-မောင်မောင်ရေးသားသည်။
“ဟဲ့ကောင်မ ညည်းကို သတိရလို့ ဒီနေ့တနေ့လုံး အမေ ထမင်းကို မစားရသေးဘူး”
မကွေးတိုင်းအတွင်း ကျေးရွာတခုရဲ့ အစွန်အဖျား အိမ်ငယ်လေး တလုံးဆီက ထွက်ပေါ်လာသံပါ။အသက် ၄၀ ဝန်းကျင်အရွယ် မခင်အေးတယောက် အဝေးရောက် နေတဲ့ ဆယ်ကျော်သက်သမီးဖြစ်သူနဲ့ ဖုန်းပြောရင်း သမီးကိုလွမ်းနေကြောင်း ဖော်ပြတဲ့ ပြောဆိုချက်လည်း ဖြစ်ပါတယ်။
အညာဒေသ ရွာတွေမှာ ဟဲ့ကောင်မတို့ ညည်းတို့ဆိုတာ ရင်းနှီးဖော်တွေအကြား ပုံမှန် သုံးနှုန်းလေ့ရှိကြတာမျိုးပါ။တောသူ တယောက် ဖြစ်တဲ့အလျောက် ချစ်ခင်သတိရကြောင်းကို ချိုသာစွာ ပြောဆိုတာမျိုး မဟုတ်ပေမဲ့ မိခင်နဲ့ သမီးအကြားမေတ္တာကိုအပြန်အလှန်နားလည်ကြတဲ့ ဘာသာစကားဖြစ်တာတော့ သေချာပါတယ်။တကယ်တော့ သမီးနဲ့ အမေခွဲခွာရတာ နှစ်ဆယ့်လေးနာရီပင် မပြည့်သေးပါဘူး။

Public Service Announcement
အထက်တန်းကျောင်းနေအရွယ် သမီးကြီးကို ကျောင်းဆက်မထားနိုင်ဘဲ ရွာနဲ့ မိုင် ၅၀ လောက်ဝေးတဲ့ မြို့က စက်ရုံတခုဆီကို လိုက်ပို့ပြီး ပြန်လာတဲ့ မခင်အေးတယောက် သမီးကိုလွမ်းလို့ နှစ်ခါလောက်ငိုအပြီး သမီးနဲ့ ဖုန်းပြောနေတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။
ကျောင်းတက်ရမယ့်အရွယ် သမီးနဲ့ အမေ ဘာကြောင့် အလွမ်းသယ်ရသလဲ သမီးက အဝေးမှာ ကျောင်းတက်သွားလို့လား မေးရင် “မဟုတ်ဘူး အလုပ်လုပ်သွားတာ”လို့ပဲ စိတ်မကောင်းစွာ ဖြေရမှာပါ။ လွမ်းတယ်ဆိုတာထက် ကြုံနေရတဲ့ အခြေအနေကို စိတ်မကောင်းဖြစ်နေပုံပါ။ ကျောင်းတွေ ဖွင့်စ မိုးဦးကာလမှာ သမီးကို ကျောင်းမပို့ရဘဲ လုပ်ငန်းခွင်ဆီ ပို့ခဲ့ရတဲ့ မိဘတယောက်ရဲ့ ခံစားချက်ဟာ အတော်လည်းခက်ခဲမှာပါ။
“ကိုယ်ကသာလွမ်းနေရတာ အိမ်မှာတော့ မနေ့က(သမီးအလုပ်ကိုစရောက်တဲ့ရက်) ချဉ်ပေါင်ရွက်ပဲချက်တယ်။ သူက ကြက်ဥချက်တွေ ငါးခြောက်ချက်တွေနဲ့ ဆန်က ကော့နေတာတဲ့” မခင်အေးက သမီးဖြစ်သူ အလုပ်စရောက်တဲ့နေ့မှာ အစားကောင်းစားရတာကို ကြားရလို့ ဝမ်းသာနေတဲ့ မျက်နှာနဲ့ ပြန်ပြောပြပါတယ်။
ကြက်ဥနဲ့ ငါးခြောက်ဟင်းပါတာကို ဟင်းကောင်းလို့ သတ်မှတ်နေရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များနေသလဲတော့မသိ၊ ဒါပေမဲ့အညာဟာ အရာရာရှားပါးတဲ့ အရပ်ဖြစ်တာမို့ ထမင်းအနပ်တိုင်း အသား၊ငါး ပါဖို့ဆိုတာတော့ မလွယ်ကူပါဘူး။
ထမင်းအနပ်တိုင်း ဟင်းကောင်းမပါကြပေမဲ့ အညာက မိသားစု တော်တော်များများကတော့ မိဘနဲ့ သားသမီးတွေ ခွဲခွာပြီး သားသမီးတွေ ဝေးရာအရပ်ဆီ အလုပ်လုပ်ထွက်နေရတဲ့ ဖြစ်ရပ်တွေကတော့ အများအပြားရှိပါတယ်။
မခင်အေးတို့သားအမိတွေလိုမျိုး သားသမီးနဲ့ မိဘ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရတဲ့ ဖြစ်ရပ်မျိုးတွေ ဒါမှမဟုတ် ပိုမိုဆိုးရွားတဲ့ သေခွဲခွဲကြရတဲ့ ဖြစ်ရပ်မျိုးတွေက အညာဒေသ ဒီထက်ပိုပြောရရင် စစ်အာဏာသိမ်းမှုအောက် ရောက်နေတဲ့ မြန်မာနိုင်ငံတဝန်းမှာ ထုနဲ့ဒေးပါပဲ။
မခင်အေး အတွက်တော့ သမီးကို ကျောင်းမထားဘဲ ဘာလို့ အလုပ်လုပ်ခိုင်းရသလဲမေးလာရင် မတက်နိုင်တော့လို့ပဲ ဖြေရမှာပါ။ မနှစ်ကပဲသမီးအကြီးနဲ့ သားလတ်ကိုကျောင်းထားနိုင်ခဲ့ပေမဲ့ အစစ ကြီးမြင့်လာနေတဲ့ ကုန်စျေးနှုန်း၊ ရှားပါးလွန်းလှတဲ့ အလုပ်အကိုင်၊ နည်းပါးလှတဲ့ လုပ်အားခတွေ ကြားမှာ သားသမီးအကုန်လုံး တင့်တောင့်တင့်တယ်ကျောင်းဆက်ထားနိုင်ဖို့ဆိုတာ မခင်အေးတို့ မိသားစုအတွက် မလွယ်ကူပါဘူး။ အထူးသဖြင့် ဆင်းရဲခြင်းကို ရင်ဆိုင်နေကြရတဲ့ မိသားစုတိုင်း ကြုံကြရတဲ့ အဖြစ်မျိုးပါ။
အလုပ်မလုပ်ရင် ဆင်းရဲမှာပေါ့လို့ ဝေဖန် အပြစ်ပြောလို့တော့ မရပါဘူး။ အလုပ်တွေ စဉ်ဆက်မပြတ် လုပ်ကိုင်နေရင်း ဆင်းရဲနွမ်းပါးနေကြရတဲ့ ဘ၀တွေ မြန်မာနိုင်ငံမှာ အများအပြား တွေ့မြင်နိုင်ပါတယ်။
မအေးတို့အိမ်မှာဆို မိသားစု ၅ဦးရှိကြပါတယ်။ အငယ်ဆုံးကလေးကအစ ကိုယ်စီအလုပ်လုပ်ကြပါတယ်။ ကျောင်းနေအရွယ် ကလေးတွေဖြစ်ပေမဲ့ ဖခင်ဖြစ်သူ ထန်းလှီးထန်းတက်တဲ့ အလုပ်လုပ်ရင် တအိမ်လုံး အလုပ်ကိုယ်စီရယ်ပါ။ ထန်းလှီးထန်းတက်တယ်ဆိုတာ ထန်းပင်က ထန်းရည်ရအောင် ပြုလုပ်ပြီး အဲဒီ ထန်းရေအချိုကို ထန်းလျက်လုပ်တဲ့ လုပ်ငန်းကို ခေါ်တာပါ။ ဒီလုပ်ငန်းကလည်း အမြဲတန်းလုပ်လို့ အဆင်ပြေတာမျိုးတော့ မဟုတ်ပါဘူး။ မိုးကာလဆို ထန်းလျက်မကောင်း ထန်းလျက်စျေးမကောင်းလို့ အလုပ်နားရတာမျိုးရှိပါတယ်။
အညာကသူတွေဟာ ယာလုပ်ငန်းလို့ခေါ်တဲ့ နှမ်း၊ မြေပဲ၊ ပဲစင်းငုံ သီးနှံတွေ စိုက်ပျိုးကြသူတွေ၊ လုပ်ငန်းမျိုစုံအတွက် ကူလီလို့ ခေါ်တဲ့ ကြုံရာကျပမ်း အငှားလိုက်ပြီး အသက်မွေးကြသူတွေ လည်းရှိပါတယ်။
ဒါပေမဲ့ မိုးခေါင်ရေရှားတဲ့ အရပ်လို့ လူသိများတဲ့ အညာမှာ အခုနှစ်ပိုင်းတွေအတွင်း လုပ်ငန်းကိုင်ငန်းတွေ သိပ်အဆင်မပြေကြတော့ပါဘူး။ သိပ်အဆင်မပြေဘူးဆိုတာထက် အတော်ခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဘာကြောင့် ခက်ခဲနေရလဲ၊ ဘာတွေဘယ်လိုခက်ခဲနေရလဲ မေးရင် ရာသီဥတုအခြေအနေ၊ အလုပ်အကိုင်ပိုမိုရှားပါးလာမှုနဲ့ ကုန်စျေးနှုန်းကြီးမြှင့်လာမှု၊ စစ်အာဏာသိမ်းမှုကြောင့် တဖန်ပြန်လည်ကြုံရတဲ့ ဆိုးရွားတဲ့ နိုင်ငံရေးစနစ်တွေကို မီးမောင်းထိုးပြရ၊ ရှင်းပြရမှာ ဖြစ်ပါတယ်။
●ပြင်းထန်လာတဲ့ အညာဒေသ ရာသီဥတု
အညာဒေသလို့ ဆိုလိုက်တာနဲ့ မိုးခေါင်တဲ့အရပ်လို့ သာမာန်အားဖြင့် သိကြပေမဲ့ ဒေသခံ မဟုတ်တဲ့ သူတွေအနေနဲ့ ဆိုးရွာတဲ့ မိုးခေါင်မှုကို ရင်ဆိုင်ဖူးမှာ မဟုတ်လို့ မိုးခေါင်တဲ့အရသာကို သိကြမှာ မဟုတ်ပါဘူး။
အညာဟာ အပူ၊ အအေး အလွန်ပြင်းထန်တဲ့ အရပ်ဖြစ်သလို မိုးခေါင်ပြီဟေ့ဆိုရင် နိုင်ငံတဝန်း ရေကြီး၊ရေဘေးကြုံနေရတဲ့ နှစ်မျိုးမှာဆိုရင်တောင် အညာမှာ မိုးမရွာတာမျိုး၊ မိုးတွင်းကာလမှာတောင် လနဲ့ချီ မိုးမရွာတာမျိုးတွေ တကယ်ရှိခဲ့ပါတယ်။ နေရာကွက်ကျားရွာလေ့ရှိတဲ့ အရပ်မို့ တရွာနဲ့ တရွာ တော့ မတူဘူးပေါ့။
ဒါပေမဲ့ အညာရဲ့ ဒေသအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် မိုးရေလိုအပ်တဲ့ ကဆုန်၊ နယုန်၊ ဝါဆို၊ဝါခေါင်(မေလကနေ ဇူလိုင်လဝန်းကျင်)တွေမှာ မိုးရာသီရဲ့ ထုံးစံက မိုးတိမ်တိုက်တွေ ဖြတ်သန်းသွားတာ၊ မိုးအုံ့တာ၊ မိုးဖွဲဖွဲကျတာ လောက်ပဲ ဖြစ်တာမို့ တောင်သူတွေ အခက်ကြုံကြရတာများပါတယ်။ ဧရာ၀တီလို မြစ်ဘေးနဲ့ ချောင်းဘေးနီးတဲ့ဒေသတွေမှာ ရေသွင်းစိုက်ပျိုးတဲ့နည်းနဲ့ အန်တုနိုင်ပေမဲ့ မခင်အေးတို့ နေထိုင်တဲ့ အရပ်ကတော့ တကယ်မိုးမရွာရင် စိုက်ပျိုးရေ မပြောနဲ့ သောက်သုံးရေပါ အခက်အခဲ ကြုံခဲ့ရ ကြုံနေရဆဲဒေသတွေဖြစ်ပါတယ်။
အညာကနွားတွေဆို မြက်ရှားလွန်းလို့ တမာရွက်ကို နွားစာအဖြစ်လုပ်ကျွေးခဲ့ရတဲ့ နှစ်တွေတောင် ကြုံခဲ့ရတာ အညာမှာ နေဖူးကြသူတိုင်းသိပါတယ်။
မခင်အေးတို့နေတဲ့ အရပ်ဒေသကတော့ ရာသီဥတုကြောင့် သီးနှံမရတာ ဒါမှမဟုတ် အရနည်းတာ ခြောက်နှစ်ဆက်တိုက်ရှိနေပါပြီ။ ဒေသရဲ့ အဓိက စိုက်ပျိုးသီးနှံတွေဖြစ်တဲ့ နှမ်း၊ မြေပဲနဲ့ ပဲစင်းငုံ သုံးမျိုးမှာ နှမ်းသီးနှံမရတာ၊ အများစု အရှုံးပေါ်တာ ၆ရာသီရှိပါပြီ။တပေါင်း၊ တန်ခူး (မတ်၊ဧပြီ ဝန်းကျင်) မှာ မိုးဦးကျကာလ စိုက်ပျိုးခဲ့တဲ့ နှမ်းဟာ အသီးအပွင့်ချိန်အရောက် မိုးရေမရလို့ အပွင့်တိတ်၊ အသီးမအောင်မြင်ဘဲ ဆုံးရှုံးရတာမျိုးပါ။ အချို့ရာသီမှာ အထွက်လျော့တာမျိုး ကြုံရပြီး အချို့ရာသီမှာတော့ နှမ်းပင်နှုတ်ခနဲ့လုပ်အားခ မကာမိလို့ ဒီအတိုင်းထွန်ယက်လိုက်ရတာမျိုး ကြုံရတာရှိပါတယ်။ မိုးအခေါင်ခံတဲ့ မြေပဲနဲ့ ပဲစင်းငုံသီးနှံကတော့ ရာသီတိုင်းလိုလိုရကြပြီး အထွက်များတာနည်းတာပဲ ကွာခြားမှုရှိတာပါ။
အခု နှစ်လည်း အညာဒေသက ပွင့်နီကပ်(နှမ်းပွင့်အဖြူလေးတွေဟာ မိုးမရလို့ အသီးအဖြစ် မပြောင်းလဲနိုင်ဘဲ နွမ်းခြောက်နီရဲသွားတာ) အသက်ကုန်သွားတဲ့ နှမ်းစိုက်ခင်းတွေကတော့ မိုးဘယ်လောက်ရွာရွာ မှီတော့မှာ ပြန်ပြီး သီးပွင့်ကြတော့မှာ မဟုတ်ပါဘူး။ သီးနှံစိုက်ခင်းတွေ မအောင်မြင်တာ ပျက်စီးဆုံးရှုံးတာတွေရဲ့ နောက်ဆက်တွဲကတော့ အညာသူအညာသားတွေ အလုပ်အကိုင် ပိုမိုရှားပါးလာစေတာ အမှန်ပါပဲ။
●လုပ်အားခနည်းသလောက် အလုပ်အကိုင်ရှားတဲ့ အရပ်
အညာဒေသကျေးရွာအများစုဟာ တောင်ယာလုပ်ငန်းတွေ ရပ်နားထားရတဲ့ နွေကာလတခုလုံး အနားရထားတာဖြစ်လို့ မိုးဦးကျ ထွန်ယက်စိုက်ပျိုးချိန်ကစလို့ ဆောင်းကာလ ရိတ်သိမ်းချိန်အထိ အလုပ်တွေ လုပ်ဖို့ အားမွေး လုပ်ကိုင်ကြရတာပါ။ ရာဦဥတု အထိုက်လျောက်မှန်တဲ့နှစ်တွေဆို နှမ်း၊မြေပဲ ၊ ပဲစင်းငုံ စိုက်ချိန် စိုက်၊ ပေါင်းနှုတ်ချိန် ပေါင်းနှုတ်၊ နှမ်းနှုတ်ချိန် နှမ်းနှုတ်၊ မြေပဲဖော်ချိန် မြေပဲနှုတ် ၊ မြေပဲဆွတ်၊ ပဲစင်းငုံ ခုတ်ချိန် ပဲစင်းငုံခုတ် ပဲစင်းငုံပုတ် စသဖြင့် အလုပ်တွေပုံမှန် လည်ပတ်နိုင်ကြပါတယ်။
ဒါပေမဲ့ ရာသီဥတု မူမမှန်တာ များလာတာနဲ့အမျှ ၊ စက်ပစ္စည်းကိရိယာတွေ ပိုသုံးလာတာနဲ့အမျှ၊ စိုက်ပျိုးမြေ ဧရိယာက တိုးမလာဘဲ လူဦးရေ တိုးပွားလာတာနဲ့အမျှ အလုပ်အကိုင်တွေ အရင်ကထက် ရှားပါးလာပါတော့တယ်။ လုပ်အားခဆိုရင်လည်းမနက်တချိန်စာလုပ်အားခ( သုံးနာရီခွဲဝန်းကျင်)ကကျပ်ငါးထောင် ဝန်းကျင်သာရှိပါတယ်။ အလုပ်အမျိုးအစားပေါ် မူတည်ပြီး အမျိုးသား ၁ဦး ခုနှစ်ထောင်ကျပ်ထိရတာမျိုးလည်းရှိပါတယ်။အချို့အလုပ်တွေဆို အဲဒီထက်ပိုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါတွေက ၂၀၂၆ ခုနှစ် နှစ်လည်ပိုင်းပေါက်စျေးပြီပြီး ဟိုးအရင် ငါးနှစ်ခြောက်နှစ်လောက်ကဆိုရင် အမျိုးသမီးတဦးရဲ့ တချိန်စာလုပ်အားခက၂၀၀၀ ကျပ်၊ အမျိုးသားတဦး ၂၅၀၀ ကျပ်ရယ်ပါ။
ဒါပေမဲ့ ကုန်ခဲ့တဲ့ ၅နှစ်က အမျိုးသမီးတယောက်ရဲ့အလုပ်ချိန်လေးချိန်(ကျပ် ၈၀၀၀)ဟာ ဝက်သား တပိဿာ(တပိဿာ ၈၀၀၀ ကျပ်) ဝယ်စားနိုင်ပေမဲ့ ဒီအချိန်မှာ ဝက်သား တပိဿနာ စားနိုင်ဖို့ အလုပ်ချိန် ၆ချိန်လောက်လုပ်ရမှာ ပါ။ အားလုံးသိထားပြီးတဲ့အတိုင်း စစ်တပ်အာဏာသိမ်းပြီးနောက် တစတစ တက်လာတဲ့ ကုန်စျေးနှုန်း၊ တရှိန်ထိုး ကျဆင်းတဲ့ ငွေကြေးတန်ဖိုး တွေရဲ့ ဒဏ်ကို တနိုင်ငံလုံးနည်းတူ အညာသူအညာသားတွေလည်း ရင်ဆိုင်ကြရတာပါပဲ။
အဲဒီလိုလုပ်အားခနည်းပါးတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်း ပြဿနာတွေ ဟာ မခင်အေးတို့မျိုး အညာဒေသက မိသားစုတွေကို ပိုပြီးတကွဲတပြား ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်လာပါတော့တယ်။
မခင်အေးနဲ့ တရွာတည်းသူ မဖြူဆိုရင်လည်း သမီးဖြစ်သူ ကလေးမအေကို မကြာသေးမီကမှ ရန်ကုန်ဆီလွှတ်ထားရတာပါ။ ရွာမှာ အလုပ်အကိုင် နေ့တိုင်းမရှိတော့ သမီးမြို့တက်သွားတော့ မြေးဖြစ်သူကို မဖြူတယောက် ထိန်းရင်း နေ့စဉ်စာဝတ်နေရေးအတွက်လည်း ရင်မောရင်းပေါ့။ တကယ်ခက်ခဲလာရင်တကယ်ရင်မောရတာ ခက်ခဲဖူးသူတွေ ခံစားဖူးကြပါတယ်။
ဆယ်မိုင်လောက်ဝေးတဲ့ မြို့ကို ပြောင်းသွားတဲ့ ညီမတွေက ပံ့ပိုးလို့ မဖြူတို့ မိသားစု ဆန်ရိက္ခာ အတွက် အထိုက်အလျောက် ဖူလုံနေသေးပေမယ့် ရေရှည် စားဝတ်နေရေးအတွက် ယောက်ျားဖြစ်သူ အလုပ်ရဖို့ ရွာထဲ ခင်မင်ရာသူတွေဆီ အလုပ်စပ်(အလုပ်လုပ်စရာရှိရင် ခေါ်ဖို့ ဖိတ်ခေါ်တာ)ရင်း အိမ်လည်ရင်းနဲ့ ဘ၀အမော အထိုက်အလျောက်ဖြေလျှော့ဖြတ်သန်းနေရရှာတာပါ။
မဖြူတို့ မခင်အေးတို့ လိုမျိုး ကိုယ့်သားသမီးကို တနယ်တကျေး လွှတ်ရတဲ့မိဘတွေအများကြီးရှိသလို အရွယ်မရောက်သေးတဲ့ ကိုယ့်ရင့်သွေးငယ်ကို အဘိုးအဘွားနဲ့ ထားခဲ့ပြီး အဝေးထွက် အလုပ်လုပ်နေရတဲ့ လူငယ်လူရွယ် မိဘတွေလည်း အများကြီးပါပဲ။
တချို့က ရန်ကုန်၊ မန္တလေးလို့ မြို့ကြီးတွေဆီ၊ တချို့က တရုတ်၊ ထိုင်းနယ်စပ်ဒေသတွေဆီ၊ တချို့ကျတော့ ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံရပ်ခြားဆီ သွားနေကြရတာပါ။တချို့က ပိုမိုကြီးပွားတိုးတက်လိုလို့၊တချို့ကပိုကောင်းတဲ့အနာဂတ်ကြုံရဖို့၊ တချို့ကျ လတ်တလော စားဝတ်နေရေးပြေလည်စေဖို့အတွက် ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အိမ်နဲ့ ဝေးရာမှာ နေထိုင်ကြရတာပါ။
အိမ်ခြေ ရာဂဏန်းမပြည့်တဲ့ မခင်အေးတို့ ရွာမှာတင် သမီးလေးကို ထားပြီး မလေးရှားကို ထွက်သွားကြရတဲ့ မိဘတွေ၊ သားငယ်ကို ထားခဲ့ပြီး ရန်ကုန်အလုပ်သွားလုပ်တဲ့ မိခင်၊မိဘညီအကိုမောင်နှမတွေ ကိုခွဲပြီး မလေးရှားကို သွားရတဲ့ အထက်တန်းကျောင်းသား၊ မိသားစုဝမ်းရေးအတွက် တရုတ်ပြည်အလုပ်လုပ်နေတဲ့ မိန်းကလေးငယ် တော်တော်များများကို ရှိပါတယ်။
နိုင်ငံရပ်ခြားဆိုလို့ တရားဝင်သွားရတာမျိုးမဟုတ်ဘဲ အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင် သွားရောက်ကြရတဲ့ အလုပ်မျိုးပါ။ ဂျပန်၊ ကိုရီးယား နိုင်ငံတွေဆီ တရားဝင်သွားအလုပ်လုပ်ကြတဲ့ သူအချို့လည်း ရှိပေမဲ့ သူတို့က တောင်သူကြီး(ယာဧကအများအပြားပိုင်ဆိုင်တဲ့)မိသားစု ဒါမှမဟုတ် မြို့မှာရောက်နေတဲ့ ဆွေးမျိုးတွေရဲ့ ပံ့ပိုးမှုကြောင့် သွားရတာမျိုးပါ။ဒါဟာ အညာက ရွာငယ်ငယ်လေးတခုက နေရပ်စွန့် အဝေးကိုထွက်ခွာအလုပ်လုပ်ကိုင်ကြရတဲ့ ပမာဏ ဖြစ်ပြီး ရွာကြီးလေ အိမ်ခြေများလေ မြို့ပြနဲ့ နိုင်ငံရပ်ခြား ထွက်ခွာရတဲ့သူ ပိုများလေလို့ ခန့်မှန်းနိုင်ပါတယ်။
အခုအချိန်မှာတော့ စစ်သားစုဆောင်းခံရမှာ စိုးရိမ်လို့ နိုင်ငံရပ်ခြားသွားကြတဲ့ လူငယ်အချို့တောင် ရှိလာပါပြီ။ ဒါကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတဝန်း အရွယ်ရောက်တဲ့ သားရှင် မိဘတွေအများစု ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာကြီး တရပ်ဖြစ်ပါတယ်။
●စစ်အာဏာသိမ်းမှုနဲ့အတူဖြစ်ပေါ်လာတဲ့ ကိုယ်၊ စိတ်၊ ဘ၀ မလုံခြုံမှုတွေ
အရာရာရှားပါးတဲ့ အညာဒေသ(အညာဒေသတိုင်းကိုဆိုလိုတာမဟုတ်ဘဲ မြန်မာမှာသာမက ကမ္ဘာ့အပူဆုံးဒေသ)ဟာ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲဒဏ်တွေကို အခြား ဒေသတွေနည်းတူ တွေ့ကြုံခံစားကြရတာပါပဲ။
အာဏာမသိမ်းမီ ကာလတွေတုန်းက လမ်းဆိုလမ်း၊ လျှပ်စစ်မီးဆို လျှပ်စစ်မီး စတဲ့ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာတွေကိုလွှတ်တော်အမတ်တွေကတဆင့် ရရှိခံစားရတာ တောင်းဆိုနိုင်တာတွေ ရှိခဲ့ပါတယ်။ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊မသန်စွမ်း နဲ့ ကိုဗစ်ထောက်ပံ့ကြေးတွေ အစိုးရ ဆီက ရခဲ့ဖူးတဲ့ သူတွေအနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်း အပြောင်းအလဲကတော့ အရင်နဲ့ အတော်ကွာခြားသွားတာပါ။
သေနတ်သံတောင် အရင်က ကြားရလေ့မရှိခဲ့ဖူးတဲ့ အညာဒေသခံ ရွာသူရွာသားတွေဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းတဲ့ဒေသတွေ အဖြစ် ပြောင်းပြီး ဗုံးသံ အမြောက်သံ၊ လေယာဉ်သံတွေတောင် ကြားလာရတာမျိုးပါ။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးတာ၊ ရွာတွေမီးရှို့တာ၊ စစ်ရှောင်ရတာ၊ နေအိမ်က ပစ္စည်းတွေအတင်း လုယူ ခိုးယူတာ၊ စစ်တပ်စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ် လမ်းပြလုပ်ခိုင်းတာ၊ လူဖမ်းငွေညှစ်ခံရတာ၊ ပေါ်တာဆွဲခံရတာ စတာတွေကို အခြားဒေသတွေလို အညာမှာလည်း ကြုံရပါတယ်။
သေနတ်သံကြားရင် ကြောက်လန့်နေရတဲ့ အခြေအနေကနေ ဗုံးသံ၊ လက်နက်ကြီးသံ၊ စက်သေနတ်သံတွေ ကြားရင်တောင် အလုပ်အကိုင် မပျက်တဲ့ အခြေအနေမျိုးထိ စစ်ရေးပဋိပက္ခဟာ နေ့စဉ်ဘ၀နဲ့ ရင်းနီးလာကြပါတယ်။
ကျန်းမာရေးကိစ္စ အသွားအလာခက်တော့ အရင်ထက်ပိုခက်လာသလို ကလေးငယ်တွေ ရောဂါကာကွယ်ဆေးထိုးတာတောင် ပုံမှန်မရှိတော့ပါဘူး။ ကလေးတွေ ပညာရေးကတော့ ကျောင်းတွေ ဖွင့်လိုက် ပိတ်လိုက်ပါပဲ။ သေနတ်သံတွေကို ကလေးငယ်တွေတောင် သိပ်မကြောက်တော့သလို အသားကျလာရတာပါ။
အညာဒေသခံတွေအထူးသဖြင့် အညာသားလူငယ်လူရွယ်တွေဟာလည်း အခြားဒေသတွေနည်းတူအာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ဆုံရမှာ ကြောက်ရွံ့ထိတ်လန့်ကြရတယ်။ ပစ်ခတ်သတ်ဖြတ်သွားမလား၊ လူသားဒိုင်းအဖြစ်သုံးမလား၊ ပေါ်တာဆွဲစစ်သားလုပ်ခိုင်းမလား စတဲ့ အခြေအနေတွေ မကြုံရဖို့ အညာသားတွေ မလိုအပ်ဘဲ ရွာအပြင် မထွက်ကြသလို စစ်ကြောင်းလာတယ်ဆိုတဲ့ သတင်းတွေကြားရင်လည်း ထွက်ပြေးတိမ်းရှောင်ကြရတာပါပဲ။ တချို့ရွာသားတွေဆို ရွာနဲ့ သိပ်မဝေးတဲ့ ကားလမ်းမဆီကို မရောက်တာ နှစ်ချီကြာနေတဲ့အထိ စစ်တပ်ရန်ကို ရှောင်ရှားကြပါတယ်။
တဖက်မှာလည်း မြို့ပြဆီမှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေလုပ်ကြတဲ့သူအချို့လည်း ရွာကို ပြန်မလာရဲကြတော့ပါဘူး။ စစ်တပ်လက်အောက်ခံတွေနဲ့ ဆက်နွယ်သူအချို့လည်း ရွာမှာမနေရဲဘဲ ပြောင်းရွှေ့သွားကြတာမျိုးရှိတော့ ရွာတွေဟာ တစတစ ပိုခြောက်ကပ်လာပါတော့တယ်။
ဒီလို အရာရာရှားပါး အန္တရာယ်များတဲ့ အရပ်မှာ နေသင့်ကြရဲလားမေးရင် ဖြေဖို့တော့ ခက်ကြမှာပါ။ ဒီမှာ မနေရင် ဘယ်မှာ နေကြမလဲ မေးခွန်းအတွက် ရွေးချယ်စရာနည်းတဲ့ နွမ်းပါးသူတွေမှာ ဖြေစရာရှားမှာပါ။ဒါပေမဲ့ မခင်အေးတို့ရွာမှာရှိတဲ့ အိမ်ခြေ စုစုပေါင်းရဲ့ ၈ပုံ ၁ပုံဟာ လူနေထိုင်တာ မရှိတော့ဘဲ ပိတ်ထားတဲ့အိမ်အလွတ်တွေ ဖြစ်နေသလို ကျန်နေတဲ့ အိမ်အများစုမှာလည်း မိအိုဖအိုအချို့ ကလေးငယ်အချို့ သာ ကျန်နေကြတာပါ။ လူငယ်လူရွယ်အတော်ရှားတဲ့ အရပ်ဖြစ်နေပါပြီ။
မခင်အေးကတော့ သူ့သမီး ကျောင်းမနေရဘဲ အခုလို အလုပ်လုပ်ထွက်ရတာ ကိုဗစ်နဲ့ ကိုစစ်ကြောင့်လို့ အရပ်ထဲမှာ ပြောနေကျ စကားကို ပြောပါတယ်။ ကိုဗစ် ကပ်ရောဂါကာလမှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကတော့ အညာသူအညာသားတွေသာမက တနိုင်ငံလုံးက ပြည်သူလူထုတွေရဲ့လူမှုဘ၀ကို ဆင်းရဲတွင်းဆီ နက်သထက်နက်အောင် တွန်းပို့လိုက်တာပါပဲ။
ဆင်းရဲခြင်းကို ပိုဆိုးရွားစေတဲ့ဇစ်မြစ်ပြဿနာကို အဖြေရှာနိုင်မှသာ နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြေရှာနိုင်မယ့် လမ်းစ တွေ့နိုင်မှာကိုတော့ မခင်အေးတယောက် တွေးနေမိမယ်မထင်ပါဘူး။
မခင်အေး တွေးနေတာ ပြောပြတာကတော့ အဝေးရောက်တာ မကြာသေးတဲ့ သမီးဖြစ်သူကို သတိရကြောင်း လွမ်းနေကြောင်းပါပဲ။
သိပ်မကျယ်ဝန်းလှတဲ့ အိမ်ခြံဝန်းငယ်ထဲက မပျက်ပြယ်သေးတဲ့ သမီးကြီးရဲ့ ဖိနပ်ခြေရာ ရှိကြောင်း အသိပေးရင်း အခုလို ရေရွတ်လိုက်ပါတယ်။
“ဖိနပ်ခြေရာကြီးကို ကြည့်ပြီးငိုချင်တယ်”

















































