တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက မြေပြိုမှု တစ်ခုအတွင်း သေဆုံးသူ အရေအတွက်ဟာ ၂၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။
မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂန်ဆုပြည်နယ်၊ ဒန်ချန်းခရိုင်ထဲက ရန်ကန်း ကျေးရွာမှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားပြီး လူ ၃၃ ဦးထက်မနည်း ပိမိနေကြောင်း အစောပိုင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ၂၄ နာရီအကြာ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာတော့ အဲဒီဖြစ်ရပ်အတွင်း သေဆုံးသူ ၂၁ ဦးထိ အတည်ပြုထားနိုင်ပြီလို့ အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒန်ချန်းခရိုင်ထဲက ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း၊ သေဆုံးစာရင်းဟာ ၂၁ ဦးထိ အတည်ပြု သိရှိလာရကြောင်း ရှင်ဟွာက ဆိုပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက မြေပြိုမှု ဖြစ်ပွားရာ ကျေးရွာမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ယွမ်ငွေ သန်း ၃၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၄ သန်းခွဲ နီးပါးလောက်ကို ခွဲတမ်းသတ်မှတ် ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
တရုတ်ဟာ လောလောဆယ်မှာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ကြုံနေရပါတယ်။ တချို့နေရာတွေမှာ မိုးသည်းသည်းမည်းမည်း ရွာနေပြီး တချို့နေရာတွေမှာတော့ ခြစ်ခြစ်တောက် ပူပြင်းနေပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးကြီးပြီး လေပြင်းတွေ တိုက်ခတ်ရာက လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုင်ငံ အရှေ့ပိုင်းက ဟူပေပြည်နယ်မှာလည်း မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ဟွမ်ကန်းမြို့မှာတော့ လေဆင်နှာမောင်းကြီးနှစ်ခု တပြိုင်တည်း တိုက်ခတ်တဲ့ ရှားပါးအခြေအနေနဲ့ပါ ကြုံတွေ့ခဲ့ပါတယ်။
သဘာဝ ဘေးအန္တရာယ်တွေအတွင်း လူပေါင်း ၃၃၀ ကျော် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ၁ ဦး ပျောက်ဆုံးနေတယ်လို့ ရှင်ဟွာက ဖော်ပြခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း တရုတ်နိုင်ငံ အနှံ့က ရေကြီးမှု၊ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်မှု၊ မြေပြိုမှုနဲ့ လေဆင်နှာမောင်းတွေရဲ့ မှတ်တမ်း ဗီဒီယိုတွေ ပျံ့နှံ့နေပါတယ်။
နိုင်ငံတောင်ပိုင်းက ကွမ်ရှီးမှာတော့ ဆည်တစ်ခု ကျိုးပေါက်ပြီး ရေကြီးမှုတွေ ဖြစ်ကုန်တာကြောင့် အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံအနှံ့က ဆည်နဲ့ ရေကာတာပေါင်း ၃၄၁ ခုဟာ ရေမျက်နှာပြင် စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်လာတာကို ကြုံနေရပြီး ၅၆ ခုမှာတော့ စိုးရိမ်ရေအမှတ်ကို ကျော်သွားပြီလို့လည်း သိရပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်က သဘာဝ ဘေးအန္တရာယ် ကြုံနေတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အစွမ်းကုန် ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ရေအရင်းအမြစ် ဝန်ကြီး လီကိုယင်းက ကွမ်ရှီးနဲ့ ကွမ်တောင်တို့မှာ ဇူလိုင် ၈ ရက်နေ့ တစ်နေ့လုံးလည်း မိုးသည်းသည်းထန်ထန် ဆက်လက် ရွာသွန်းနိုင်ခြေ ရှိနေကြောင်း သတိပေး ပြောကြားထားပါတယ်။
ကိုးကား: CNA


















































