော် (AA) ကလည်း “ရခိုင်ပြည်သူတွေ ကိုယ့်ကံကြမ္မာကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး လွတ်လပ်၊ တရားမျှတတဲ့ သာယာဝပြောတဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့” အားစိုက် ကြိုးပမ်းနေတယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ။
ကိုးကား – The Diplomat


















































