Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကို တပြိုင်တည်း ကြုံနေရတဲ့ တရုတ်

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။

တချို့ဒေသတွေမှာ ခြစ်ခြစ်တောက် ပူပြင်းနေပြီး တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန်ရွာ၊ လေပြင်းတွေ တိုက်ခတ်တဲ့ ဆန့်ကျင်ဖက်စွန်းက ပြဿနာမျိုးနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းက ကွမ်ရှီးပြည်နယ်ထဲမှာတော့ တိုင်ဖွန်းမုန်တိုင်း မေဆက်ခ်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအဖြစ် နေ့စဉ်ရက်ဆက် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ပြီးတော့ ပြည်နယ်မြို့တော် နန်နင်းရဲ့ အနီးမှာ ရှိနေတဲ့ ဆည်တစ်ခု ကျိုးပေါက်ရာက အခြေအနေတွေ ပိုဆိုးသွားပြီး လူပေါင်း ၄၈၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။ ဒေသတွင်းမှာ အာဏာပိုင်တွေဟာ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားရပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေဒေသမှာတော့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်ပြီး လေပြင်းတွေ အကြမ်းပတမ်း တိုက်ခတ်ခဲ့သလို ရှားပါး အခြေအနေအဖြစ် ဖျက်ဆီးအား ပြင်းထန်တဲ့ လေဆင်နှာမောင်းကြီး နှစ်ခုပါ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟွမ်ရှီး၊ ဟွမ်နန်း၊ အက်ဇူ၊ ရှန်နင်းစတဲ့ ဒေသတွေဟာ အဲဒီ မိုးကြိုးမုန်တိုင်းနဲ့ လေပြင်းတွေဒဏ်ကို အဓိက သက်ရောက် ခံစားခဲ့ရပါတယ်။ လေဆင်နှာမောင်းတွေကြောင့်လည်း အိမ်အမိုးတွေ ကျွတ်ထွက်တာ၊ မော်တော်ကားတွေ တုံးလုံးလဲကုန်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် တောင်ပိုင်းနဲ့ အလယ်ပိုင်းက ပြင်းထန်တဲ့ မိုးလေဝသ အခြေအနေတွေကြောင့် စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးပြီး ၃၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရ မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

တခြားတစ်ဖက်မှာတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဂန်ဆု ပြည်နယ်ထဲမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ အကြီးစား မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။ ဒန်ချန်း ခရိုင်ထဲက ရန်ကန်း ကျေးရွာမှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း လူ ၃၃ ဦး ပိတ်မိခဲ့ရာက ၂၁ ဦး သေဆုံးပြီး တခြားသူတွေကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ် မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ရှင်းကျန်း၊ ဟီပေ၊ ဟီနန်နဲ့ ယန်ဇီမြစ်ဝှမ်း ဧရိယာတွေမှာလည်း နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်အထက် ပူပြင်းမှုတွေကို ကြုံနေရပါတယ်။

ကုန်းတွင်းပိုင်း ဒေသတွေမှာ အဲဒီလိုမျိုး ရာသီဥတုဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသလို နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ဧရိယာတွေဟာလည်း စူပါတိုင်ဖွန်းအဆင့် မုန်တိုင်းကြီး ဘာဗီ ချဉ်းကပ်လာမှုအတွက် ကြိုတင် ပြင်ဆင်နေရပါတယ်။

ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့ မုန်တိုင်းကြီးဟာ လောလောဆယ် ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ရှိနေပြီး ထိုင်ဝမ်ကျွန်း မြောက်ပိုင်းကို ဖြတ်ကျော်ရင်း တရုတ်ကမ်းရိုးတန်းကို ဇူလိုင် ၁၁ ရက်နေ့လောက်မှာ စတင် ဖြတ်သန်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုင်ဖွန်းရဲ့ လက်ရှိ လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၁၈၀ ဝန်းကျင်ထိ ပြင်းထန်နေပြီး အဲဒီ အခြေအနေသာ မပြောင်းလဲသွားရင် တရုတ်ရဲ့ ကမ်းရိုးတန်း ဧရိယာတွေမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က သဘာဝ ဘေးအန္တရာယ် ကြုံနေတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အစွမ်းကုန် ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ကိုးကား: ITIJ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်မှာရှိတဲ့ လျှပ်စစ်ကား (EV) သုံးသန်းလောက်ရဲ့ တံခါးလက်ကိုင်တွေ ပြန်လဲတပ်ပေးဖို့ အမေရိကန် EVကုမ္ပဏီ Teslaက စီစဉ်နေပါတယ်။

နိုင်ငံတကာ

လမျက်နှာပြင် စူးစမ်းရေးယာဉ်ကို ဒုံးပျံနဲ့ လွှတ်တင်မယ့် အစီအစဉ် တစ်ခုကို ရွှေ့ဆိုင်းထားလိုက်ကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်က တီထွင်တဲ့ လူတူစက်ရုပ် တစ်ခုဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ လူသားတွေရဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။